ရန်ကုန်မြို့တွင်းစည်ပင်သာနယ်နမိတ်အတွင်း လမ်းများအပေါ်တွင် ကားရပ်နားရန် နေရာဦးသည့်ပစ္စည်းများ၊ အတားအဆီးများ ထားရှိပါက ဒါဏ်ငွေ ၁ သိန်းမှ ၅ သိန်း၊ ထောင်ဒဏ် ၃ လအထိ ချမှတ်နိုင်

0

Full article

ရန်ကုန်မြို့တွင်းစည်ပင်သာယာနယ်နမိတ်အတွင်းရှိ လမ်းမကြီးများနှင့် လမ်းသွယ်များတွင် ကားရပ်နားရန်နေရာရရှိရေးအတွက် နေရာဦးသည့်ပစ္စည်းများ၊ အတားအဆီးများ ထားရှိပါက ဒါဏ်ငွေ ၁ သိန်းမှ ၅ သိန်း၊ ထောင်ဒဏ်  ၃ လအထိ ချမှတ်နိုင်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးမှ ပြောကြားခဲ့သည်။


“ရန်ကုန်မြို့တော်အား အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိသော်လည်း တိုးပွားလာသော မော်တော်ယာဉ်စီးရေများ၊ စည်းကမ်းမဲ့လမ်းဘေးဈေးသည်များကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ၊ ယာဉ်အန္တရာယ်များနေ့စဉ်ကြုံတွေ့နေရသည့်အပြင် တိုးပွားလာသောယာဉ်စီးရေများကြောင့် ယာဉ်ရပ်နားရန်နေရာများလည်း ရှားပါးလာပါကြောင်း၊ အထူးသဖြင့် မြို့တွင်းမြို့နယ်များရှိ လမ်းမကြီးများ၊ အမည်တပ်လမ်းများနှင့် နံပါတ်တပ်လမ်းများအတွင်း နေထိုင်သူများအနေဖြင့် ကားရပ်နားရန်နေရာရရှိစေရေးအတွက် ကားရပ်နားရန်နေရာဦးသည့်ပစ္စည်းများ၊ အတားအဆီးများအား မိမိတို့နေအိမ်ရှေ့နေရာများ၊ လမ်းများပေါ်တွင် သူ့ထက်ငါ အလုအယက်နေရာဦးလာကြရာ မကြာခဏရန်ပွဲများဖြစ်ခြင်း၊ တိုင်ကြားမှုများအား နေ့စဉ်နှင့်အမျှ ရင်ဆိုင်ဖြေရှင်းနေရခြင်း စသည့်အခြေအနေကြုံတွေ့နေရပါကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ(၂၀၁၈ခုနှစ်) လမ်း၊ တံတား၊ စင်္ကြန်နှင့် ရေမြောင်းများဆိုင်ရာ တားမြစ် ချက်များ ပုဒ်မ ၃၁၅၊ ပုဒ်မခွဲ(စ)တွင် (မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ အများပြည်သူ ဆိုင်ရာလမ်း၊ စင်္ကြန်အပေါ်တွင် ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း၊ အိမ်ထောင်ပရိဘောဂ၊ ပစ္စည်းများစုပုံခြင်း၊ ရောင်းချခြင်း၊ ခင်းကျင်းခြင်း၊ ပြုပြင်မွမ်းခြင်း၊ ထားရှိခြင်းမပြုရ)ဟုပြဋ္ဌာန်းထားပြီး ပြစ်ဒဏ်များအဖြစ် ပထမအကြိမ် ကျူးလွန်မှုအတွက် ငွေဒဏ်ကျပ်(၁)သိန်းမှ ကျပ်(၅)သိန်းအထိချမှတ်နိုင်ပြီး ဆက်လက် ဖောက်ဖျက်ကျူးလွန် ပါက ထောင်ဒဏ်(၃)လအထိ ချမှတ်နိုင်ကြောင်း၊ ပုဒ်မ ၃၁၅၊ ပုဒ်မခွဲ(ဎ)တွင် (မည်သူမျှ မြို့တော် နယ်နိမိတ်အတွင်း အများပြည်သူဆိုင်ရာလမ်းပေါ်တွင် ယာဉ်သွားလာခြင်း၊ ရပ်နားခြင်းကို အနှောင့်အယှက် ဖြစ်စေသည့် အတားအဆီးမပြုရ) ဟု ပြဋ္ဌာန်းထားပြီး ပြစ်ဒဏ်များအဖြစ် ပထမအကြိမ်ကျူးလွန်မှုအတွက် ငွေဒဏ်ကျပ်(၁)သိန်းမှ ကျပ်(၅)သိန်းအထိချမှတ်နိုင်ပြီး ဆက်လက်ဖောက်ဖျက်ကျူးလွန်ပါက ထောင်ဒဏ် (၃)လအထိချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပါကြောင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီများအနေဖြင့် လည်း Down Town မြို့နယ်အတွင်းရှိ လမ်းမကြီး၊ အမည်တပ်လမ်းနှင့် နံပါတ်တပ်လမ်းများအပေါ်တွင်ရှိသော အတားအဆီးများအား စဉ်ဆက်မပြတ်စစ်ဆေးလျက်ရှိပြီး စိစစ်တွေ့ရှိပါက ခရိုင်/မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးက ခရိုင်လှည့်ရှင်းယာဉ် Faw ကားများဖြင့် ယာဉ်ရပ်နားရန်နေရာဦးသည့် ပစ္စည်းများ၊ အတားအဆီးများကို သိမ်းဆည်းဆောင်ရွက်လျက်ရှိရာ ၁-၁-၂-၁၉ ရက်နေ့ မှ ၁၅-၁၂-၂၀၁၉ရက်နေ့အထိ မြို့တွင်း(၆)မြို့နယ်တွင် သိမ်းဆည်းဖယ်ရှားရှင်းလင်းခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ကော်မတီအနေဖြင့် မြို့နယ် အတွင်းရှိ ယာဉ်ရပ်နားရန်နေရာဦးသည့်ပစ္စည်းများ၊ အတားအဆီးများအား ဖယ်ရှားရှင်းလင်းဆောင်ရွက်လျက်ရှိ ပါကြောင်းနှင့် မြို့တော်နေပြည်သူများကိုယ်တိုင်ဥပဒေအတိုင်းလိုက်နာဆောင်ရွက်ကြရန် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း"

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ပြုလုပ်ခဲ့သော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးမှ ပြောကြားခဲ့သည်။


ရန်ကုန်မြို့ Down Town မြို့နယ်များရှိ လမ်းမကြီးနှင့် လမ်းများပေါ်တွင်ရှိနေသော အတားအဆီးများကို မည်ကဲ့သို့ စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းမေးခွန်းကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

Author