ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်း ၂ဝ၁၈ ခုနှစ်၌ ဆိုင်ကယ် အစီးရေ ၄ထောင် ကျော်ဖမ်းဆီးရမိခဲ့

0

Full article

ရန်ကုန်တိုင်းအတွင်း ဆိုင်ကယ်စီးနင်းခွင့်မရှိသော စည်ပင်သာယာနယ်နိမိတ်မြို့နယ်များတွင် ဆိုက်ကယ်စီးနင်းမှုများကို ဖမ်းဆီးနေရာ ၂ဝ၁၈ ခုနှစ် တစ်နှစ်အတွင်း ဆိုင်ကယ် အစီးရေ ၄,ဝဝဝ ကျော် ဖမ်းဆီးရမိထားခဲ့ပြီး ဆိုင်ကယ်စီးနင်းမှုကြောင့်ဖြစ်ပွားရသော ယာဉ်တိုက်မှုများမှာ ၂ဝ၁၈ တွင်အမှုပေါင်း ၆ဝဝ ကျော်အထိ အများဆုံးဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်း ဆိုင်ကယ်စီးနင်းခွင့်မပြုသော မြို့နယ်
များ၌ ဆိုင်ကယ်စီးနင်းသွားလာမှုများကို ဖမ်းဆီးအရေးယူထားခဲ့ရာတွင် ၂ဝ၁၅ ခုနှစ် အတွင်း ၅၄၆ဝ စီး၊ ၂ဝ၁၆ ခုနှစ်အတွင်း ၄ဝ၃၇ စီး၊ ၂ဝ၁၇ ခုနှစ်အတွင်း ၄၇၆၁ စီး၊ ၂ဝ၁၈ ခုနှစ်အတွင်း ၄၆၄၈ စီး အထိ ဖမ်းဆီးရမိထားခဲ့ရာ ၂ဝ၁၈ ခုနှစ်အတွင်း ဆိုင်ကယ်စီးနင်းမှုကြောင့် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုပေါင်းမှာ ၆၁၃ မှုအထိဖြစ်ပွားခဲ့ပြီး ယင်းကဲ့သို့ ၂ဝ၁၈ ခုနှစ်တွင် ဆိုင်ကယ်ကြောင့်ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုများသည် ယခင်နှစ်များထက်ပင် များပြားလာခဲ့ကြောင်း သိရသည်။

"ရန်ကုန်တိုင်း စည်ပင်သာယာနယ်နိမိတ်အတွင်း ဆိုင်ကယ်စီးနင်းခွင့်မရှိတဲ့မြို့နယ်တွေမှာ စီးနင်းတာကို ဖမ်းဆီးတာတွေ လုပ်နေပါတယ်။ ဖမ်းဆီးတဲ့အခါ စီးနင်းခွင့်မပြုထားလို့ ဆိုင်ကယ်က လိုင်စင်ရှိသည်ဖြစ်စေ/မရှိသည်ဖြစ်စေ စည်ပင်သာယာနယ်နိမိတ်ထဲမှာ စီးနင်းရင် ဖမ်းဆီးတာဖြစ်ပါတယ်။ ဆိုင်ကယ်ကြောင့် ဖြစ်ပွားတဲ့ ယာဉ်တိုက်မှုတွေက ၂ဝ၁၈ မှာ ပိုများလာနေတာတွေ့ရပါတယ်။" ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုတိယ ရဲမှူးကြီး ဦးသိန်းဦးက ပြောကြားခဲ့သည်။

လိုင်စင်မဲ့ဆိုင်ကယ်များ စစ်ဆေးဖမ်းဆီးရမိပါက သွင်းကုန်ထုတ်ကုန် ဥပဒေဖြင့် အရေးယူမှာဖြစ်ရာ လိုင်စင်ရှိဆိုင်ကယ်များကို စည်ပင်သာယာဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Author

Comments