ပြည်ပမှတင်သွင်းသော original delivery van အဖြစ် သတ်မှတ်သော အချက် ၄ ချက်ဖြင့် ကိုက်ညီသည့် ကားများကို ထုတ်ခွင့်ပေး၊ မပေး ဆုံးဖြတ်ပေးရန် ကြီးကော်ကို အကောက်ခွန် ဦးစီးဌာနက တရားဝင်စာဖြင့် မေးမြန်း ထားရှိကြောင်း မော်တော်ယာဉ် တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်မှု ကော်မတီကနေ သိရသည်။
မူလစက်ရုံထုတ် original delivery van ကားများကိုသာ ယာဉ်မှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ ကြေငြာထားပြီးဖြစ်သော်လည်း original delivery van ကားများဆိပ်ကမ်းမှ ထုတ်ယူခွင့်မပေးဘဲ ရပ်ဆိုင်းထားကြောင်း သိရသည်။
" ဆိပ်ကမ်းမှာရောက်နေတဲ့ သတ်မှတ်ချက် ၄ ချက်နဲ့ကိုက်တဲ့ကားတွေကို ဆုံးဖြတ်ပေးဖို့ စာပို့ထားတာရှိပါတယ်။ အစည်းအဝေးခေါ်ပြီး ဘယ်လိုဆုံးဖြတ်မယ်ဆိုတာ အမြန်ဆုံး လုပ်ဆောင်သွားမှာပါ။ လောလောဆယ်တော့ လိုင်စင်ထုတ်ပေးရင် original ကားလည်းဖြစ်ရမယ်။ သတ်မှတ်ချက် ၄ ချက်နဲ့လည်းကိုက်ညီရမယ်လို့ သတ်မှတ်ထားတယ်။"လို့ မော်တော်ယာဉ် တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယခင်က delivery van ကားများအဖြစ် သတ်မှတ်သော အချက် ၄ ချက်နှင့် ကိုက်ညီသဖြင့် တင်သွင်းလာသော ကားများစွာရှိပြီး တစ်စုံတစ်ရာ ဆုံးဖြတ်ချက် မချပေး၍ ထိုကားများမှာ နေ့စဉ်နှင့်အမျှ ဆိပ်ကမ်းထားခ အများအပြားပေးဆောင်နေရကြောင်းသိရသည်။
Regulation