တစ်ဦးချင်းပိုင်ယာဉ်လိုင်းများကို လက်ရှိယာဉ်လိုင်းမှ အခြားယာဉ်လိုင်းသို့လမ်းကြောင်းပြောင်း ပြေးဆွဲခွင့်မပြုရန် လုပ်ဆောင်မည်

0

Full article

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည့် ခရီးသည်တင် YBS တစ်ဦးချင်းပိုင် ပုဂ္ဂလိကယာဉ်လိုင်းများအား လက်ရှိပြေးဆွဲနေသော ယာဉ်လိုင်းမှ အခြားယာဉ်လိုင်းသို့လမ်းကြောင်းပြောင်း ပြေးဆွဲခွင့်မပြုရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့ (YRTA) မှသိရသည်။

ခရီးသည်တင် တစ်ဦးချင်းပုဂ္ဂလိက YBS ယာဉ်လိုင်းများကို ယာဉ်လိုင်းတစ်ခုမှ တစ်ခုသို့ပြောင်းလဲခြင်း၊ ယာဉ်လိုင်းလမ်းကြောင်းပြောင်းလဲခြင်းများအား YRTA ထံလျှောက်ထားလာပါက ခွင့်ပြုဆောင်ရွက်ပေးတော့မည်မဟုတ်ဘဲ လုပ်ငန်းလိုင်စင်သက်တမ်းတိုးလုပ်ဆောင်ခြင်းများကိုလည်း ကုမ္ပဏီယာဉ်လိုင်းများနှင့်ပူးပေါင်း၍ လုပ်ဆောင်ရန်သတ်မှတ်ထားရှိသည်။

"တစ်ဦးချင်းပိုင်ယာဉ်လိုင်းတွေကို တဖြည်းဖြည်းပပျောက်အောင်လုပ်ဆောင်သွားမယ်။ တစ်ဦးချင်းပိုင်ယာဉ်လိုင်းတွေက သိတဲ့အတိုင်းပဲ၊ စည်းကမ်းဖောက်ဖျက်တာလည်း အများဆုံးဖြစ်နေတယ်။ ဒါကြောင့် တစ်ဦးချင်းပိုင်ယာဉ်လိုင်းတွေကို ယာဉ်လမ်းကြောင်းပြောင်းလဲပြေးဆွဲဖို့ တင်ပြလာရင် ခွင့်ပြုတော့မှာမဟုတ်ဘူး။ ယာဉ်လိုင်းကုမ္ပဏီတွေကနေတစ်ဆင့် လုပ်ငန်းလိုင်စင်သက်တမ်းတိုးလုပ်တာတွေ၊ စည်ကမ်းတကျသွားလာဖို့လုပ်တာတွေကို ကုမ္ပဏီယာဉ်လိုင်းတွေက အဓိက တာဝန်ယူတာတွေလုပ်ရမယ်။" ဟု အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့ (YRTA) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့သယ်ယူပို့ဆောင်ရေး YBS စနစ်တွင် တစ်ဦးချင်းပိုင်စနစ်မှ အများပိုင်စနစ်သို့ ပြောင်းလဲရန်၊ မဖြစ်မနေလုပ်ဆောင်သွားရန် ပြောင်းလဲမှုများပြုလုပ်နေရာ ယာဉ်စီးခပေးချေသည့် ကတ်စနစ်ကိုလည်း မကြာခင်စတင်သွားမည်ဖြစ်ပြီး လက်ရှိတွင် မြို့တွင်းခရီးသည်တင် ယာဉ်လိုင်းပေါင်း ၁ဝဝ နှင့် ကားအစီးရေ ၆ဝဝဝ ခန့် ပြေးဆွဲနေလျက်ရှိကြောင်းသိရသည်။

Author

Comments