Full article

တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အ အက္ခရာကားများ အပ်နှံမှုသည် ၆ဝ ရာခိုင်နှုန်း ကျော်သွားပြီ ဖြစ်သော်လည်း ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှုပေါ်လစီသစ်ကို တရားဝင်ထုတ်ပြန်နိုင် ဦးမည် မဟုတ်သေးကြောင်း ကုန်းလမ်းပို့ ဆောင်ရေးညွန်ကြားမှုဦးစီးဌာန မှသိရသည်။

A-Akayar

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှု ပေါ်လစီအရ အပ်နှံဆဲအက္ခရာကား အရေအတွက်သည် ၆ဝ ရာခိုင်နှုန်း ကျော်လွန်ပါက နောက်ဆက်တွဲ အက္ခရာတစ်ခုကို အပ်နှံခွင့်ပြုခဲ့ရာ 'အ' အက္ခရာကားများ၏ အပ်နှံမှုသည် ရာခိုင်နှုန်း ပြည့်မီသွားပြီဖြစ်သည်။ အက္ခရာ တစ်ခုချင်းစီတွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အစီးရေ ၈,၈ဝဝ ဝန်းကျင်ရှိရာ အောက်တိုဘာ ၂၅ ရက်က အပ်နှံခွင့်ပြုခဲ့သော 'အ' အက္ခရာ ကားများမှာ ဇန်နဝါရီ ၁၄ ရက်အထိ အစီးရေ ၅,၁ဝဝ ကျော် အပ်နှံခဲ့ပြီး ဖြစ်ကြောင်း 'နေပြည်တော် ကညန'မှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ 'အ' အက္ခရာအစီးရေ ၄,၇၅ဝ ရှိရာတွင် ဇန်နဝါရီ ၁၄ ရက်အထိအစီးရေ ၃,၆၃၁ စီး အပ်နှံခဲ့ပြီးဖြစ်သည်။ 'အ' အက္ခရာကားများ အပ်နှံမှုသည် တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ၆ဝ ရာခိုင်နှုန်း ကျော်သွားပြီ ဖြစ်သော်လည်း ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှု ပေါ်လစီသစ် ထွက်ပေါ်မလာသေးသောကြောင့် ကားဟောင်းစလစ် ဈေးများလည်း တန့်နေ ကြောင်း ကားတင်သွင်း သူများထံမှ သိရသည်။ ယခုရက်ပိုင်းအတွင်းဖြစ်ပေါ်နေသော စလစ်ဈေးကွက်နှင့် ပတ်သက်၍ ကားဝယ်/ရောင်းတစ်ဦးက ကားဟောင်း စလစ် ဈေးတွေ ၉၅ သိန်းဝန်းကျင် မှာ တန့်နေတာ တစ်လကျော်ကြာသွားပါပြီ၊ ဒီလကုန်အထိ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုပေါ်လစီအသစ် ထွက်ပေါ်မလာခဲ့ရင်တော့ စလစ်ဈေး က သိန်းတစ်ရာကျော်အထိ မြင့်တက်သွားဖို့ ရှိပါတယ်၊ 'အ' အက္ခရာ ပြီးရင် '၁က' ကားတွေကိုပဲခေါ်မလား၊ နှစ်နှစ်ဆယ်ကျော် ကားတွေကိုပဲ ခေါ်မလားဆိုတာ မသိရတဲ့အတွက် လုပ်ရကိုင်ရ ကျပ်နေပါ တယ်ဟု ပြောကြားခဲ့သည်။

Ref: Automobile

Author