၂၂၊ ဇန်နဝါရီ၊ ၂၀၂၀ - ရန်ကုန်မြို့၊ အင်းလျားကန်ဟိုတယ်ဝင်းအတွင်းရှိ YCC (Yangon Convention Centre) တွင် ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့မှ ၂၃ ရက်အထိ ပြုလုပ်ကျင်းပသွားမည့် ဒုတိယအကြိမ်မြောက် 2020 Yangon International Motor Show အတွက် သတင်းစာရှင်းလင်းပွဲကို Novotel Yangon Max ဟိုတယ်၌ကျင်းပပြုလုပ်ခဲ့သည်။


Yangon International Motor Show သည် GPI Myanmar နှင့် AAM (မြန်မာနိုင်ငံမော်တော်ယာဉ်အသင်း) တို့ပူးပေါင်းစီစဉ်တင်ဆက်သည့်ပွဲဖြစ်ပြီး အဆိုပါပွဲနှင့်ပတ်သက်၍ AAM (မြန်မာနိုင်ငံမော်တော်ယာဉ်အသင်း) ၏ ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ဝင်းမှ
"ယမန်နှစ်ကကျင်းပခဲ့တဲ့ ပထမအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာကားပြပွဲကြီးမှာ Brand ခြောက်ခုပဲဝင်ရောက်ပြသခဲ့ပြီး အခက်အခဲ၊ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဒီလိုအပြည်ပြည်ဆိုင်ရာအဆင့်ရှိတဲ့ ကားပြပွဲမျိုးကို မကြာခဏမြင်တွေ့ရဖို့မလွယ်ကူဘူးလို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ ယခုဒီတစ်ကြိမ်မှာလည်း ထိုင်းနိုင်ငံက Grand Prix International Co., Ltd. နဲ့ထပ်မံပူးပေါင်းခဲ့ပါတယ်။ GPI ကကမ္ဘာပေါ်မှာ ထိပ်တန်း top 5 စာရင်းမှာရှိတဲ့ organizer လည်းဖြစ်ပါတယ်။ ဒီတစ်ကြိမ်ကတော့ Brand တစ်ဆယ့်ငါးခုအထိ ပါဝင်လာမှာဖြစ်လို့ အရင်နှစ်ကထက်ပိုပြီး စိတ်လှုပ်ရှားစရာကောင်းပါတယ်။" ဟု သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။



ဒုတိယအကြိမ်မြောက်ကျင်းပမည့် Yangon International Motor Show တွင် BMW ၊ Brilliance ၊ DFM ၊ Ford ၊ Fuso ၊ GAC ၊ Jaguar ၊ Land Rover ၊ Mazda ၊ Mercedes-Benz ၊ Nissan ၊ Scania ၊ Suzuki ၊ Toyota နှင့် Volvo အမှတ်တံဆိပ်များ ဝင်ရောက်ပြသရောင်းချသွားမည်ဟုလည်းသိရသည်။