အိုဟောင်းနေသည့် ၁၉၉၉ မော်ဒယ်မှ ၂ဝဝ၃ မော်ဒယ် YBS ကားများအပ်နှံလျှင် လူစီးစလစ်ထုတ်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့ထံသို့တင်ပြထားရာ မကြာခင် သံရည်ကျိုအပ်နှံခွင့်ပြုမည်ဟုဆို

0

Full article

ရန်ကုန်တိုင်းဒေသကြီးတွင် မောင်းနှင်သွားလာနေသော အိုဟောင်းနေသည့် ၁၉၉၉ မော်ဒယ်မှ ၂ဝဝ၃ မော်ဒယ် YBS ကားများအပ်နှံလျှင် လူစီးစလစ်ထုတ်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့ထံသို့တင်ပြထားရာ မကြာခင် သံရည်ကျိုအပ်နှံခွင့် ပြုသွားမည်ဖြစ်ကြောင်း ယနေ့ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့သတင်းမီဒီယာ အစည်းအဝေးပွဲမှ သိရသည်။ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော သက်တမ်း နှစ် နှစ်ဆယ်မပြည့်သေးသည့် ခရီးသည်တင် YBS အိုဟောင်း မော်ဒယ်နိမ့်ကားများဖြစ်သည့် ၁၉၉၉ မော်ဒယ်မှ ၂ဝဝ၃ မော်ဒယ်အထိ YBS ကားများအိုဟောင်းယာဉ်အပ်ပြီး လူစီးစလစ်ထုတ်ပေးသွားရန် ပြည်ထောင်စုအစိုးရအဖွဲ့ထံတင်ပြထားရှိကြောင်း၊ ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေလျက်ရှိသော ခရီးသည်တင် YBS ၁၉၉၆ မော်ဒယ်မှ ၁၉၉၈ မော်ဒယ်အထိ ယာဉ်အို/ယာဉ်ဟောင်းများ အထူးစီမံချက်ဖြင့် အပ်နှံခွင့်ပေးခဲ့ပြီး ထပ်မံ၍ အိုဟောင်းပျက်စီးယာဉ်များ၊ ကြံ့ခိုင်မှုမရှိတော့သည့် YBS ကားဟောင်းများကို အပ်နှံခွင့်ပေးသွားရန်ရှိနေကြောင်း သိရသည်။

"အဲယားကွန်းမကောင်းတော့တဲ့ကားတွေ၊ အိုဟောင်းနေတဲ့မော်ဒယ်နိမ့် YBS ကားဟောင်းတွေကို အပ်နှံဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ကိုတင်ပြထားတယ်။ အကယ်၍ ဒီကားတွေကို အပ်နှံဖို့ ပြည်ထောင်စုအစိုးရက ခွင့်ပြုတာနဲ့မကြာခင် အပ်ခွင့်စတင်တော့မှာပါ။ ၁၉၉၆ မော်ဒယ်ကနေ ၁၉၉၈ မော်ဒယ် ကားတွေကိုလည်း သက်တမ်း နှစ် ၂ဝ ပြည့်လို့ အပ်နှံခွင့်ပေးခဲ့ပြီး အထူးစီမံချက်နဲ့ လူစီးစလစ်ထုတ်ပေးခဲ့တယ်။ ၁၉၉၉ မော်ဒယ်ကနေ ၂ဝဝ၃ မော်ဒယ်အထိကားတွေကို အပ်နှံခွင့်ပြည့်ပြီဖြစ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ကိုတင်ပြထားတာရှိတယ်။ ရန်ကုန်တိုင်းအနေနဲ့လည်း သူများပြည်နယ်၊ တိုင်းတွေမရတဲ့အခွင့်အရေးကို ယူထားတာပါ။ ကျန်တဲ့တိုင်းတွေက ဘတ်စ်ကားအပ်ရင် ဘတ်စ်ကားရတယ်။ ရန်ကုန်တိုင်းကတော့ ဘတ်စ်ကားအပ်ရင် လူစီးစလစ်ရမှာပါ။" ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုကဲ့သို့ အိုဟောင်းနေပြီး ယာဉ်ကြံ့ခိုင်မှုမရှိတော့သည့် ၁၉၉၉ မော်ဒယ်ကားမှ ၂ဝဝ၃ မော်ဒယ်အထိကားတွေကို ယာဉ်အို/ယာဉ်ဟောင်းအဖြစ်အပ်နှံခွင့်ပေးရာတွင် ကားအစီးရေ အတိအကျမသိရှိသေးကြောင်း၊ မည်သည့်ကားများအုပ်စုကို အပ်နှံခွင့်ပေးရန် မသိရှိရသေးကြောင်း၊ ထိုကားများအပ်နှံရန် မကြာခင်ကြေညာပေးမည်ဖြစ်ကြောင်း သိရှိရသည်။

Author