Full article

**ရန်ကုန်၊ ဧပြီ ၂၂**

ပါမစ်သက်တမ်းကုန် ကားများကို သုံးလကျော်သည်အထိ ထုတ်ယူခွင့်မပေးသောကြောင့် ရှုပ်ထွေးမှုများ ပိုများလာပြီး နစ်နာမှုများရှိနေကြောင်း ကားတင်သွင်းသူများက ဆိုသည်.။

အကောက်ခွန် ဦးစီးဌာနမှ ဇန်နဝါရီလ ဒုတိယပတ်မှစ၍ ပါမစ်သက်တမ်း ကုန်ဆုံးသွားသော ကားများကို ထုတ်ယူခွင့်မပေးတော့သဖြင့် ဆိပ်ကမ်းများ၌ အစီးတစ်ထောင်ကျော်အထိ ပိတ်မိနေကြောင်း သိရသည်.။ အကောက်ခွန်ဦးစီးဌာနမှ အဆိုပါကိစ္စကို မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာ ကြီးကြပ်ရေးကော်မတီထံ တင်ပြထားသော်လည်း တိကျသည့် အဖြေတစ်ခု ထွက်မလာသောကြောင့် အချိန်ကြာမြင့်လာသည်နှင့်အမျှ ပိုမိုရှုပ်ထွေးလာမည်ဖြစ်ကြောင်း ကားတင်သွင်းသူများက ဆိုသည်.။

အကောက်ခွန်ဦးစီးဌာနက ပါမစ်သေတဲ့ ကားတွေကို ၁၅/၂ဝ၁၄ ဒဏ်ကြေးနဲ့ ထုတ်ပေးမယ်ဆိုတာလည်း ဟိုနေ့ရမယ်၊ ဒီနေ့ရမယ်နဲ့ ထုတ်မပေးဘူးလို့တော့ မပြောပေမယ့် အခုထိတော့ မရသေးပါဘူး၊ ပါမစ်အသစ်လျှောက်ပြီး ထုတ်ခွင့်ပေးမယ်ဆိုရင်လည်း ဒီနှစ်မှာ တင်သွင်းခွင့်မရှိတော့တဲ့ ကားတွေကျတော့ ဘယ်လိုမှလုပ်ယူလို့ မရတော့ပါဘူး၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ယာဉ်ပိုင်ရှင်တွေအတွက် နစ်နာမှုတွေ ရှိနေလို့ သက်ညှာတဲ့အနေနဲ့ အရင်လိုဒဏ်ကြေးနဲ့ ထုတ်ပေးစေချင်ပါတယ် ဟု ဧရာဝတီပါဝါ ကားအရောင်းစင်တာ မန်နေဂျင်းဒါရိုက်တာ ဦးမိုးကျော်စွာက ပြောသည်.။

အကောက်ခွန်ဦးစီးဌာနကမူ ပါမစ်သက်တမ်းကုန်ဆုံးသွားသော ကားများကို သိမ်းဆည်းမည်မဟုတ်ဘဲ ဒဏ်ကြေးဖြင့် ထုတ်ယူခွင့်ပေးရန် မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာ ကြီးကြပ်ရေးကော်မတီနှင့် ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရသည်.။

ပါမစ်သက်တမ်း ကုန်ဆုံးသွားတဲ့ကားတွေကို ထုတ်ယူခွင့်ပေးဖို့ကိစ္စနဲ့ ပတ်သက်ပြီး ပြန်စိစစ်ရဦးမှာဖြစ်ပါတယ်၊ မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာ ကြီးကြပ်ရေးကော်မတီကို တင်ပြတဲ့အခါမှာ အကောက်ခွန်ဦးစီးဌာနရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ပါလို့ ဆိုခဲ့ပါတယ်။ ဒီလိုဆောင်ရွက်တဲ့ နေရာမှာ ၁၅/၂ဝ၁၄ အတိုင်း ဒဏ်ကြေးနဲ့ ပေးထုတ်မယ်ဆိုရင် သက်တမ်းတိုးလို့ရတဲ့ ကားတွေက ပြဿနာမရှိပေမယ့် သက်တမ်းတိုးလို့မရတဲ့ကားတွေက ပြဿနာရှိလာနိုင်ပါတယ်၊ သက်တမ်းကျော်တဲ့ ကားအစီးရေက များတဲ့အတွက် မထုတ်ပေးဘူးဆိုတာတော့ မဟုတ်ပါဘူး၊ ဘယ်လိုဒဏ်ကြေးနဲ့ ထုတ်ပေးမယ်ဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ် ဟု အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုခဲ့သည်.။

ကိုရဲ (April 24, 2015 ထုတ် Auto Mobile ဂျာနယ်မှ ကူးယူဖော်ပြသည်)

No. 1 Car Site in Myanmar

www.myanmarcarsdb.com

Author