YBS ယာဉ်စီးပေးကဒ်စနစ် တပ်ဆင်ရန် စက်ပစ္စည်းများ တရုတ်နိုင်ငံမှ ဝယ်ယူ၍ ၆ လအတွင်း ယာဉ်လိုင်းအားလုံးတပ်ဆင်သွားမည်

0

Full article

ရန်ကုန်မြို့တွင် ပြေးဆွဲလျက်ရှိနေသည့် ခရီးသည်တင် YBS ကားများတွင် အသုံးပြုမည့် ယာဉ်စီးပေးကဒ်စနစ် တပ်ဆင်ရန် စက်ပစ္စည်းများကို တရုတ်နိုင်ငံမှ ဝယ်ယူ၍ ယခုနှစ် ၆ လအတွင်း ယာဉ်လိုင်းအားလုံးတွင် တပ်ဆင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ထံမှ သိရသည်။

YBS ယာဉ်လိုင်းများတွင် ယာဉ်စီးခပေးချေသည့် ကဒ်စနစ် YPS (Yangon Payment System) စနစ်အား တပ်ဆင်အသုံးပြုနိုင်ရန် Asia Starmar Transport Intelligent ကုမ္ပဏီအား တင်ဒါအောင်မြင်သူအဖြစ်ရွေးချယ်ထားရှိပြီး ယခုလအတွင်း မြို့တွင်းပတ်ယာဉ်လိုင်းများတွင် စမ်းသပ်တပ်ဆင် အသုံးပြုသွားမည်ဖြစ်သည်။

"ယာဉ်စီးခပေးတဲ့ ကဒ်စနစ်ကို အခုက မြို့တွင်းပြေးဆွဲတဲ့ယာဉ်လိုင်းတွေမှာ စမ်းသပ်တပ်ဆင်တာ လုပ်သွားမှာပါ။ မြို့တွင်း ယာဉ်လိုင်းတွေကို အရင်စမ်းသပ်တာလုပ်မယ်။ ယာဉ်လိုင်းတွေအားလုံးမှာ ကဒ်စနစ်တပ်ပြီး အသုံးပြုမှာကတော့ နောက်ထပ် ၆ လ လောက်ကြာမှ စပြီးအသုံးပြုမယ်။ ကဒ်စနစ်အတွက် တရုတ်နိုင်ငံက စက်တွေမှာယူထားတုန်းပဲရှိပါသေးတယ်။" ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ခရီးသည်တင်ယာဉ်လိုင်းများအားလုံးတွင် YBS ယာဉ်အစီးရေ ၄,ဝဝဝ ကို ယာဉ်စီးခငွေပေးချေသည့် ကဒ်စနစ် တပ်ဆင်ရန် အချိန်အားဖြင့် ၉လ နီးပါးခန့်ကြာမြင့်မည်ဖြစ်ရာ ခရီးသည်များအတွက် ကဒ်ပြားပေါင်း ၂ သန်းခန့် ထုတ်လုပ်အသုံးပြု သွားမည်ဖြစ်ပြီး ယာဉ်စီးခနှုန်းထားကိုလည်း ကဒ်စနစ်အသုံးပြုလျှင် ရာခိုင်နှုန်းတစ်ခုအထိ သက်သာသွားမည်ဟု ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဥ္ဇာမျိုးက ပြောကြားထားသည်။

Author