Full article

မြို့ပြအင်္ဂါရပ်နှင့်အညီ ရန်ကုန်မြို့တော်၏ အလှကို ဖော်ပြထားမှုအား မပျက်စီးစေလိုသောကြောင့် ဟံသာဝတီအဝိုင်းတွင် အဝိုင်းပတ်စနစ် ကိုသာ ဆက်လက်ကျင့်သုံး မည်ဖြစ်ကြောင်း 'ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင် ဂျင်နီယာဌာန(လမ်းတံတား)'မှ သတင်း ရရှိသည်။

Han-thar-Waddy

ဟံသာဝတီအဝိုင်းတွင် ယခင်ကတည်းက ယာဉ်ကြော ကျပ်တည်းမှု အနည်းငယ် ဖြစ်ပေါ်လေ့ရှိပြီး အဝိုင်းအနီးရှိ စိုက်ပျိုးရေးမှတ်တိုင်နှင့် အဝိုင်းမှတ်တိုင်တွင် ခရီးသည် တင်ယာဉ်များ နှစ်ထပ်ရပ်၍ ခရီးသည် အတင်အချ ပြုလုပ်ခြင်း၊ အချိန်ကြာမြင့်စွာ ခရီးသည် စောင့်ဆိုင်းခြင်းတို့အပြင် လှည်းတန်းတံတား ဖွင့်လှစ်ပြီးနောက် လှည်းတန်း မီးပွိုင့်နှင့် နာနတ်တော မီးပွိုင့်များ ဖြုတ်သိမ်းလိုက်မှု တို့ကြောင့် ယာဉ်ကြော ကျပ်တည်းမှု ယခင်ထက် ပိုမိုမြင့်တက် လာခဲ့သည်။ ယင်းကို လျှော့ချနိုင်ရန် အတွက် ဟံသာဝတီ အဝိုင်းပတ်စနစ် ဖြုတ်သိမ်း၍ မီးပွိုင့်စနစ်ဖြင့် အစားထိုးရန် လေ့လာသုံးသပ် ခဲ့ကြသော်လည်း လက်ရှိတည်ရှိနေသော လမ်းအလှ မပျက်စီးစေ လိုသောကြောင့် အဝိုင်းပတ် စနစ်ကိုသာ ဆက်လက် အသုံးပြုမည်ဟု 'လမ်းတံတားဌာန'မှ သိရသည်။ "အစကတော့ ဟံသာဝတီအဝိုင်း ပတ်စနစ်က အဆင်မပြေ ဖြစ်နေလို့ ဖြုတ်သိမ်းပြီး မီးပွိုင့်စနစ်နဲ့ အစားထို့မလို့ စီစဉ်ခဲ့တယ်၊ ဒါပေမဲ့ အဝိုင်းက မြို့ရဲ့အလှကို ဖော်ကျူးထားတယ်၊ ဖြုတ်ဖို့ မဖြစ်နိုင်ဘူး၊ ယာဉ်ကြော ကျပ်တည်းမှုကို လျှော့ချဖို့ အဝိုင်းပတ် စနစ်နဲ့ မီးပွိုင့်စနစ်တွေကို ချိတ်ဆက် ဆောင်ရွက်သွားမှာပါ"ဟု အင်ဂျင်နီယာဌာန (လမ်းတံတား) ဌာနမှူး ဦးခင်မောင်ကြည်က ပြောသည်။ဟံသာဝတီအဝိုင်း၌ ယင်းကဲ့သို့ မီးပွိုင့်များနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရန် ယာဉ်သွားလာမှုအား စစ်တမ်းကောက်ယူ လျက်ရှိပြီး ငါးလခန့် အချိန်ယူသွားမည် ဖြစ်ကြောင်းနှင့် စစ်တမ်းများ အပေါ်မူတည်၍ ရိုးရိုးမီးပွိုင့်နှင့် ထိန်းချုပ်စနစ်ပါ ဆင်ဆာမီးပွိုင့်တို့ကို ရွေးချယ်တပ်ဆင် သွားမည် ဖြစ်ကြောင်း သိရသည်။ လတ်တလော၌ အဝိုင်း၏ ယာဉ်ကြော ကျပ်တည်းမှုမှာ ဆိုးရွား နေသောကြောင့် တာဝန်ကျယာဉ် ထိန်းရဲများဖြင့် ဖြေရှင်းနေရကြောင်း သတင်းရရှိသည်။

Ref: Automobile

Author