တရားဝင်မှတ်ပုံတင်ထားသော ယာဉ်ဟုတ်/မဟုတ် ယာဉ်မှန်/မမှန် စစ်ဆေးရန် online booking စနစ် ရက်ချိန်းယူပြီး အမှန်တကယ် ယာဉ်လာစစ်ရန် ပျက်ကွက်သည့်ကား ပိုမိုများပြားလာပါက အဆိုပါ ပျက်ကွက်သည့် ကားများကို တစ်လ ထက်ပို၍ online တင်မှုကို ပိတ်သွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
တရားဝင်မှတ်ပုံတင်ထားသော ယာဉ်ဟုတ်/မဟုတ် ယာဉ်မှန်/မှန် စစ်ဆေးရန် online booking စနစ်မှယာဉ်စစ် ရက်ချိန်းယူထားသော ကားများတွင် ၆ဝ ရာခိုင်နှုန်းအထိသာ လုပ်ငန်းများအမှန်တကယ်လာရောက်လုပ်ဆောင်ကြပြီး ၄ဝ ရာခိုင်နှုန်းမှာ အမှန်တကယ် လုပ်ငန်းလာရောက်ဆောင်ရွက်မှုများ မရှိသောကြောင့် တစ်လ စာရင်းပိတ်သွင်းပြီးသော်လည်း ထပ်မံ၍ ယာဉ်စစ်ဆေးရန် ပျက်ကွက်သည့်ကားများကို ၁ လထက်ပို၍ online စာရင်းပိတ်သွားမည် ဟုသိရသည်။
"ယာဉ်မှန်/မမှန် စစ်ဆေးဖို့ online ကနေလျှောက်ပြီး ပျက်ကွက်တဲ့ကားတွေကို ပျက်ကွက်တဲ့ရက်ကနေ တစ်လအတွင်း နောက်ထပ်ရက်ချိန်းယူလို့မရအောင် စာရင်းပိတ်တယ်။ ရက်ချိန်းယူ ယာဉ်လာမစစ်တဲ့ကားများလာရင်တော့ တစ်လထက်ပိုပြီး စာရင်းပိတ်ဆောင်ရွက်တာတွေလုပ်သွားမယ်။ တကယ် ယာဉ်စစ်ဆေးဖို့ online ရက်ချိန်းယူတဲ့ကားတွေအတွက် အခက်အခဲဖြစ်ကြတယ်။" ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုနောက်ပိုင်းတွင် အခွံချိန်း အလုံးချိန်းခြင်းနှင့် body coach ပြောင်းလဲထားသောကားများကို ယာဉ်မှတ်ပုံတင်ဖျက်သိမ်းသွားမည်ဖြစ်ရာ ထိုကားများကိုဝယ်ယူမည်ဆိုပါက မိမိဝယ်ယူမည့်ယာဉ်အား ကညန ရုံးများတွင် ယာဉ်မှန်/မမှန်စစ်ဆေးပြီးမှ ဝယ်ယူအသုံးပြုသင့်ကြောင်း အသိပေးကြေညာထားသည်။