ရန်ကုန်မြို့ပတ်ရထားလမ်းစီမံကိန်း ပြီးစီးပါက ၁ဝ မိနစ်လျှင် ရထားတစ်စီးနှုန်းဖြင့် လုံခြုံချောမွေ့စွာပြေးဆွဲပေးမည်

0

Full article

ရန်ကုန်မြို့ပတ်ရထားလမ်းစီမံကိန်း ပြီးစီးပါက ရေတောင်ဖိတ်စဉ်မှုမရှိဘဲ ရထားတစ်စီးနှင့် တစ်စီး ၁ဝ မိနစ်ခြား ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ ဦးဇော်လွင်၊ တိုင်းအမှတ် ၇ က ယနေ့ပြုလုပ်ခဲ့သော ရန်ကုန်မြို့ပတ်ရထားလမ်း စီမံကိန်းရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါရန်ကုန်မြို့ပတ်ရထားလမ်းစီမံကိန်းအား လာမည့် ၂ဝ၂ဝ မတ်လတွင် ပြီးစီးရန်မျှော်လင့်ထားရှိရာ မြို့ပတ်ရထားလမ်း စီမံကိန်းအပိုင်းများ ပြီးစီးသွားပါက ရထားမိုင်နှုန်းကို ၁ နာရီလျှင် ၆ဝ ကီလိုမီတာအထိ ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ရန်ကုန်မြို့တစ်ပတ်ပြေးဆွဲမှုအချိန်မှာ ၁ နာရီ နှင့် မိနစ် ၅ဝ ခန့်သာကြာမြင့်နိုင်မည်ဟုဆိုသည်။

"ရန်ကုန်မြို့ပတ်ရထားလမ်းစီမံကိန်း လမ်းအပိုင်းတွေအားလုံးပြီးသွားရင်တော့ ရေတောင်ဖိတ်စဉ်မှုမရှိ စီးနိုင်မယ်လို့ မျှော်လင့်လို့ရပါပြီ။ DENA တွဲဆိုင်းတွေပဲဖြစ်မှာပါ။ လက်ရှိအချိန်မှာတော့ ပလက်ဖောင်းတွေကလည်း နိမ့်နေပါတယ်။ ဘူတာရုံတွေမှာ နိမ့်နေတဲ့ ပလက်ဖောင်းတွေကို ဆောင်ရွက်နေတယ်။ စီမံကိန်းပြီးသွားရင်တော့ ၃၈ ဘူတာလုံး ရထားကြမ်းပြင်နဲ့ ပလက်ဖောင်းကြမ်းပြင် တစ်ပြေးထဲဖြစ်သွားမှာပါ။ ဒါဆို ခရီးသည် အတက်အဆင်း အားလုံးလည်းအဆင်ပြေသွားမယ်။ လက်ရှိမှာ လူဦးရေ ရှစ်သောင်းကျော်လောက် စီးနင်းနေပြီးတော့ စီမံကိန်းပြီးသွားရင်တော့ နောက်ထပ်သုံးဆလောက် သယ်ယူပို့ဆောင်ပေးသွားမှာပါ။ လာမယ့် ၂ဝ၂ဝ မှာ ပြီးစီးဖို့မျှော်လင့်ထားပါတယ်။" ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူ ဦးဇော်လွင်၊ တိုင်းအမှတ် ၇ မှ ပြောကြားခဲ့သည်။

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများမှ အင်းစိန်-ကြည့်မြင့်တိုင် ၅ ဒသမ ၅ မိုင်သည် ဧပြီ ၃ဝ ရက်နေ့တွင်လည်းကောင်း၊ ကြည့်မြင့်တိုင်-ရန်ကုန် (ဘုရားလမ်း) လမ်းပိုင်း ၂ ဒသမ ၇၅ မိုင်သည် အောက်တိုဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင်းလည်းကောင်း၊ တညင်းကုန်း-ကျိုက္ကလဲ့ လမ်းပိုင်း ၃ ဒသမ ၅ မိုင်သည် ဧပြီလ ၂ဝ ရက်နေ့တွင်လည်းကောင်း၊ ပုရွက်ဆိတ်ကုန်း-ရန်ကုန် (ပုဇွန်တောင်) ၈ ဒသမ ၅ မိုင်မှာမူ အောက်တိုဘာလ ၁ ရက်နေ့မှ ၂ဝ၂ဝ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အတွင်းလည်းကောင်း စီမံကိန်းလုပ်ငန်းများ ပြီးစီးသွားမည်ဖြစ်ကြောင်း သိရသည်။

Author