Full article

ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှု စနစ်တွင် ကားကောင်းများကို ဖျက်ဆီးခဲ့၍ အမျိုးသား အကျိုးစီးပွား (National Interest)ဆုံးရှုံးမှု ဖြစ်ပေါ်နေကြောင်း ကားအရောင်း စင်တာပိုင်ရှင်တစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။

D-Car

ကားဟောင်းအပ်နှံမှု ပေါ်လစီ အရ ကားတစ်စီးအပ်ပြီး ပြည်ပမှ ကားသစ်တစ်စီး တင်သွင်းလျှင် ကညနအခွန် ၆ဝ ရာခိုင်နှုန်းအထိ သက်သာသောကြောင့် အပ်ကားများ၏ ဈေးနှုန်းများသည် အင်ဂျင် ပါဝါ ၁၃ဝဝ စီစီ ကားအသစ် တစ်စီး၏ တန်ဖိုးထက် မြင့်မားနေသည်။ ထို့ပြင် အပ်ကားများ၏ တန်ဖိုး မြင့်မားနေသောကြောင့် Condition ကောင်းသေးသော ကားများကိုပါ အရည်ကျို ဖျက်ဆီးရန် အပ်နှံခဲ့ကြသည်။ ထိုကိစ္စနှင့်ပတ်သက်၍ ကားအရောင်းစင်တာ ပိုင်ရှင်တစ်ဦးက "ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံတဲ့ စနစ်ကို ဖျက်သိမ်းပြီး အက္ခရာ အကန့်အသတ် မိုဒယ်အကန့် အသတ် မထားဘဲ ဖွင့်ပေးသင့်ပါတယ်၊ ကားဟောင်းစလစ်ဈေးက သိပ်ကောင်းတဲ့အတွက် Condition ကောင်းတဲ့ ကားတွေကိုပါ ဖျက်ပစ်နေကြပါတယ်၊ တိုင်းပြည်က မချမ်းသာသေးလို့ ကားကောင်းတွေကို ဖျက်ဆီးတာဟာ အမျိုးသား အကျိုးစီးပွား (National Interest) ဆုံးရှုံးမှု ဖြစ်ပေါ်ပါတယ်၊ ကားတစ်စီးကိုသံရည် ကျိုစက်ရုံမှာ ချေလိုက်မယ်ဆိုရင် တစ်တန်တောင် မရပါဘူး၊ တန်ဖိုးအနေနဲ့ တွက်ကြည့်မယ် ဆိုရင်လည်း သုံးသိန်း၊လေးသိန်း လောက်ပဲ ရှိပါတယ်၊ လက်ရှိပေါ်လစီအရ ကားဟောင်းတစ်စီးအပ်ပြီး ပြန်သွင်းမယ်ဆိုရင် ကညန အခွန် ၆ဝ ရာခိုင်နှုန်း သက်သာတဲ့အတွက် Land Cruiser လို ကားမျိုးသွင်းမယ်ဆိုရင် သိန်း ၁၈ဝ လောက် သက်သာလို့ အပ်ကားဈေးက ကောင်းနေတာဖြစ်ပါတယ်၊ တကယ်ဆိုရင် တင်သွင်းလာတဲ့ ကားတွေကို စလစ်ကပ်စရာ မလိုဘဲ လိုချင်တဲ့ အခွန်ကိုကောက်ခံ လိုက်မယ်ဆိုရင် စလစ်ဈေး ရှိတော့မှာမဟုတ်ပါဘူး၊ ကားဟောင်း အပ်ပြီး ကားသစ် သွင်းချင်တဲ့သူတွေ အတွက်ကိုတော့ အပ်မယ့်ကားကို တန်ဖိုး တစ်ခုသတ်မှတ်ပြီး အပ်နှံခွင့်ပေးသင့်ပါတယ်"ဟု ဆိုခဲ့သည်။ လက်ရှိအချိန်တွင် ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှု ပေါ်လစီ ထွက်ပေါ်မလာ သေးသောကြောင့် ကားဟောင်း စလစ်ဈေးမှာ မြင့်တက် နေပြီး 'အ'အက္ခရာစလစ် အမည်ပေါက်စလစ် တစ်စောင်သည် ၉၇ သိန်း ဝန်းကျင် ပေါက်ဈေးရှိကြောင်း သိရသည်။

Ref: Automobile

Author