ရန်ကုန်မြို့တွင် တက္ကစီကားအစီးရေ ၆ သောင်း ၆ ထောင်ကျော်ရှိရာ တက္ကစီအစီးရေ ၅ ထောင်ခန့် စီးတီးတက္ကစီ မှတ်ပုံတင်ပြုလုပ်ရန် ကျန်ရှိနေ

0

Full article

ရန်ကုန်မြို့တွင်မောင်းနှင်နေသော တက္ကစီ ကားအစီးရေ ၆ သောင်း ၆ ထောင်ကျော်ရှိရာ တက္ကစီအစီးရေ ၅ ထောင်ခန့်  စီးတီးတက္ကစီ မှတ်ပုံတင်ပြုလုပ်ရန်ကျန်ရှိနေပြီး စီးတီးတက္ကစီ သက်တမ်းလာရောက်မတိုးသည့် ကားများနှင့် ယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး အသစ်တင်သွင်းလာသော ကားစာရင်းများကို တိုက်ဆိုင်စစ်ဆေးမှုများ ပြုလုပ်ပြီးမှသာ အရေးယူမှုလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲမောင်းနှင်နေသည့် အဌားယာဉ်တက္ကစီများကို စီးတီးတက္ကစီ မှတ်ပုံတင်လာရောက်ပြုလုပ်ရန် ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း နောက်ဆုံးထားလုပ်ဆောင်ရန် သတ်မှတ်ထားရာမှ မှတ်ပုံတင်ပြုလုပ်ရန် ကျန်ရှိသည့်ကားများကို ၂ဝ၁၈ ခုနှစ်၊ ဖေဖေါ်ဝါရီလအထိ မှတ်ပုံတင်ရန် သက်တမ်းထပ်မံတိုးပေးခဲ့သော်လည်း လက်ရှိတွင် စီးတီးတက္ကစီမှတ်ပုံတင် မပြုလုပ်ရသေးသည့် ကားအစီးရေ ၅ ထောင်ကျော်ခန့် ကျန်ရှိနေသေးကြောင်းသိရသည်။

"အခုလက်ရှိရန်ကုန်မှာ တက္ကစီအစီးရေက ၆ သောင်း ၆ ထောင်ကျော်ရှိတယ်။ စီးတီးတက္ကစီ မှတ်ပုံတင်မပြုလုပ်ထားတဲ့ကားအစီးက ၅ ထောင်ကျော် ရှိတယ်။ ဒီကားတွေကို ဘယ်လိုအရေးယူမယ်ဆိုတာတော့ သက်ဆိုင်ရာကို တင်ပြထားပါတယ်။ သက်တမ်းလာမတိုးတဲ့ကားတွေ၊ အိုဟောင်းအပ်ပြီး အသစ်သွင်းလာတဲ့ ကားတွေလောက်ပဲ ကျန်တော့တယ်။ ကျွန်တော်တို့မှာရှိတဲ့စာရင်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးတာတွေလုပ်သွားမယ်။" ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းတွင် ရာသက်ပန် အဌားယာဉ် တက္ကစီကားအစီးရေ ၃ဝ,ဝဝဝ၊ ရာသက်ပန်မဟုတ်သည့် နံပါတ်အနက်မှ နံပါတ်အနီပြောင်းထားသည့် taxi ကားအစီးရေ ၃၅,ဝဝဝ နှင့် နယ်လိုင်စင်တက္ကစီကားများလည်း ပြေးဆွဲနေကြောင်းသိရသည်။

Author

Comments