ညအချိန် စည်းကမ်းမဲ့မောင်းနှင်သော ပြိုင်ကားများကို စီမံချက်ဖြင့် ဖမ်းဆီးအရေးယူမှု စတင်မည်

0

Full article

ရန်ကုန်တိုင်းအတွင်း ညအချိန်တွင် စည်းကမ်းမဲ့မောင်းနှင်သော ပါဝါအိတ်ဇောတပ် ပြိုင်ကားများကို စီမံချက်ဖြင့် ထိရောက်စွာ ဖမ်းဆီးအရေးယူမှုများ စတင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်စေသည့် ပါဝါအိတ်ဇောတပ်၍ အသံဆူညံစွာ စည်းကမ်းမဲ့ မောင်းနှင်နေသော ပြိုင်ကားများကို စီမံချက်ဖြင့် ထိရောက်စွာ ဖမ်းဆီးအရေးယူမှုများ စတင်သွားမည်ဖြစ်ပြီး ယာဉ်မောင်းနှင်သူကိုလည်း လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူမှုများလုပ်ဆောင်သွားမည် ဖြစ်သည်။

"ရန်ကုန်တိုင်းအတွင်းမှာ အများပြည်သူကို စိတ်အနှောင့်အယှက်ဖြစ်တဲ့ စည်းကမ်းမဲ့ မောင်းနေတဲ့ ပါဝါအိတ်ဇောတပ်ကားတွေကို စီမံချက်ချပြီး အရေးယူဖမ်းဆီးတာလုပ်သွားမယ်။ တရားဝင် မှတ်ပုံတင်ထားတဲ့ လိုင်စင် မရှိရင်တော့ လိုင်စင်မဲ့ကားစီးနင်းတဲ့အတွက် ကားကိုသိမ်းပြီး ယာဉ်မောင်းကိုလဲ မော်တော်ယာဉ် ဥပဒေအရ အရေးယူသွားမှာပါ။" ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းသို့ စီမံချက်ချပြီး ဖမ်းဆီးရခြင်းမှာ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည့်အပြင် အသံဆူညံစွာ စည်းကမ်းမဲ့ မောင်းနှင်မှုကြောင့် အများပြည်သူများကို အနှောင့်အယှက်များ ဖြစ်ပေါ်နေခြင်း အပါအဝင် ယာဉ်အန္တရာယ်များကိုလည်း ဖြစ်ပေါ်စေနိုင်သောကြောင့် ယခုကဲ့သို့ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စီမံချက်ချ ဖမ်းဆီးဆောင်ရွက်မှုများပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

Author