ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) သို့ ပြည်ပရင်းနှီးမြှုပ်နှံမှုများ လတ်တလောဝင်ရောက်လာရန်မရှိသေးဟုဆို

0

Full article

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) သို့ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ လက်တလောတွင် ဝင်ရောက်လာရန်မရှိသေးကြောင်း ၂ဝ၁၉ မေလ ၁၅ ရက်နေ့ လေးထောင့်ကန်လမ်းရှိ YRTA ရုံးချုပ်တွင်ကျင်းပခဲ့သော အသိပေးရှင်းလင်းခြင်းအစီအစဉ်၌ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောကြားခဲ့သည်။

"YRTA ကို ပြည်ပရင်းနှီးမြှုပ်နှံမှုအတွက် စဉ်းစားတဲ့အခါမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ လက်ခံလိုတဲ့အဖွဲ့တွေလည်း ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ နိုင်ငံတော်အတွင်းမှာလုပ်ကိုင်နေတဲ့ နိုင်ငံသားလုပ်ငန်းရှင်တွေနဲ့ပူးပေါင်းပြီး လက်ရှိမှာ မိမိတို့ကိုယ်ပိုင်ကုမ္ပဏီအနေနဲ့ ထူထောင်ပြီးဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ဟာ အစစ အရာရာ နောက်ကျနေတဲ့အတွက် ကိုယ့်လူနဲ့ကိုယ်လုပ်တဲ့အခါ အရှေ့ကိုရောက်ပါ့မလားလို့ မေးစရာရှိပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံသူတွေ နည်းပညာရရှိရေးအတွက် (JICA) နဲ့ ပူးပေါင်းပြီး Bus Improvement Project ကို ၃ နှစ် စီမံကိန်းနဲ့ ပူးပေါင်းအကောင်အထည်ဖော်နေပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ကမ်းလှမ်းမှုအသစ်အနေနဲ့ Volunteer Project၊ AGB Bank၊ Swiss Bank တို့လို အဖွဲ့အစည်းတွေရဲ့ နည်းပညာပံ့ပိုးမှုနဲ့ သွားနေပါတယ်။ ပြည်ပက ကမ်းလှမ်းမှုတွေကတော့ ကျွန်တော်တို့ဖွင့်မပေးထားတဲ့အတွက် မရှိသေးပါဘူး။ ဖွင့်မယ်ဆိုရင်တော့ ရှိလာမှာပေါ့။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံသားတွေရဲ့ အကျိုးစီးပွားနဲ့အခွင့်အလမ်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ကြည့်ရှုပေးရမယ့် အနေအထားရှိပါတယ်။" ဟု ဦးလှအောင်က ဖြေကြားခဲ့သည်။

"ကျွန်တော့အယူအဆကိုပြောရမယ်ဆိုရင် ပြည်ပရင်းနှီးမြှုပ်နှံမှု တကယ်လို့ဝင်လာခဲ့ရင်၊ ယာဉ်သစ်ကြီးတွေနဲ့ လာရောက်ရင်းနှီးမြှုပ်နှံရတဲ့အတွက် ယာဉ်စီးခမြင့်တက်လာမယ်၊ US ၁ ဒေါ်လာလောက်ကို အခြေခံပြီး ကောက်ခံတာဖြစ်တဲ့အတွက် ကျွန်တော်တို့နိုင်ငံသားတွေရဲ့ ဝင်ငွေအတိုင်းအတာနဲ့ဆို မပေးနိုင်ဘူး။ ယာဉ်စီးခဆိုတာ ယာဉ်တည်ထောင်တဲ့သူနဲ့ စီးနင်းသူတို့ရဲ့ မျှခြေကိုတွက်ရပါတယ်။ မိမိနိုင်ငံသားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်း၊ ခရီးသွားပြည်သူတွေရဲ့ အနေအထားတွေကို ညီညွတ်မျှတအောင် တွက်ပြီး ဆောင်ရွက်နေရတာပါ။" ဟု တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ဆက်လက်ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဧပြီလအထိ မှတ်တမ်းများအရ YRTA တွင် စုစုပေါင်းယာဉ်အစီးရေ ၆,၃၉၈ စီးရှိရာ ကားသေးများဖယ်ထုတ်ပါက ၆,၃ဝဝ နီးပါးခန့်ကျန်ရှိနေပြီး လက်ရှိ စီးတီးဘတ်စ်အစီးရေ ၄,၈၇၄ စီးနှင့် မီနီဘတ်စ်အစီးရေ ၁,၂၂၅ စီးဖြင့် ပြေးဆွဲနေသည့်အပြင် ထပ်မံဖြည့်တင်းမည့် ကားများလည်းရှိနေသေးကြောင်း YRTA ထံမှသိရသည်။

Zing

Author

Comments