Full article

ပြည်ပမှ တင်သွင်းလာသော မော်တော်ယာဉ် များအားရက်ခြောက် ဆယ်ကျော်ပါက ဆိပ်ကမ်းအာဏာပိုင်များမှ လေလံယာဉ်များ အဖြစ် သတ်မှတ်ခဲ့သော်လည်း အထောက်အထား ခိုင်လုံစွာ တင်ပြနိုင်ပါက လေလံယာဉ်စာရင်းမှ ပယ်ဖျက်ပေးမည် ဖြစ်ကြောင်း 'မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့'မှ သိရသည်။export1

လက်ရှိအချိန်တွင် ဆိပ်ကမ်းအတွင်း ပြည်ပမှ တင်သွင်းလာသော ကားများကို ထုတ်ယူခွင့် အချိန်ရက်ပေါင်း (၆ဝ) သတ်မှတ်ထားပြီး သတ်မှတ်ရက်အတွင်း ထုတ်ယူခြင်း မရှိသော ကားများကိုသာ လေလံယာဉ်အဖြစ် သတ်မှတ်ခြင်း ဖြစ်သည်။ ယာဉ်ပိုင်ရှင်များအနေဖြင့် အခက်အခဲရှိသည် ဖြစ်စေ၊ အကြောင်း အမျိုးမျိုးကြောင့် လာရောက် မထုတ်ယူသည် ဖြစ်စေ၊ သတ်မှတ် ရက်ကျော်လွန်ပြီးမှ ထုတ်ယူချင်သည်ဆိုပါက မည်သည့် ကိစ္စကြောင့် ထုတ်ယူရန် နှောင့်နှေးကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံး ဦးဆောင် ညွှန်ကြားရေးမှူးထံသို့ လိပ်မူကာ လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။ ရက်ပေါင်း(၆ဝ) ကျော်ကားများ လေလံစာရင်းမှ ပယ်ဖျက်ခြင်းနှင့် ပတ်သက်၍ အကောက်ခွန် ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက " ပြည်ပက တင်သွင်းလာတဲ့ ကားတွေကို ဆိပ်ကမ်းက ထုတ်ယူဖို့ အတွက် ID လုပ်ရတယ်၊ ပြီးရင်ကျန်တဲ့ စာရွက်စာတမ်းတွေနဲ့ ငွေသွင်း တာတွေကိုရက်ပေါင်း ခြောက်ဆယ်အတွင်းမှာ ပြီးပြတ်အောင် လုပ်ရတယ်၊ တခြားအကြောင်းကြောင့် ID လည်း မဖွင့်၊ စာရွက်စာတမ်း မှားတာ ဖြစ်ဖြစ်၊ ပိုက်ဆံ မချေရသေးလို့ ဖြစ်ဖြစ်၊ ကားကို အစစ်မခံနိုင်လို့ ဖြစ်ဖြစ် ရက်ခြောက်ဆယ်ကျော် သွားရင်တော့ အကောက်ခွန်ဦးစီး ဌာနနဲ့ မဆိုင်တော့ဘူး၊ ဒါပေမဲ့ ပြည်သူတွေအတွက် မနစ်နာရအောင် အခွင့်အရေးပေးတဲ့ အနေနဲ့ အထောက်အထား ခိုင်ခိုင်လုံလုံ တင်ပြနိုင်ရင် လေလံစာရင်းက ပယ်ဖျက်ပေးပါတယ်၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ကို ယာဉ်ပိုင်ရှင်က အသနားခံစာ တင်လို့ ခွင့်ပြုတယ်ဆိုပြီး ဒီကို ပြန်လွှဲပေးတဲ့အခါမှ Custom အနေနဲ့ ဘုတ်အဖွဲ့ဖွဲ့ပြီး သာမန် လုပ်ရိုး၊ လုပ်စဉ်အတိုင်း အခွန်ပေးဆောင် ခိုင်းတာ ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် ဆူးလေဆိပ်ကမ်း၌ သတ်မှတ်ရက် ကျော်လွန်သည့် လေလံဝင် ကားအစီးရေ ၆၁ စီး ထုတ်ယူရန် ကျန်ရှိနေသေးကြောင်း သိရသည်။ ထို့ပြင် ဆိပ်ကမ်းအတွင်းရှိ သတ်မှတ်ရက် ကျော်လွန်ကာ လေလံယာဉ်အဖြစ် သတ်မှတ်ပြီး ထုတ်ယူခွင့်ပြုရာတွင် ဒဏ်ကြေး ကောက်ခံထားခြင်း မရှိဘဲ ထုတ်ယူရမည့်ရက် အတွက် နှောင့်နှေးကြေးသာ ကောက်ခံမည် ဖြစ်ပြီး ယခင် သတ်မှတ်ထားရှိသည့် နှုန်းထားများအတိုင်း ကောက်ခံမည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင် အဖွဲ့မှသိရသည်။

Ref: Automobile

Author

Comments