မှတ်ပုံတင်ယာဉ်မှန်ကန်ခြင်းရှိ၊ မရှိနှင့် ယာဉ်မှန်၊ မမှန် စစ်ဆေးပေးခြင်းကို online booking စနစ်ဖြင့် တစ်ရက်လျှင် ယာဉ်အစီးရေ ၁၆၅ စီးထိ သြဂုတ်လ ၂ဝ ရက်ကစ၍ လုပ်ငန်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်အသီးသီးတွင် ယာဉ်မှန်၊မမှန် စစ်ဆေးပေးခြင်းကို ရုံးများအလိုက် တိုင်းဒေသကြီး ရွာသာကြီးရုံးခွဲတွင် ယာဉ်အစီးရေ ၂၅ စီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးတွင် ၃၅ စီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်ရုံးတွင် ၅ဝ စီး၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံးတွင် ၂၅ စီးနှင့် ရန်ကုန်မြောက်ပိုင်းခရိုင် ရုံးတွင် ၃ဝ စီး စုစုပေါင်း တစ်ရက်လျှင် ၁၆၅ စီးအထိ လုပ်ငန်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ အသိပေးထားရှိသည်။
"ကညနရုံးတွေမှာ ယာဉ်မှန်၊ မမှန် စစ်ဆေးပေးတာကို သြဂုတ်လ ၂ဝ ရက်ကစပြီး online booking ကိုစကျင့်သုံးပါမယ်။ ခရိုင် ၄ ခုနဲ့ ရွာသာကြီးရုံးခွဲတွေမှာ ယာဉ်အစီးရေအလိုက် လုပ်ငန်းလုပ်ဆောင်ပေးပါမယ်။ online booking တင်ရမယ့်ပုံစံကို ိဝန်ကြီးဌာနဝက်ဆိုက်ဒ်မှာတင်ထားပါတယ်။ "ဟု ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
ယာဉ်အရောင်းအဝယ်ပြုလုပ်သူများအနေဖြင့် ဖောက်စွပ်ယာဉ်များ လိုင်စင်မဲ့ယာဉ်များ ဝယ်ယူမိမှာစိုးသဖြင့် ယခုနောက်ပိုင်း ကားမဝယ်ယူခင် ကညန ရုံးများတွင် ယာဉ်မှန်၊ မမှန်စစ်ဆေးခြင်းများကို ပိုမို ပြုလုပ်နေကြခြင်းဖြစ်သည်ဟု သိရသည်။
မှတ်ပုံတင်ယာဉ် မှန်ကန်ခြင်းရှိ၊မရှိနှင့် ယာဉ်မှန်၊ မမှန်စစ်ဆေးပေးခြင်းကို နှစ်လဲသက်တမ်းတိုးလုပ်ငန်းများဆောင်ရွက်ပြီးစီးချိန် နေ့လည် ၂ နာရီနောက်ပိုင်း လစဉ်လဆန်း(၁)ရက်နေ့မှ (၂၅)ရက်နေ့အထိ စစ်ဆေးပေးသွားမည်ဖြစ်ပြီး online booking စနစ်ကို အနည်းဆုံး ၂ ရက်မှ အများဆုံး ၃ဝ ရက်အထိ ကြိုတင်ရယူနိုင်မည်ဖြစ်ကြောင်းသိရပါသည်။
Regulation
Update News