Full article

မော်တော်ယာဉ် တင်သွင်းခြင်းဆိုင်ရာ ကြီးကြပ်မှု ကော်မတီမှ ၂/၂ဝ၁၂ အစည်းအဝေးတွင်ဆွေးနွေးတိုင်ပင်ကာ တစ်နှစ်နှိမ့်ကာ တင်သွင်းလာမိသည့်ကားများအားအကောက်ခွန် ဦးစီးဌာနမှ ဒဏ်ကြေးမတပ်ရိုက်ဘဲ ကင်းလွတ်ခွင့်ပြုရန် ဆုံးဖြတ်ချက်ချလိုက်ကြောင်း ကြားသိရသည်။ မည်သည့် လိုင်စင်ပါမစ်နဲ့ မဆို တင်သွင်းတဲ့သူအားလုံးကို ဒီ ဒဏ်ကြေးမှ ကင်းလွတ်ခွင့်ပြုလိုက်ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများကပြောကြားသည်။ ယခုအခါ ဒဏ်ကြေးမရှိတော့သလို နောင်တွင် ဒီလိုကွဲလွဲမှုမျိုးမဖြစ်အောင် လိုင်စင် ထုတ်ပေးသည့်အချိန်တွင် ဥပမာ ၂ဝဝဝ ခုနှစ်လို့ လာပြီးလျောက်ထားသည့်သူတွေကို ၂ဝဝဝ/၂ဝဝ၁ လို့ တစ်ခါတည်း ပြင်ပေးလိုက်ကြောင်းလည်းသိရှိရသည်။

ကျွန်တော်တို့ MyanmarCarsDB မှ ယခင်အပတ်ကလျှင် ထိုသတင်းကို ဖော်ပြခဲ့ပြီး တွေ့ကြုံခံစားရသည့်ကားတင်သွင်းသူများ၏ ဒုက္ခကိုလဲ ထပ်ဆောင်းတင်ပြခဲ့ပါသည်။ ထို့အတွက် ယခုသတင်းကို MyanmarCarsDB မှ ဝမ်းမြောက်ဝမ်းသာကြိုဆိုပြီး ကားသွင်းသူများကိုယ်စားကျေးဇူးတင်ရှိပါသည်။ သို့သော်လည်း ယခင်ဒဏ်ကြေးဆောင်ထားသူများအတွက် Refund ပြန်ရမည်လောဆိုသည့် မေးခွန်းကို မသိရှိရသေးပါ။

ကားတင်သွင်းသူ၊ ဒဏ်ကြေးကြောင့်ရှေ့ဆက်မရသူ သင်္ဘောသားတစ်ဦးကတော့ အခုလိုပြောကြားသွားပါတယ်။

"ကျွန်တော့် မိသားစုလည်း အခုမှ သက်ပြင်းချနိုင်တော့တယ်။ ကျွန်တော်လည်း လိုတဲ့ငွေဘယ်မှာရှာပြီး ဘယ်လိုလုပ်ရွေးရမလဲ၊ မရွေးရင်လည်း မိသားစု စုဆောင်းထားတာ ကုန်ပြီဆိုပြီး တော်တော့်ကိုစိတ် ဒုက္ခရောက်နေတာ။ အခုသတင်း ကြားလိုက်တာ တော်တော်လေးကို စိတ်သက်သာသွားတယ်။ ဒီလို အများပြည်သူက လွဲတယ်လို့ထင်တဲ့ စနစ်တွေ၊ ပြင်ဆင်သင့်ပါတယ်လို့ ပြောခဲ့၊ တင်ပြခဲ့တာတွေကို အခုလို အလေးထား လုပ်ပေးတာမျိုးကို ကြားရတာနဲ့ ကျေးဇူးတင်ပါတယ်" ဟု ကားဟောင်းအပ်ကာ ပြည်ပမှ ကားပြန်လည်တင်သွင်းထားသူတစ် ဦးကပြောပြခဲ့သည်။

ကိုးကား| Eleven Media Group

Author