လိုင်စင်မဲ့ ကားအစီးရေ ၁၃ဝ ဖမ်းဆီးရမိခဲ့သော ၂ဝ၁၈ ရန်ကုန်

0

Full article

ရန်ကုန်တိုင်းဒေသကြီးတွင် ၂ဝ၁၈ ခုနှစ်အတွင်း လိုင်စင်မဲ့ကား ၁၃ဝ စီးကို ဖမ်းဆီးရမိခဲ့ပြီး လိုင်စင်မဲ့ကား မောင်းနှင်သူကိုပါ ထုတ်ကုန်သွင်းကုန်ဥပဒေအရ ထောင်ဒဏ်အထိ ချမှတ်နိုင်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

ရန်ကုန်တိုင်းအတွင်းမောင်းနှင်နေသော လိုင်စင်မဲ့ကားများကို ထိရောက်စွာအရေးယူမှုများ ထပ်မံပြုလုပ်သွားမည်ဖြစ်ရာ စီမံချက်နှင့် ဌာနပေါင်းစုံပါဝင်သော အဖွဲ့ ၁ဝ ဖွဲ့ဖြင့် ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်နေပြီး လိုင်စင်မဲ့ကားဟုတ်/မဟုတ် သိရှိနိုင်စေရန်အတွက် ကညန တွင်မှတ်ပုံတင်ထားသော မော်တော်ယာဉ်များ၏ စာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးသွားမည် ဖြစ်သည်။

"၂ဝ၁၈ ခုနှစ်ထဲမှာ လိုင်စင်မဲ့ကား အစီးရေ ၁၃ဝ ဖမ်းမိထားတယ်။ ယာဉ်မောင်းသူကိုပါ စစ်ဆေးတွေ့ရှိရင်တော့ ထုတ်ကုန်သွင်းကုန် ဥပဒေနဲ့ ထောင်ဒဏ်အထိချမှတ် အရေးယူလို့ရပါတယ်။ တစ်ချို့ကားတွေက လမ်းဘေးမှာ ကားကိုထားခဲ့ပြီး ပစ်ထားတာတွေလည်းရှိပါတယ်။" ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လမ်းမများပေါ်တွင်မောင်းနှင်နေသည့် မော်တော်ယာဉ်များတွင်
လိုင်စင်မဲ့ကားများ၊ ကညန မှထုတ်ပေးထားသော သတ်မှတ်ထားသည့် ယာဉ်နံပတ်ပြား မဟုတ်သောကားများနှင့် စည်းကမ်းဖောက်ဖျက် မောင်းနှင်နေသောကားများကို စီမံချက်ဖြင့် အရေးယူမှုများပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

Author