Toyota Land Cruiser (Bulletproof) ယာဉ် ၆ စီးဝယ်ယူရာတွင် ကုန်သွယ်ခွန်နှင့် အထူးကုန်စည်ခွန်ကင်းလွတ်ခွင့်ရရှိရန် ပြည်ထောင်စုလွှတ်တော်တွင်တင်ပြ

0

Full article

နိုင်ငံတော်အကြီးအကဲများနှင့် နိုင်ငံတော်အဆင့် ဧည့်သည်တော်များ၏ခရီးစဉ်များတွင်အသုံးပြုရန်အတွက် Toyota Land Cruiser (Bulletproof) ယာဉ် ၆ စီးဝယ်ယူတင်သွင်းရာတွင် ကျသင့်မည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ရရှိနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်၏အတည်ပြုချက်ရယူပေးနိုင်ရန် ရှင်းလင်းတင်ပြဆွေးနွေးခဲ့သည်။


နိုင်ငံတော်အကြီးအကဲများနှင့် နိုင်ငံတော်အဆင့် ဧည့်သည်တော်များ၏ ခရီးစဉ်များတွင် လုံခြုံရေးအတွက် အသုံးပြုရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဗဟိုစက်ပစ္စည်းနှင့် စာရင်းအင်းစစ်ဆေးရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းအသုံးစရိတ်မှ ဘဏ္ဍာရန်ပုံငွေ ကျပ် ၁၂၄၉.၉၉၈ သန်းကို ခွင့်ပြုထားရှိပြီးဖြစ်ကြောင်း၊ အဆိုပါ မော်တော်ယဉ် ၆ စီးကို ဝယ်ယူရာတွင် ဂျပန်နိုင်ငံရှိမော်တော်ယာဉ်ထုတ်လုပ်သည့်စက်ရုံမှ တိုက်ရိုက်မှာယူမည်ဖြစ်ပြီး ရန်ကုန်ဆိပ်ကမ်းအရောက်တန်ဖိုး (CIF) ရန်ကုန်ဈေးနှုန်းနှင့် တိုက်ရိုက်မှာယူသည့်စနစ်ဖြင့် မှာယူသွားမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ဝယ်ယူခြင်းဖြင့် နိုင်ငံတော်အကြီးအကဲများ၏ ပြည်တွင်းခရီးစဉ်များတွင် လုံခြုံစိတ်ချမှုနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အသုံးပြုနိုင်ခြင်း၊ နိုင်ငံတော်အဆင့် ဧည့်သည်တော်များ၏ ပြည်တွင်းခရီးစဉ်များတွင်လည်း နိုင်ငံတော်ဧည့်ယာဉ်အဖြစ်အသုံးပြုမည်ဖြစ်ကြောင်း၊ ဝယ်ယူမည့်မော်တော်ယာဉ်အမျိုးအစားမှာ Toyota Land Cruiser (Bulletproof) 2019 Model နှင့် 2020 Model တို့ဖြစ်ပြီး စုစုပေါင်း ၆ စီးဝယ်ယူမည်ဖြစ်ကြောင်း၊ ရန်ကုန်ဆိပ်ကမ်းအရောက်တန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ ၇.၃၅၉၂ သိန်း ကျသင့်မည်ဖြစ်ကြောင်း စသဖြင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းမှ ၂၀၁၉၊ ဒီဇင်ဘာလ၊ ၅ရက်နေ့တွင်ပြုလုပ်ခဲ့သော ဒုတိယအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်၊ (၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ရှင်းလင်းတင်ပြခဲ့သည်။


အဆိုပါယာဉ် ၆ စီးအပေါ်ကျသင့်မည့် အထူးကုန်စည်ခွန်မှာ အမေရိကန်ဒေါ်လာ ၃.၆၇၉၆ သိန်းနှင့် ကုန်သွယ်လုပ်ငန်းခွန်မှာ အမေရိကန်ဒေါ်လာ ၀.၅၅၁၉ သိန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄.၂၃၁၅ သိန်း ကျသင့်မည်ဖြစ်သောကြောင့် အဆိုပါ အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်တို့ကို ကင်းလွတ်ခွင့်ပေးပါရန် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုချက်ရယူရန် ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်သည်။

Author