Porsche မှ $150,900 တန် Taycan Turbo electric sedan ကိုဖွင့်ထုတ်ပြသ

0

Full article

ဂျာမနီမှ နာမည်ကျော် Porshce ဟာ အမေရိကန်ဒေါ်လာ တစ် လီလီယံထက်မနည်းတဲ့ ရင်းနှီးမြှုပ်နှံငွေတွေကို သူတို့ရဲ့ ပထမဆုံးသော လျှပ်စစ်ကားစီမံကိန်းအတွင်း ရင်းနှီးမြှုပ်နှံလိုက်ပါတယ်။ ချောမွတ်တောက်ပြောင်လှတဲ့ တံခါးလေးပေါက်ပါ အလုံးစုံ လျှပ်စစ်ကား နမူနာဟာ ကမ္ဘာ့မော်တော်ယာဉ်လောကအတွက် Porsche ရဲ့ ကဏ္ဍသစ်တစ်ခုဖွင့်လှစ်လိုက်ခြင်းဖြစ်သလို မျိုးဆက်တစ်ခုထက်ပိုတဲ့ အကြီးမားဆုံးသော အလောင်းအစား စွန့်စားမှုလို့လည်း ဆိုလို့ရပါတယ်။

Porshce ဟာ သူတို့လေးနှစ်ကျော် တည်ဆောက်ခဲ့ကြတဲ့ ထုတ်ကုန်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက် ဗုဒ္ဓဟူးနေ့အတွင်း ကနေဒါ၊ တရုတ်နဲ့ ဂျာမနီနိုင်ငံတွေမှာ တစ်ပြိုင်နက်ပွဲတွေကျင်းပပြီး မိတ်ဆက်ပြသလိုက်ပါတယ်။ မိတ်ဆက်လိုက်တာမှ တစ်စီးထဲတောင်မဟုတ်ပါဘူး။ နှစ်စီးတောင်မှပါ။

တစ်စီးက Porsche Taycan Turbos S ဖြစ်ပြီး နောက်တစ်စီးကတော့ Porsche Taycan Turbo ဖြစ်ပါတယ်။ နှစ်စီးစလုံးဟာ စတိုင်ကျလှပပြီး၊ စွမ်းဆောင်ရည်နဲ့ ပါဝါကတော့ ဂျာမန်မော်တော်ယာဉ် ထုတ်ကုန်တွေမှာ အားလုံးကမျှော်လင့်ကြတဲ့အတိုင်း အင်အားပြည့်ဝပြီး လျှပ်စစ်စွမ်းအင်သုံးကားတွေဖြစ်ကြပါတယ်။ Range ကတော့ 250-mile ကနေ 280-mile အကြားရရှိနိုင်တယ်လို့ဆိုပါတယ်။ ဒါဟာ လျှပ်စစ်ကားတွေမှာ ဘုရင်လို့ဖြစ်နေတဲ့ Tesla ရဲ့ အကောင်းဆုံး Range တွေကိုမမီပေမဲ့ သူ့နောက်မှလိုက်နေတဲ့ Jaguar I-Pace တို့ Kia e-Niro တို့ Hyundai Kona Electric တို့ Mercedes-Benz EQC တို့ဝန်းကျင်မှာရှိနေတဲ့အတွက် လက်ခံလို့ရတဲ့ Range ပါပဲ။ ပြောရမယ်ဆိုရင် Audie e-tron ထက်တောင်မှ သာတဲ့အနေအထားမှာရှိပါတယ်။

နှစ်စီးစလုံးဟာ ပိုပြီးအားကောင်းသလို ဈေးနှုန်းကလည်း အမြင့်စားပါပဲ။ Taycan Turbos S ရဲ့ အခြေခံဈေးနှုန်းက $185,000 နဲ့ဖြစ်ပြီး Taycan Turbo ကတော့ $150,900 ပါ။

Porsche ဟာ ဒီ လျှပ်စစ် Taycan တွေကို မိတ်ဆက်ပွဲပြုလုပ်ရာမှာ ကနေဒါ၊ ဂျာမနီနဲ့ တရုတ်ကို ရွေးချယ်ခဲ့တဲ့အပေါ်မှာ ဈေးကွက်သဘောတရားအပြင်ကိုမှ အခြားအရာတွေကိုလည်း ထည့်သွင်းတွက်ချက်ထားပုံရပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လောင်စာဆီချွေတာရေးစတဲ့ရည်ရွယ်ချက်တွေကိုပေါ့။ ကနေဒါမှာလုပ်တဲ့ပွဲဆိုရင် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်တဲ့ Niagara ရေတံခွန်နားမှာဖြစ်ပြီး ဂျာမနီမှာဆိုရင်တော့ ဘာလင်နားမှာရှိတဲ့ Neuhardenberg solar park နားမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာဆိုရင်လည်း Fuzhou မြို့နဲ့သိပ်မဝေးတဲ့ လေအားလျှပ်စစ်ထုတ်လုပ်ရေးရှိရာ Pingtan ကျွန်းမှာကျင်းပခဲ့တာပါ။ ဒါဟာ Porsche ရဲ့လျှပ်စစ်စွမ်းအင်သို့ ကူးပြောင်းရေးအတွက် ရုပ်ပိုင်းဆိုင်ရာ ပြယုဂ်လို့လည်း ပြောနိုင်တာပေါ့။

မိတ်ဆက်ပြသပွဲအတွင်း Porsche AG ရဲ့ အရောင်းနှင့်ဈေးကွက်ရှာဖွေချဲ့ထွင်ရေး ဘုတ်အဖွဲ့ဝင် Detlev von Platen က

“ဒီ Taycan တွေဟာ Porsche ကို Porsche အတိုင်းပဲတည်ရှိနေစေဖို့ လိုအပ်တဲ့ပြောင်းလဲမှုကို ပြသလိုက်တာပါပဲ”

လို့တောင်မှ ဆိုခဲ့တာပါ။ Platen ရဲ့အဆိုအရဆိုရင် Porsche ရဲ့ Taycan ကပထမဆုံးခြေလှမ်းသာဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာတော့ Porsche ရဲ့ ထုတ်ကုန်တွေအားလုံးကို လျှပ်စစ်ကားအဖြစ်ပြောင်းလဲထုတ်လုပ်တော့မှာလို့လည်း သိရပါတယ်။ ဒါ့အပြင် Taycan တွေထက် ပါဝါနည်းတဲ့ all-wheel drive မော်တော်ယာဉ်တွေလည်း ဒီနှစ်အတွင်းမှာပဲ Porsche ကနေ ဆက်လက်ထုတ်လုပ်သွားဖွယ်ရှိပြီး Taycan Cross Turismo ကလည်း လျှပ်စစ်ကားအဖြစ်နဲ့ ၂၀၂၀ မှာ ထွက်ရှိလာဦးမှာပါ။

Taycan တွေဟာ ကမ္ဘာကျော်ဂျာမန်မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီရဲ့ သွားမယ့်လမ်းကြောင်းအသစ်ကို ဖေါ်ညွှန်းရုံသာမက ဒီလိုထုတ်လုပ်ခြင်းအတွက်လည်း Porsche မှာ ဘယ်လိုအမှားအယွင်းမျိုးမှ ရှိမနေခဲ့ပါဘူး။ Taycan တွေရဲ့ ကိုယ်ထည်အချိုးဟာ လုံးဝကို Porsche စစ်စစ်မှန်း သိသာလှတာတွေ့ရပြီး 911 ထက်ပိုကြီးကာ Panamera ထက်ပိုသေးပါတယ်။ Taycan တွေရဲ့ပုံစံဟာ ကျယ်ပြီး တောင်ပံကောက်ကြောင်းတွေနဲ့ ခပ်ဝပ်ဝပ်ပုံစံမှာရှိတယ်။ ဂန္ထဝင် Porsche ရဲ့အနောက်ပိုင်းကို စောက်နက်နက်ဆင်းသွားတဲ့အမိုးဟာ sporty ဆန်ပြီး လှပပါတယ်။

မောင်းနှင်မှုအတွက်ပြောမယ်ဆိုရင် Porsche Taycan Turbo S ရော Porsche Taycan Turbo မှာရော လျှပ်စစ်မော်တာနှစ်လုံးစီပါတယ်။ တစ်လုံးက အရှေ့ ဝန်ရိုးမှာရှိပြီး နောက်တစ်လုံးကတော့ အနောက်ဝန်ရိုးအတွက်ပါ။ 800-volt ဗိသုကာနဲ့တည်ဆောက်ထားတာဖြစ်ပြီး Le Mans ပြိုင်ပွဲမှာ သုံးကြိမ်တိုင် အနိုင်ရခဲ့တဲ့ 919 Hybrid ရဲ့နည်းပညာအတိုင်းအသုံးပြုထားတာပါ။

မြန်နှုန်းပိုင်းအရကြည့်မယ်ဆိုရင် အမြင့်ကားဖြစ်တဲ့ Turbo S ဟာ အမြင့်ဆုံးပါဝါထုတ်လွှတ်မှုအနေနဲ့ 750hp အထိထွက်ရှိမှာဖြစ်ပြီး 0-60mph အမြန်နှုန်းကိုရရှိဖို့ 2.8-second သာကြာမှာဖြစ်ပါတယ်။ Taycan Turbo ကတော့ အမြင့်ဆုံးပါဝါထုတ်လွှတ်မှုအနေနဲ့ 670hp အထိရရှိမှာဖြစ်ပြီး 0-60mph အတွက်တော့ 3-second ကြာမြင့်မှာပါ။ အမြင့်ဆုံးအမြန်နှုန်းအတွက်ကတော့ နှစ်စီးစလုံးက အတူတူပါပဲ။ 161mph အထိ မောင်းနှင်နိုင်ကြမှာပါ။

တစ်ခါအားသွင်းပြီး ဘယ်လောက်အကွာအဝေးမောင်းလို့ရမလဲဆိုတဲ့အပေါ်မှာတော့ မြောက်အမေရိကဈေးကွက်အတွက် EPA range ခန့်မှန်းတွက်ချက်မှုအတွက်တော့ ခဏစောင့်ရဦးမှာပါ။ ဥရောပရဲ့ WLTP ခန့်မှန်းတွက်ချက်မှုကတော့ ထွက်နေပါပြီ။ တွက်ချက်မှုအရဆိုရင် Taycan Turbo S ဟာ တစ်ခါအားအပြည့်သွင်းထားရင် 256 miles မောင်းနှင်နိုင်ပြီး Taycan Turbo ကတော့ 280 miles မောင်းနှင်နိုင်တယ်လို့ဆိုပါတယ်။

Ref: Porsche unveils the $150,900 Taycan Turbo electric sedan by Kirsten Korosec

Author

Comments