OMINI Focus ကုမ္ပဏီ ၏ စီမံအုပ်ချူပ်မှု လက်အောက်တွင်ရှိသော တစ်ဦးချင်းပိုင် ယာဉ်လိုင်း ၂ လိုင်း ဖြစ်သည့် YBS အမှတ် ၂၇ နှင့် အမှတ် ၈၅ ယာဉ်လိုင်းတို့ကို ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့ (YRTA) သို့ ပြန်လည် အပ်နှံလိုက်ပြီဖြစ်ကြောင်း OMINI Focus ကုမ္ပဏီထံကနေ သိရသည်။
OMINI Focus ကုမ္ပဏီမှ အများပိုင်ယာဉ်လိုင်းစနစ်သာ ဖော်ဆောင်သွားမည်ဖြစ်သဖြင့် ထိုသို့ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်းသိရသည်။
"ကုမ္ပဏီမှာရှိတဲ့ တစ်ဦးတစ်ယောက်ချင်းပိုင် လိုင်း ၂ ခုဖြစ်တဲ့ အမှတ် ၂၇ နဲ့ ၈၅ ယာဉ်လိုင်းကို YRTA ကို ပြန်အပ်ဖို့တော့တင်ပြထားတယ်။ ရေရှည်မှာ အများပိုင်စနစ်သွားနေတာဆိုတော့ တစ်ဦးတစ်ယောက်ချင်းပိုင်ယာဉ်လိုက်တွေကို မအုပ်ချုပ်ချင်တော့ဘူး ။အခု အဲ့ယာဉ်လိုင်း ၂ လိုင်းကို YRTA ကို ပြန်ပေးထားတယ်။"ဟု OMINI Focus ကုမ္ပဏီ မှ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ပြောကြားသည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ခရီးသည်တင် YBS ယာဉ်လိုင်းများကို အများပိုင်စနစ်သို့ ပြောင်းလဲမည်ဟု YRTA ၏ တာဝန်ရှိသူများက မကြာခဏဆိုသလို ပြောဆိုခဲ့ပြီး ယာဉ်လိုင်းကုမ္ပဏီ များ၏စည်းကမ်းပိုင်းနှင့် ဝန်ဆောင်မှုပိုင်းများ ညံ့ဖျင်းပါက ယာဉ်လိုင်းသစ်များပြေးဆွဲခွင့်မပြုတော့သည့်အပြင် အရေးယူမှုများလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့ခရီးသည်ပို့ဆောင်ရေးအတွက် Omini Focus ကုမ္ပဏီစီမံကွပ်ကဲမှုအောက်တွင် YBS ယာဉ်လိုင်းအမှတ် ၂ဝ၊ ၈၃၊ ၅၆ နှင့် airport shuttle အထူးယာဉ်လိုင် တို့ရှိပြီး ကုမ္ပဏီကဝယ်ယူထားသော ကားအစီးရေ ၄ဝဝ ခန့် အသုံးပြု ပြေးဆွဲလျက်ရှိကြောင်းသိရသည်။
Regulation
Public Transportation