ခရီးစဉ်အစအဆုံးကို ကျပ်တစ်ထောင်နှုန်းဖြင့် ရန်ကုန်မြို့ပတ်ခရီးစဉ်သစ် ခေတ်မီ Scania ကားကြီးများဖြင့် ယခုလအတွင်း ပြေးဆွဲပေးသွားမည်

0

Full article

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် YBS ခရီးသည်ယာဉ်လိုင်းသစ်၊ ရန်ကုန်မြို့ပတ်ခရီးစဉ်သစ်ကို ခေတ်မီ Scania ကားကြီးများဖြင့် ယခုလအတွင်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေးနှင့် ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ သိရသည်။ ရန်ကုန်မြို့ပတ်ခရီးသည် ပို့ဆောင်ရေးယာဉ်လိုင်းသစ်ကို City Transit ကုမ္ပဏီမှ တာဝန်ယူပြေးဆွဲပေးမည်ဖြစ်ရာ ခရီးစဉ်လမ်းကြောင်း (၁) နှင့် (၂) ကို Scania City Bus ခေတ်မီကားသစ်များဖြင့် ယခုလအတွင်းစတင်ပြေးဆွဲပေးမည်ဖြစ်ကြောင်းသိရသည်။ ခရီးစဉ် (၁) တွင် ဂိတ်အစအဖြစ် အောင်မင်္ဂလာအဝေးပြေးမှ အမှတ် (၃) လမ်းမကြီးအတိုင်း (၆) ကွေ့- သုဓမ္မာလမ်း- ဝေဇယ္တာလမ်း- ပါရမီလမ်း- ဘေလီထိပ်- သံသုမာလမ်း- စံပြဈေး- ပြည်ထောင်စု ခုံးကျော်တံတား- သံသုမာလမ်း (သုဝဏ္ဏ)- ကြက်ဘဲဈေး- သမိန်ဗရမ်းလမ်း- အထက်ပုဇွန်တောင်လမ်း- (၅၁) လမ်းထိပ်- ဗိုလ်တထောင်ဘုရားလမ်း၊ ကမ်းနားလမ်း- ကြည့်မြင်တိုင် ကမ်းနားလမ်း- ဘုရင့်နောင်လမ်း- ဘုရင့်နောင်လမ်းဆုံ- သမိုင်းဘူတာရုံလမ်း- သမိုင်းလမ်းဆုံ- ကျိုက်ဝိုင်းဘုရားလမ်း- (၈) မိုင်- ကမ္ဘာအေးဘုရားလမ်း- နဝဒေးအုတ်ပုံဆိပ်လမ်း- သုဓမ္မာလမ်း- (၆) ကွေ့- အမှတ်(၃) လမ်းမကြီးမှ အောင်မင်္ဂလာအဝေးပြေးတွင် ဂိတ်ဆုံးမည် ဖြစ်ပြီး ခရီးစဉ် (၂) ကိုလည်း ထိုလမ်းကြောင်းအတိုင်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။ ယာဉ်စီးခမှာ အောင်မင်္ဂလာအဝေးပြေးမှ သခင်မြပန်းခြံအထိငွေကျပ် ၅ဝဝ ကျပ်ကောက်ခံပြီး သခင်မြပန်းခြံမှ အောင်မင်္ဂလာ အဝေးပြေးအထိ ငွေကျပ် ၅ဝဝ ကျပ်ကောက်ခံသွားမည်ဖြစ်ကာ ခရီးစဉ်စဆုံး စုစုပေါင်း ၁,ဝဝဝ ကျပ် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

"ရန်ကုန်မြို့ပတ်ခရီးသည်ပို့ဆောင်ရေး ယာဉ်လမ်းကြောင်းက သူ့လမ်းကြောင်းနဲ့သူသွားမှာဖြစ်တယ်။ ခုလောလောဆယ်တော့ နံပါတ်ပေးမထားရသေးပါဘူး။ ပြေးဆွဲပေးမယ့်ကုမ္ပဏီက City Transit ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီက Scania City Bus ကားတွေတင်သွင်းပြီးတော့ ပထမဆုံးအောင်မင်္ဂလာအဝေးပြေးကွင်းက စထွက်မယ်။ ယာဉ်စီးခက တစ်ပိုင်းကို ၅ဝဝ ကျပ်နဲ့ ခရီးစဉ်အစအဆုံး ၁ဝဝဝ ကျပ်နဲ့ ပြေးဆွဲပေးမယ်။ ကားတွေကကြီးတော့ ယာဉ်ရပ်နားဝင်းမရှိသေးလို့ ကြန့်ကြာနေရတာပါ။ ဒီလအတွင်းပြေးဆွဲနိုင်ဖို့ လုပ်နေပါတယ်။" ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့ (YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၌ YBS ယာဉ်လိုင်း ၁ဝဝ ဖြင့် တစ်နေ့ယာဉ်အစီးရေ ၄,၃ဝဝ ကျော် ပြေးဆွဲလျက်ရှိနေရာ နေ့စဉ်ခရီးသွားပြည်သူ ၁ ဒသမ ၈သန်းခန့်သယ်ယူပို့ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

Author

Comments