စာသင်ကျောင်းအနီး ယာဉ်ကြောပိတ်ဆို့မှု မရှိစေရန် မည်သည့်ကားများမှ ရပ်နားခွင့်လုံးဝပြုမည်မဟုတ်ဘဲ ယာဉ်မောင်းရှိပါက ချလန်ဖြတ်အရေးယူ၍ ယာဉ်မောင်းမရှိပါက ကရိန်းကားဖြင့်ဆွဲယူဖယ်ရှားမည်

0

Full article

စာသင်ကျောင်းများအနီး ယာဉ်ကြောပိတ်ဆို့မှုမရှိစေရန်အတွက် မော်တော်ယာဉ်များကို ရပ်နားခွင့်လုံးဝပြုမည်မဟုတ်ဘဲ ယာဉ်မောင်းရှိပါက ချလန်ဖြတ်အရေးယူ၍ ယာဉ်မောင်းမရှိပါက ကရိန်းကားဖြင့်ဆွဲယူဖယ်ရှားသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

စာသင်ကျောင်းများသို့ ကျောင်းကြိုပို့ယာဉ်များနှင့် အိမ်စီးကားများ၊ အဌားယာဉ်များမှာ ကျောင်းသားများ လာရောက်ပို့ဆောင်ပါက ရပ်၊ တင်၊ချ စနစ်ဖြင့် အမြန်ဆုံးထွက်ခွာရမည်ဖြစ်ပြီး စာသင်ကျောင်းရှေ့မော်တော်ယာဉ် ရပ်နားထားမှုတွေ့ရှိပါက ယာဉ်မောင်နှင်သူအား ချလန်ဖြတ်အရေးယူမည်ဖြစ်ပြီး ယာဉ်မောင်းသူမရှိပါက ကရိန်းကားဖြင့်ဆွဲယူ၍ ဖယ်ရှားရှင်းလင်းအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

"စာသင်ကျောင်းရှေ့မှာ ယာဉ်ကြောပိတ်ဆို့တာတွေမရှိဖို့အတွက် မည်သည့်ကားမှ ရပ်နားခွင့်လုံးဝမပြုပါဘူး။ ကျောင်းကားတွေလည်း ရပ်နားလို့မရပါဘူး။ အကယ်၍ ကားတွေရပ်နားမယ်ဆိုရင် ကားပါကင်ရှိတဲ့နေရာတွေမှာ သွားရပ်နားရမှာပါ။ စာသင်ကျောင်းရှေ့မှာ ကျောင်းကားတွေလည်း ရပ်၊ တင်၊ ချ စနစ်နဲ့ချက်ခြင်းထွက်ရမှာပါ။ ပါကင်တွေမှာ ရပ်လို့တော့ရတယ်။ စာသင်ကျောင်းရှေ့မှာ ကားရပ်နားထားတာတွေ့ပြီး ယာဉ်မောင်းမရှိရင် ကရိန်းကားနဲ့ဆွဲယူတာလုပ်မယ်။ ယာဉ်မောင်းတဲ့သူရှိတယ်ဆိုရင်တော့ ဓာတ်ပုံရိုက်ပြီး ချလန်ဖြတ်အရေးယူသွားမှာပါ။" ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂ ) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

စာသင်ကျောင်း ပရဝဏ်အနီး ကားပါကင်နေရာများတွင်လည်း အစိုးရအဖွဲ့က သတ်မှတ်ထားသော school bus ကျောင်းကားအဖြစ်သတ်မှတ်ထားသည့်ကားများကိုသာရပ်နားရမည်ဖြစ်ရာ စာသင်ကျောင်းများရှေ့၌ ကျောင်းကားစနစ်သတ်မှတ်ချက်တွင်မပါဝင်သည့် ကားများရပ်နားထားခြင်း၊ ကိုယ်ပိုင်ကားနှင့်တက္ကစီများရပ်နားထားခြင်းများကို ထိရောက်စွာ အရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Author

Comments