ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ လုံခြုံရေးအဆင့်ထပ်မံမြှင့်တင်ထားသော ယာဉ်မောင်းလိုင်စင် smart card များကို ၂ဝ၁၉ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ စတင်ပြောင်းလဲထုတ်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာလိုက်သည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ လုံခြုံရေးအဆင့်မြှင်တင်ထားသည့် "ခ"၊ "ဂ" ၊ "ဃ" နှင့် "င" ယာဉ်မောင်းလိုင်စင် smart card များကို ကောက်ခံသည့်နှုန်းထားပြောင်းလဲခြင်းမရှိဘဲ ၂ဝ၁၉ ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ ပြောင်းလဲထုတ်ပေးသွားမည်ဖြစ်ပြီး ယာဉ်မောင်းလိုင်စင်အသစ်ထုတ်ပေးခြင်း၊ နှစ်လဲဆောင်ရွက်ခြင်း၊ ပျက်စီးနှင့်ပျောက်ဆုံးမိတ္တူဆောင်ရွက်ခြင်း၊ နယ်ဝင်/နယ်ထွက်ဆောင်ရွက်ခြင်းစသည့်လုပ်ငန်းများ ဆောင်ရွက်စဉ်တွင်ဖြစ်စေ၊ လက်ရှိ သက်တမ်းရှိ ယာဉ်မောင်းလိုင်စင်ကတ်များကို ယာဉ်မောင်းလိုင်စင်ကိုင်ဆောင်သူ၏ ဆန္ဒအရ အသစ်ပြောင်းလဲကိုင်ဆောင်လိုကြောင်း လျှောက်ထားလာလျှင်ဖြစ်စေ ပြောင်းလဲထုတ်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာလိုက်ခြင်းဖြစ်သည်။ အဆိုပါ လုံခြုံရေးအဆင့်မြှင့်တင်ထားသည့် smart card များတွင် ယာဉ်မောင်းလိုင်စင် စစ်မှန်မှုနှင့်စပ်လျဉ်းပြီး chip အတွင်းထည့်သွင်းထားသော အချက်အလက်များအား chip reader ကိုအသုံးပြုပြီးလည်းကောင်း၊ QR code အတွင်းထည့်သွင်းထားသည့်အချက်အလက်များကို QR code scanner ကိုအသုံးပြုပြီးလည်းကောင်း အလွယ်တကူစစ်ဆေးနိုင်မည်ဟုလည်း သိရသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦီးစီးဌာနမှ လက်ရှိထုတ်ပေးနေသည့် smart card ယာဉ်မောင်းလိုင်စင်များကို မသမာသူများမှ အတုအပ ပြုလုပ်ခြင်းများရှိနေသည့်အတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဖေါ်ထုတ်ဖမ်းဆီးခဲ့ရာ ၂ဝ၁၈ ခုနှစ်အတွင်း တရားခံစုစုပေါင်း ၁၇ ဦးနှင့် ယာဉ်မောင်းလိုင်စင်ကတ်အတုများ၊ ဆက်စပ်ပစ္စည်းများဖမ်းဆီးရမိခဲ့သည့်အတွက် ထိုသို့အလွယ်တကူ အတုအပ မပြုလုပ်နိုင်စေရန်နှင့် နိုင်ငံတကာအဆင့်မီ လုံခြုံမှုအစီအမံများပါဝင်သည့် smart card ယာဉ်မောင်းလိုင်စင်ဖြစ်စေရန်အတွက် လုံခြုံရေးအဆင့်မြှင့်တင်လိုက်ခြင်းဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုန်ပြန်ကြေညာထားရှိသည်။
Zing