Full article

ရန်ကုန်မြို့တွင်း၌ အမြန်ယာဉ်များ ဝင်ရောက် ပြေးဆွဲနိုင်ရန် ရုံးတက်၊ ရုံးဆင်းချိန် ဘတ်စ်ကားစီး ခရီးသည် အရေအတွက်ကို စစ်တမ်းကောက်ယူလျက်ရှိကြောင်း အမြန် ယာဉ် ပြေးဆွဲမည့် 'မေတ္တာလှိုင်း ယာဉ်လိုင်း'မှ သတင်းရရှိသည်။

Dyna-Bus-500x280

အမြန်ယာဉ် ပြေးဆွဲနိုင်ရန် အတွက် မေတ္တာလှိုင်းယာဉ်လိုင်းနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကာ လက်ရှိတွင် ဘတ်စ်ကားစီးနင်းမှု အများ ဆုံးအချိန်ဖြစ်သည့် ရုံးတက်၊ ရုံးဆင်းချိန်များ၌ လူဦးရေစစ်တမ်း ကောက်ယူ၍ ရရှိလာမည့် ရလဒ်နှင့် အကျိုးအမြတ် အပေါ်မူတည်ကာ အမြန်ယာဉ် ပြေးဆွဲနိုင်ခြင်း ရှိ/မရှိကို ထုတ်ပြန် ပေးသွားမည် ဖြစ်သည်။ "ကျွန်တော်တို့ ယာဉ်လိုင်းအနေနဲ့ လက်ရှိမှာ အမြန်ယာဉ် ပြေးဆွဲနိုင်ဖို့အတွက် ယာဉ်အစီးရေ ကိုးဆယ်ကျော် ရှိတယ်၊ အရင်က ဒီယာဉ် အစီးရေတွေနဲ့ အဆင့်မြင့်ယာဉ်လိုင်း ပြေးဆွဲဖို့ တင်ပြထားတယ်၊ အကြောင်းမပြန်ခဲ့ဘူး၊ အခုတော့ အမြန်ယာဉ်ပြေးဆွဲဖို့ ညှိနှိုင်းနေတယ်၊ အခု ခရီးစဉ် အခြေ အနေ စစ်တမ်းကောက်ယူမှုလည်း လုပ်နေတယ်၊ ဥပမာ ရွှေပြည်သာမှာနေတဲ့သူတွေက မြို့ထဲကို ရောက်ဖို့ဆိုရင် သုံးနာရီလောက် အချိန်ပေးရတယ်၊ ဒါကို အချိန် ဘယ်လို ချုံ့ မလဲပေါ့၊ ပြီးတော့ ကားပေါ်မှာ သက်သောင့်သက်သာနဲ့ စီးနင်းလိုက်ပါနိုင်အောင်ရောပေါ့"ဟု မေတ္တာလှိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အမြန်ယာဉ် ပြေးဆွဲမည့်အပေါ် မြို့ပြ စီမံခန့်ခွဲမှု ကျွမ်းကျင် ပညာရှင်တစ်ဦးက "တကယ်တော့ မြန်တာ၊ နှေးတာက အဓိကမကျဘူး၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာပ က ခရီးသည်တွေ မြို့ထဲရောက်ဖို့ အချိန်ပေးစီးရတာ မှန်တယ်၊ ထိုက်သင့်သလောက်တော့ အချိန်ပေးစီးရမှာပဲ၊ ဒါပေမဲ့ အခုက ကြာသင့်တာထက် ပိုကြာနေတယ်၊ ယာဉ်ကြောကျပ်တာနဲ့ စီမံခန့်ခွဲမှု ညံ့တာကြောင့်လည်းပါတယ်၊ နောက် ဘတ်စ်ကားအချင်းချင်း ကျော်တက်တာတွေကိုလည်း တားမြစ်ရမယ်၊ ဒီလိုဆိုရင် အဆင်ပြေနိုင်မယ်"ဟု ပြောကြားခဲ့သည်။ အမြန်ယာဉ် ပြေးဆွဲခွင့်ရရှိမည် ဆိုပါက ဘတ်စ်ကားတစ်စီးလျှင် ငါးမိနစ်ခြား ပြေးဆွဲ၍ မှတ်တိုင်တိုင်း၌ လက်မှတ်အရောင်းဂိတ် စခန်းများ ထားရှိပေးမည် ဖြစ်ကြောင်း သိရပြီး လက်ရှိတွင်အမြန်ယာဉ် ပြေးဆွဲမှုလမ်းကြောင်း၊ စီးနင်းခ လက်မှတ်နှုန်းထား များကိုမူ သတ်မှတ်ရခြင်း မရှိသေးကြောင်း အထက် ပါယာဉ်လှိုင်းမှ သိရသည်။

Ref: Automobile

Author