ယာဉ်မရပ်ရသတ်မှတ်ထားသောနေရာများနှင့် စည်းကမ်းမဲ့ ရပ်နားထားသောယာဉ်များ ကရိန်းကားဖြင့်ဆွဲ၍ ထိရောက်စွာ အရေးယူမှု စတင်မည်

0

Full article

ရန်ကုန်တိုင်းအတွင်း ဖြူနီကျားတွင် ရပ်နားထားသောကားများ၊ ယာဉ်မရပ်ရပ်နေရာများ နှင့် စည်းကမ်းမဲ့ ရပ်နားထားသောယာဉ်များကို ကရိန်းကားဖြင့်ဆွဲ၍ ထိရောက်စွာ အရေးယူမှုများ စတင်ပြုလုပ်တော့မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးကနေ သိရသည်။

ရန်ကုန်မြို့အတွင်း ယာဉ်မရပ်ရနေရာများတွင် ရပ်နားထားသောယာဉ်များ၊ ယာဉ်နှစ်ထပ်ရပ်တန့်ထားသော ယာဉ်များ၊ ဖြူနီကျားရေးဆွဲထားသည့် နေရာများတွင် ရပ်နားထားသောယာဉ်များနှင့် အချက်ပြမီးပွိုင့်ဧရိယာအတွင်းနှစ် ထပ်ရပ်ထားသောယာဉ်များကို မော်တော်ယာဉ် ဥပဒေအတိုင်း ထိရောက်စွာ အရေးယူဆောင်သွားတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီက အသိပေးကြေငြာ ထားရှိပြီး ဖြစ်သည်။

"ယာဉ်မရပ်ရနေရာတွေမှာ ရပ်နားတာတွေကို ထိထိရောက်ရောက် သတ်မှတ်ရာမှာ စည်းကမ်းမဲ့ရပ်နားထားသော ကားတွေနဲ့ ဖြူနီကျားမှာရပ်တဲ့ကားတွေလည်း ထိထိရောက်ရောက် အရေးယူဖို့ လုပ်နေတယ်။ ဖမ်းဆီးစစ်ဆေး အရေးယူတာတွေလုပ်တော့မှာပါ။ အဖွဲ့တွေနဲ့ အရေးယူတာတွေ လုပ်မှာပါ။ "ဟု ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းတွင် အများပြည်သူသုံး လမ်းမကြီးများတွင် စည်းကမ်းမဲ့ရပ်နားထားသော ကားများနှင့် အိုဟောင်း ပျက်စီးနေသော ကားများကိုလည်း ဇန်နဝါရီလအကုန်အပြီး ရွေ့ပြောင်းထားရှိရမှာဖြစ်သည်ဟု ကြေငြာထားရှိပြီး ကရိန်းယာဉ်ဖြင့် ဆွဲယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

R-01

Author