ဖောက်စွပ်ကားများ သိမ်းဆည်းနေခြင်းထက် လိုင်စင်မဲ့ကားများ ထိရောက်စွာ အရေးယူပေးရန် တောင်းဆိုမှုများရှိနေ

0

Full article

တရားဝင်အခွန်ပေးဆောင်ပြီး တင်သွင်းလာသော အခွံချိန်း၊ အလုံးချိန်း၊ ဖောက်စွပ်ပြုလုပ်ထားသော ကားများကို သိမ်းဆည်းနေခြင်းထက် တရားမဝင်တင်သွင်းလာသော လိုင်စင်မဲ့ကားများကို ထိရောက်စွာ အရေးယူပေးရန်လိုအပ်ကြောင်း ကားတင်သွင်းရောင်းချသူ အများစုက ဝေဖန်ပြောဆိုနေကြသည်။

မော်တော်ယာဉ်များ အစိတ်အပိုင်း မမှန်မကန်ပြောင်းလဲထားသည့် ဖောက်စွပ်၊ အလုံးချိန်း၊ အခွံချိန်း၊  body coach ပြောင်းလဲထားသောကားများကို RTA ဒဏ်ကြေးဖြင့် လုံးဝခွင့်ပြုမည်မဟုတ်ဘဲ နိုင်ငံပိုင်သိမ်းဆည်းနေခြင်းမှာ ယာဉ်မှန်/မမှန် စစ်ဆေးမှုမပြုလုပ်ပေးခင် မသိနားမလည်၍ ကားအား အဆင့်ဆင့်ဝယ်ယူထားသူများအတွက် နစ်နာမှုများ ရှိနေပြီး နယ်စပ်မှ တရားမဝင် လိုင်စင်မဲ့ တင်သွင်းလာသော ကားများကိုပို၍ ထိထိရောက်ရောက် ဖမ်းဆီးအရေးယူရန် အဓိကပြုလုပ်သင့်ကြောင်း ပြောဆိုနေကြခြင်းဖြစ်သည်။

"တရားဝင်သွင်းထားတဲ့ ဖောက်စွပ်ကားတွေကို သိမ်းဆည်းနေတာက မဖြစ်သင့်ဘူး။ အရင်တုန်းကတော့ RTA ဒဏ်ကြေးနဲ့ခွင့်ပြုပေးခဲ့တာပဲ။ ဒီကားတွေကျတော့ သိမ်းဆည်းမယ်၊ နယ်စပ်ကနေ တရားမဝင်သွင်းနေတဲ့ လိုင်စင်မဲ့ကားတွေကျတော့ ထိထိရောက်ရောက် အရေးယူတာ မလုပ်ကြဘူး။ လိုင်စင်မဲ့ကားကို အရင်ဆုံး ပြတ်ပြတ်သားသား အရေးယူပေးဖို့လိုတယ်။ ဆိုင်ကယ်တွေ ဖမ်းမယ်ဆိုရင်လည်း ထိထိရောက်ရောက်လုပ်ကြပါ။ ပြောတုန်းခဏပဲ နောက်ပြီးဖမ်းတာမျိုး မရှိတော့ဘူး။ ဖောက်စွပ်ကားဆိုတာ လိုင်စင်မဲ့သွင်းထားတဲ့ကားကို အခွံချိန်း၊ အလုံးချိန်းတာတွေ လုပ်ရတာ။ ဘယ်ဟာကိုပိုအရေးကြီးတကြီး လုပ်ရမယ်ဆိုတာ သိသင့်တယ်။" ဟု နှစ်အတော်ကြာ ကားတင်သွင်းရောင်းချနေသူ ကိုအေးကျော်က ပြောသည်။

တစ်နိုင်ငံလုံးတွင် အခွံချိန်း၊ အလုံးချိန်း၊ ဖောက်စွပ် ပြောင်းလဲထားသော ကားအစီးရေ ၂ဝဝ ကျော် အားယာဉ်မှတ်ပုံတင်ဖျက်သိမ်းထားခဲ့သော်လည်း နယ်စပ်မှ လိုင်စင်မဲ့ကားများ ယနေ့အထိတင်သွင်းလာမှုရှိနေကြောင်း သိရသည်။

Author