Full article

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့:

  • Probox နှင့် Honda Fit ကားများ အင်ဂျင်အပူလွန်ကဲဟု သတင်းထွက်ပေါ်သော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်
  • စက်မှုဇုန်ထုတ်ကားများကိုလည်း အင်္ဂလိပ်နံပါတ်ပြားထုတ်ပေးရန် က.ည.န စီစဉ်
  • လုံခြုံရေးစနစ်ပါဝင်သော ကျောင်းကားများ Higer မှ တင်သွင်းမည်
  • City Taxi လိုင်စင်ဝင်သူ အမျိုးသမီးကိုးဦးရှိ
  • AA၊BB၊CC တက္ကစီများ စီးတီးတက္ကစီလိုင်စင် မရှိလျှင် တရားမဝင်
  • ဇွန်လအတွင်း က.ည.န မှ နံပါတ်အလှ ရောင်းချကာ အခွန်ငွေ ၁၂၉ဝ သိန်း ရှာဖွေပေးခဲ့
  • ဆူဇူကီး(မြန်မာမော်တာ) မှ Super Carry Truck အစီးသုံးရာကို Promotion ကာလအတွင်း အမေရိကန်ဒေါ်လာ ၇၃၅ဝ ဖြင့် ရောင်းချပေးနေ
  • CNG တပ်ဆင်ပြီး မြို့တွင်းခရီးသည်တင်ယာဉ် ၇၃ စီး ယာဉ်လိုင်း ၁၄ လိုင်းတွင် တိုးချဲ့ပြေးဆွဲ--more-

news_this_week

Probox နှင့် Honda Fit ကားများ အင်ဂျင်အပူလွန်ကဲဟု သတင်းထွက်ပေါ်သော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်

ဂျပန်နိုင်ငံမှ တင်သွင်းလာသည့် Probox နှင့် Honda Fit မော်တော်ယာဉ်များ အင်ဂျင်အပူလွန်ကဲခြင်းကြောင့် မီးလောင်ကြောင်း သတင်းများထွက်ပေါ်လာသော်လည်း မော်တော်ယာဉ်ဝယ်ရောင်းဈေးကွက်တွင် အဆိုပါကားအမျိုးအစားများမှာ အရောင်းသွက်သည့် စာရင်းထဲတွင်ပါဝင်နေဆဲဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ Probox, Belta, AD Van, Demio, Fit စသည့်ကားများမှာ မော်တော်ယာဉ်ဈေးကွက်အတွင်း အဓိကရောင်းချရသည့် ကားများဖြစ်ပြီး Probox မှာ လုပ်ငန်းသုံးလိုသူများနှင့် အဌားယာဉ်ပြုလုပ်မည့်သူများက ဝယ်ယူကြကာ လူကြိုက်များသည့်ကားအမျိုးအစားဖြစ်ကြောင်းသိရှိရသည်။

Ref: The Voice Daily

စက်မှုဇုန်ထုတ်ကားများကိုလည်း အင်္ဂလိပ်နံပါတ်ပြားထုတ်ပေးရန် က.ည.န စီစဉ်

စက်မှုဇုန်ထုတ် ကားများကိုလည်း အင်္ဂလိပ်နံပါတ်ဖြင့် ထုတ်ပေးရန် က.ည.န မှ စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။ ပြည်ပမှတင်သွင်းလာသောကားများကို အင်္ဂလိပ်နံပါတ်များဖြင့် မှတ်ပုံတင်ပေးသကဲ့သို့ ပြည်တွင်းစက်မှုဇုန်ထုတ်ကားများကိုလည်း အင်္ဂလိပ်နံပါတ်များဖြင့် မှတ်ပုံတင်ပေးရန် စီစဉ်နေကြောင်းသိရှိရသည်။ ပြည်ပမှတစ်ပတ်ရစ်ကားများ ဝင်ရောက်လာခဲ့ပြီးနောက် ပြည်တွင်းကားထုတ်လုပ်မှုလုပ်ငန်းများ နှေးကွေးသွားခဲ့သော်လည်း အခုနောက်ပိုင်းတွင် စက်မှုဇုန်ထုတ်ကားဈေးကွက်သည်လည်း ပြန်လည်အားကောင်းလာဖွယ်ရှိကြောင်း သိရှိရသည်။

Ref: Auto Mobile

လုံခြုံရေးစနစ်ပါဝင်သော ကျောင်းကားများ Higer မှ တင်သွင်းမည်

ကျောင်းဖွင့်ရာသီတွင် ကျောင်းသားကလေးများအတွက် လုံခြုံမှု အပြည့်အဝပေးနိုင်ရန်အတွက် လုံခြုံရေးစနစ်အပြည့်ပါအဝင်သော ကျောင်းကားများကို Higer မှ တင်သွင်းရောင်းချသွားမည်ဖြစ်ကြောင်းမန်နေဂျင်းဒါရိုက်တာ ဦးဝင်းမျိုးချစ်က ပြောကြားသည်။ အဆိုပါကျောင်းကားများမှာ ရာသီဥတု ဆိုးရွားနေချိန်တွင် အလွယ်တကူမြင်တွေ့နိုင်ရန် အဝါရောင်များဖြင့် ထုတ်လုပ်ထားကြောင်း ကားအတွင်းပိုင်းနှင့် အပြင်ပိုင်းများတွင်လည်း CCTV ကင်မရာများ တပ်ဆင်ထားကြောင်း၊ အရေးပေါ်တစုံတရာဖြစ်ပေါ်ပါက အနီးအနားရှိ ဈေးရုံများ၊ ရဲစခန်းများမှ ကား၏တည်နေရာကို သိရှိရန်အတွက် အရေးပေါ်ခလုတ်များတပ်ဆင်ထားကြောင်း၊ ကား၏ ကိုယ်ထည်ပိုင်းကို Electrophoresis နည်းပညာနှင့် ဆေးရည်စိမ်တည်ဆောက်ထားသောကြောင့် သံချေးတက်ခြင်းမှ ကင်းဝေးနိုင်ကြောင်း၊ သြဂုတ်လအတွင်း ရောက်ရှိလာမည်ဖြစ်ကြောင်းသိရသည်။

Ref: Auto Mobile

City Taxi လိုင်စင်ဝင်သူ အမျိုးသမီးကိုးဦးရှိ

ရန်ကုန်မြို့တွင်း လက်ရှိပြေးဆွဲနေသော City Taxi ဝင်ရောက်မောင်းနှင်ရန်အတွက် လိုင်စင်လျှောက်ထားသူ အမျိုးသမီး ကိုးဦးအထိအထိ ရှိပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်နှင့် City Taxi မှတ်ပုံတင် လုပ်ငန်း တွဲဖက်လုပ်ကိုင်နေသည့် View Media Service မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။ ရန်ကုန်မြို့တော် ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှုးရုံးများတွင် ဧပြီလမှ စတင်၍ ဇူလိုင်လအထိ City Taxi လိုင်စင် ဝင်ရောက်သည့်စီးရေ ၂၅ဝဝ ကျော် ရှိသည့်အနက် အမျိုးသမီးဦးရေ ကိုးဦးအထိရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

Ref: The Voice Daily

AA၊BB၊CC တက္ကစီများ စီးတီးတက္ကစီလိုင်စင် မရှိလျှင် တရားမဝင်

ရန်ကုန်မြို့တွင်းပြေးဆွဲနေသော AA၊ BB၊ CC ယာသ်နံပါတ်တပ်ဆင်မောင်းနှင်သော အဌားယာဉ်များ စီးတီးတက္ကစီလိုင်စင် ပြုလုပ်ခြင်းမရှိဘဲ ခရီးသည်တင်ဆောင်ပါက တရာမဝင်ကြောင်း ရန်ကုန်မြို့တော်စည်ပင်၊ စီမံရေးရာဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။ ရန်ကုန်မြို့တော်အတွင်း စီးတီးတက္ကစီလိုင်စင်ပြုလုပ်ထားခြင်းမရှိပဲ ခရီးသည်တင်ဆောင်သော ယာဉ်များကို မြို့တော်စည်ပင်နှင့် ယာဉ်ထိန်းတပ်ဖွဲ့တို့ ပူးပေါင်းကာ စ်ဆေးမှုများ ပြုလုပ်နေကြောင်းသိရှိရသည်။

Ref: The Voice Daily

ဇွန်လအတွင်း က.ည.န မှ နံပါတ်အလှ ရောင်းချကာ အခွန်ငွေ ၁၂၉ဝ သိန်း ရှာဖွေပေးခဲ့

ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနသည် ဇွန်လအတွင်း နံပါတ်အလှများ ရောင်းချခြင်းမှ အခွန်ငွေ ၁၂၉ဝ သိန်း ရှာဖွေပေးနိုင်ခဲ့ကြောင်း သိရသည်။ က.ည.န အနေဖြင့် ဇွန်လအတွင်း၌ ယာဉ်အစီးရေ ၂၁၃ စီးကို နံပါတ်အလှများ ရောင်းချပေးခဲ့ရာ နိုင်ငံတော်အတွက် ဘဏ္ဍာငွေ သိန်း ၁၂၉ဝ ရှာဖွေပေးနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့စိတ်ကြိုက်နံပါတ်များကို ရောင်းချပေးရာတွင် အပူးနံပါတ်အလှများကို အဓိကထားရောင်းချပေးခဲ့ရာ ထိုလအတွင်း ရောင်းချပေးခဲ့သော 4F/8888 မှာ စံချိန်တင်ဈေးအဖြစ် ကျပ် ၂၈ သိန်း ရရှိခဲ့ကြောင်း သိရှိရသည်။

Ref: Auto Mobile

ဆူဇူကီး(မြန်မာမော်တာ) မှ Super Carry Truck အစီးသုံးရာကို Promotion ကာလအတွင်း အမေရိကန်ဒေါ်လာ ၇၃၅ဝ ဖြင့် ရောင်းချပေးနေ

ဆူဇူကီး(မြန်မာမော်တာ) မှ Brand new Super Carry Truck အစီးရေ သုံးရာကို Promotion ကာလအတွင်း တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၇၃၅ဝ ဖြင့် စတင်ရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရသည်။ ဆူဇူကီး(မြန်မာမော်တာ)ကုမ္ပဏီသည် Suzuki Super Carry Truck များကို Suzuki R- ပုံစံအတိုင်း မြန်မာနိုင်ငံတွင် ပြန်လည်ထုတ်လုပ်ထားပြီး ၂ဝ၁၃ မော်ဒယ်လ် အဖြစ် ရောင်းချပေးနေခြင်းဖြစ်သည်။ အဆိုပါကားများမှာ အင်ဂျင်ပါဝါ ၁ဝဝဝစီစီ ဖြစ်ပြီး ဘယ်မောင်း All Manual 2 Weel ကားများဖြစ်သည်။ ထိုကားများသည် စက်စွမ်းအားကောင်းမွန်ခြင်း၊ ဂီယာငါးချက်ပါရှိခြင်း၊ ထိန်းသိမ်းမှုနှင့် ပြင်ဆင်ရာတွင် လွယ်ကူချောမွေ့ခြင်း၊ နေရာကျယ်ဝန်းပြီး နောက်ပိုင်းကိုယ်ထည်နိမ့်သဖြင့် ကုန်ပစ္စည်းများအလွယ်တကူ အတင်အချ ပြုလုပ်နိုင်ခြင်း စသည့်အားသာချက်များပါရှိပါသည်။

Ref: Auto Mobile

CNG တပ်ဆင်ပြီး မြို့တွင်းခရီးသည်တင်ယာဉ် ၇၃ စီး ယာဉ်လိုင်း ၁၄ လိုင်းတွင် တိုးချဲ့ပြေးဆွဲ

CNG တပ်ဆင်ပြီးဖြစ်သည့် မြို့တွင်းခရီးသည်တင်ယာဉ် ၇၃ စီးသည် မြို့တွင်းမော်တော်ယာဉ်လိုင်း ၁၄ လိုင်းတွင် တိုးချဲ့ပြေးဆွဲနေပြီဖြစ်ကြောင်း မ.ထ.သ(ဗဟို) မှ သတင်းရရှိသည်။ ယာဉ်များတိုးချဲ့ပြေးဆွဲရာတွင် မ.ထ.သ ယာဉ်လိုင်းအဖွဲ့အစည်းလက်အောက်ရှိ ယာဉ်လိုင်းအသီးသီးသို့ ခွဲဝေကာ တိုးချဲ့ကာပြေးဆွဲလျက်ရှိကြောင်း သိရသည်။ သဘာဝဓါတ်ငွေ့ ကုဗပေ တစ်သန်းမှ CNG ထုတ်ယူပြေးဆွဲရန်အတွက် မြို့တွင်းယာဉ်လိုင်း ၂၂ လိုင်းမှ စွမ်းအင်ဝန်ကြီးဌာနသို့ တင်ပြလျှောက်ထားခဲ့ပြီး ယင်းယာဉ်လိုင်းများမှ မော်တော်ယာဉ် ၁၃၁ စီးကို CNG ထုတ်ယူပြေးဆွဲခွင့်ပြုခဲ့ကာ လက်ရှိတွင် ယာဉ်လိုင်း ၁၄ လိုင်းမှ မော်တော်ယာဉ် ၇၃စီးသာ CNG ထုတ်ယူပြေးဆွဲနိုင်ကြောင်း မ.ထ.သ(ဗဟို) ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

Ref: Auto Mobile

Author