Toyota Land Cruiser (Bullet Proof) ယာဉ်(၆) စီးဝယ်ယူရာတွင် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ရရှိရေးအား ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်

0

Full article

နိုင်ငံတော်အကြီးအကဲများနှင့် နိုင်ငံတော်အဆင့်ဧည့်သည်တော်များ၏ ပြည်တွင်းခရီးစဉ်များတွင်အသုံးပြုရန်အတွက် Toyota Land Cruiser (Bullet Proof) မော်တော်ယာဉ်(၆) စီးဝယ်ယူရာတွင် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်ခွန် ကင်းလွတ်ခွင့်ရရှိရေးအတွက် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုဆုံးဖြတ်ချက်ရယူခြင်းကိစ္စနှင့်စပ်လျဉ်းပြီး ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုဝန်ကြီးမှ ရှင်းလင်းပြောကြားကာ လွှတ်တော်၏ အတည်ပြုဆုံးဖြတ်ချက်ကို ရယူခဲ့ကြောင်းသိရသည်။


“ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန (ECC) မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဝယ်ယူထားသော Mercedes အမျိုးအစား Bullet Proof မော်တော်ယာဉ်များသည်  Saloon အမျိုးအစားမော်တော်ယာဉ်များဖြစ်သဖြင့် ၎င်းယာဉ်များသည် နိုင်ငံတော်အဆင့်အခမ်းအနားများနှင့် နိုင်ငံတော်အဆင့်အစည်းအဝေးများတွင် နိုင်ငံတော်အကြီးအကဲများနှင့် နိုင်ငံတော်အဆင့်ဧည့်သည်တော်များ အတွက်အသုံးပြုသည့် အဆောင်အယောင်ယာဉ်များဖြစ်ပြီး ခရီးသွားယာဉ်အဖြစ်သုံးရန်မသင့်တော်သည့်ယာဉ်များဖြစ်ကြောင်း၊ ယခုဝယ်ယူမည့် Toyota Land Cruiser (Bullet proof) ယာဉ်များသည် ခရီးသွားယာဉ်များအဖြစ်အသုံးပြုမည့်ယာဉ်များဖြစ်ပြီး နိုင်ငံတော်အကြီးအကဲများ၊ နိုင်ငံတော်အဆင့်ဧည့်သည်တော်များနှင့် နိုင်ငံ့အကြီးအကဲများ၏ ပြည်တွင်းခရီးစဉ်များတွင် အသုံးပြုသွားမည်ဖြစ်သည့်အပြင် လိုအပ်လျှင်အချိန်နှင့်တစ်ပြေးညီအရံယာဉ်အဖြစ် လှဲလှယ်အသုံးပြုနိုင်ရန်ထားရှိရန်အတွက် စုစုပေါင်း (၆) စီးဝယ်ယူရခြင်းဖြစ်ကြောင်း၊ အဆိုပါယာဉ်များကို မိမိတို့အစိုးရလက်ထက် အတွင်းအသုံးပြုသွားမည့်အပြင် နောင်လာမည့်ရွေးချယ်တင်မြှောက်ခံအစိုးရနှင့် နိုင်ငံတော်အကြီးအကဲများအတွက်ပါ အသုံးပြုသွားမည့်ယာဉ်များဖြစ်ကြောင်း၊ ဂျာမနီနိုင်ငံထုတ် Mercedes (Bullet Proof) ယာဉ်များကိုဝယ်ယူရန်စဉ်းစားသင့်ကြောင်း အကြံပြုတင်ပြချက်များရှိသော်လည်း Mercedes (Bullet Proof) ယာဉ်တန်ဖိုးသည် အခွန်အခမပါ အမေရိကန်ဒေါ်လာ ၂၇၄,၅၀၀ ခန့်ကျသင့်မည်ဖြစ်ပြီး၊ Toyota Land Cruiser (Bullet Proof) ယာဉ်တန်ဖိုးသည် အခွန်အခမပါ အမေရိကန်ဒေါ်လာ ၁၂၂,၆၅၃ ခန့်သာကျသင့်မည်ဖြစ်သဖြင့် ဈေးနှုန်းမှာထက်ဝက်ခန့်ကွာဟနေကြောင်း၊ ထို့အပြင် Mercedes (Bullet Proof) ယာဉ်အပိုပစ္စည်းများသည် မှာယူရန်ခက်ခဲပြီး ဈေးနှုန်းလည်းကြီးမြင့်သည့်အနေအထားရှိကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်ဘဏ္ဍာချွေတာသည့်အနေဖြင့် Mercedes (Bullet Proof) ယာဉ်ထက် ဈေးနှုန်းသက်သာပြီး၊ ယာဉ်အပိုပစ္စည်း လွယ်ကူစွာရရှိနိုင်သည့် ဂျပန်နိုင်ငံထုတ် Toyota land Cruiser (Bullet Proof) ယာဉ်အမျိုးအစားကိုသာ ဝယ်ယူရခြင်းဖြစ်ကြောင်း”

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင်ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေး တွင်ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် Toyota Land Cruiser (Bullet Proof) ယာဉ်(၆) စီးဝယ်ယူရာတွင် ကျသင့်မည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်အတွက်  လွှတ်တော်၏ အဆုံးအဖြတ်ကို မဲခွဲရယူခဲ့ရာ ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၅၉၆ ဦးအနက်၊ ထောက်ခံဆန္ဒမဲ ၃၅၉ မဲ၊ ကန့်ကွက်မဲ ၁၈၈ မဲ၊ ကြားနေဆန္ဒမဲ ၃ မဲ ဖြင့် ထောက်ခံအတည်ပြုဆုံးဖြတ်ခဲ့သည်။

Author