ကုန်းကျော်တံတားမှ လမ်းမကူးသူများ၊ လူကူးမျဉ်းကျားမှ လမ်းမကူးသူများနှင့် လမ်းစည်းကမ်းဖောက်ဖျက်သူများကို ဒဏ်ကြေးကောက်ခံခဲ့ခြင်းမရှိဘဲ ပညာပေးအစီအစဉ်သာ ဆောင်ရွက်ခဲ့ဟုဆို

0

Full article

ရန်ကုန်မြို့ ဆူးလေလမ်းမနဲ့ အနော်ရထာလမ်းထောင့်မှာရှိတဲ့ ကုန်းကျော်တံတားတွေမှာ ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီကနေပြီး ကုန်းကျော်တံတားကနေ လမ်းဖြတ်မကူးသူတွေ၊ လူကူးမျဉ်းကျားကနေ လမ်းဖြတ်မကူးသူတွေနဲ့ လမ်းစည်းကမ်းဖောက်ဖျက်သူတွေကို ပညာပေးအစီအစဉ်တွေ လုပ်ဆောင်နေပါတယ်။ ဆူးလေလမ်းမနဲ့ အနော်ရထာလမ်းမထောင့်၊ ကုန်းကျော်တံတားအောက်မှာ ယာဉ်ထိန်းရဲ အရာရှိတွေနဲ့ ယာဉ်ထိန်းရဲမေတွေက လမ်းအသုံးပြုသူတွေကို ကုန်းကျော်တံတားကနေ လမ်းဖြတ်ကူးဖို့၊ လူကူးမျဉ်းကျားကနေ လမ်းဖြတ်ကူးဖို့တွေကို loud speaker တွေနဲ့ သတိပေးဆောင်ရွက်နေပါတယ်။ သတိပေးနေတဲ့ကြားကနေ စည်းကမ်းဖောက်သူတွေကိုတော့ တာဝန်ကျယာဉ်ထိန်းအရာရှိများက ခေတ္တခေါ်ယူပြီး ရဲမှူးဦးမျိုးအောင်မြင့်က လမ်းစည်းကမ်း ပညာပေးစကားတွေကို ပြောခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လမ်းစည်းကမ်းဖောက်ဖျက်သူတွေကို  နာမည်စာရင်းမှတ်ပြီး ပညာပေးလက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးနေတာတွေ့ရပါတယ်။

"ပညာပေးအစီအစဉ်ကို မေလ ၁၄ ရက်နေ့ကစပြီး ဆောက်ရွက်ခဲ့တာပါ။ အရင်ကလည်း မကြာခဏဆောင်ရွက်ခဲ့ပါတယ်။ လမ်းစည်းကမ်းဖောက်ဖျက်သူတွေကို ပညာပေးစကား ပြောကြားသွားမှာပါ။ အရေးယူတာ၊ ဒဏ်ရိုက်တာတွေတော့ မရှိပါဘူး။ ကျွန်တော်တို့လိုချင်တာ ဒဏ်ကြေးမဟုတ်ပါဘူး။ စည်းကမ်းရှိတာပဲ လိုချင်တာပါ။" လို့ လမ်းစည်းကမ်းဖောက်ဖျက်သူတွေကို အရေးယူခြင်း၊ ဒဏ်ကြေးပေးဆောင်ခြင်းတွေနဲ့ပတ်သက်ပြီး ရဲမှူးဦးမျိုးအောင်မြင့်က ဖြေကြားခဲ့ပါတယ်။

လမ်းစည်းကမ်းနဲ့ပတ်သက်ပြီး ပညာပေးအစီအစဉ်တွေကို ရန်ကုန်မြို့ရဲ့ ကုန်းကျော်တံတားရှိတဲ့နေရာတွေနဲ့ လူအသွားအလာများတဲ့နေရာတွေမှာ ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

Zing

Author

Comments