သင်္ကြန်အတွင်း ခရီးသွားပြည်သူများ သွားလာရအဆင်ပြေစေရန် မြို့ပတ်ရထားအစီး ၉ဝ ဖြင့် နေ့စဉ်ပြေးဆွဲပေးမည်

0

Full article

သင်္ကြန်ကာလရုံးပိတ်ရက်များတွင် ရန်ကုန်မြို့တွင်းနှင့် ဆင်ခြေဖုံးမြို့နယ်များသို့ ခရီးသွားပြည်သူများသွားလာအဆင်ပြေစေရန် မြို့ပတ်ရထားအစီး ၉ဝဖြင့် နေ့စဉ် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားတိုင်း (၇) ရန်ကုန်မှ လက်ထောက်မန်နေဂျာ ဦးအောင်နိုင်မြင့်ကပြောသည်။

ထိုကဲ့သို့ ရန်ကုန်မြို့တွင်းခရီးသွားပြည်သူများ သွားလာရအဆင်ပြေစေရန် မြို့ပတ်ရထားအစီး ၉ဝ ဖြင့်နေ့စဉ်ပြေးဆွဲပေးရာတွင် ရန်ကုန်ဘူတာကြီးမှ မင်္ဂလာဒုံလမ်းပိုင်းနှင့် အင်းစိန် လမ်းပိုင်း၊ ရန်ကုန်ဘူတာကြီးမှ တိုးကြောင်ကလေး လမ်းပိုင်းများကို ရထားအစီးရေအလိုက် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"သင်္ကြန်ကာလမှာ ခရီးသွားပြည်သူတွေ အဆင်ပြေစေဖို့အတွက် ဆင်ခြေဖုံးမြို့နယ်တွေကို မြို့ပတ်ရထားအစီး ၉ဝ နဲ့နေ့စဉ်ပြေးဆွဲပေးသွားမှာပါ။ သင်္ကြန်မှာ အထူးရထားတွေကိုလည်း ပြေးဆွဲပေးသွားပါဦးမယ်။ သင်္ကြန်ပိတ်ရက်မှာ အိမ်ပြန်တဲ့ခရီးသည် များတဲ့အတွက် လက်ရှိပုံမှန်ပြေးဆွဲနေတဲ့ရထားတွေနဲ့ မလုံလောက်တာကြောင့် ထပ်ပြီးအထူးရထားပြေးဆွဲပေးရတာပါ။" ဟု မြန်မာ့မီးရထားတိုင်း (၇) ရန်ကုန်မှ လက်ထောက်မန်နေဂျာ ဦးအောင်နိုင်မြင့်က ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသောရန်ကုန်မြို့ပတ် မီးရထားသည် တွဲဆိုင်း ၂၅ ဆိုင်း၊ နေ့စဉ်ခေါက်ရေ ၂၂ဝ ခေါက်၊ ဘူတာပေါင်း ၅၅ ဘူတာကို နေ့စဉ်လူဦးရေ ၉ သောင်းနီးပါးခန့် ပြေးဆွဲနေရာ သင်္ကြန်ကာလတွင် ရပ်နားသောတွဲဆိုင်းများ၊ ရထားပြေးဆွဲနေသည့် လမ်းပိုင်းများကို ကြံ့ခိုင်မှုများမွမ်းမံဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Author