Full article

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့:

  • ရင်ကွဲတံခါး Open Cab ယာဉ်များကို OSS မှတန်ဖိုးသတ်မှတ်ပြီးမှသာ အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပေးမည်
  • ရန်ကုန်-မန္တလေး ကွန်ကရစ်အမြန်လမ်းနှင့် အထူးသင့်တော်သော ဝင်ရိုးသုံးချောင်းပါ Higer Bus ကားများရောက်ရှိပြေးဆွဲ
  • အဝေးပြေးဆိုက်ရောက်စခန်း သြဂုတ်ပထမပတ်တွင် ပြီးစီးမည်
  • မော်တော်ယာဉ်မှတ်ပုံတင်ခွန် ပေးသွင်းနိုင်သည့် ဘဏ်ခွဲသုံးခုထပ်တိုး
  • သ' အပ်နှံခွင့်ပြု၍ အအက္ခရာကားဟောင်းများဈေးတက်
  • Taxi Rental ဝန်ဆောင်မှု မြန်မာပြည်တွင် ကျယ်ပြန့်စွာအသုံးပြုနိုင်တော့မည်
  • ဆိပ်ကမ်းသို့ရောက်ရှိလာသော ကုန်ပစ္စည်းများအားလုံး ကြိုတင်အမြတ်ခွန်(၂)ရာခိုင်နှုန်းတိုးကောက်
  • တက္ကစီများကို CNG ထပ်မပေးတော့ဟုဆို
  • ကားဈေး(၁ဝ)သိန်းထိမြင့်တက်မည်
  • ရန်ကုန်တွင် တရားမဝင် ကားဈေးကွက်လေးများ ပေါ်ထွက်လာ--more-

news_this_week

ရင်ကွဲတံခါး Open Cab ယာဉ်များကို OSS မှ တန်ဖိုးသတ်မှတ်ပြီးမှသာ အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပေးမည်

အကောက်ခွန်ဦးစီးဌာနမှ ရင်ကွဲတံခါး Open Cab ယာဉ်များကို OSS မှ တန်ဖိုးသတ်မှတ်ပြီးမှသာ ထုတ်ပေးမည်ဖြစ်ကြောင်းသိရှိရသည်။OSS မှ တန်ဖိုးမသတ်မှတ်ရသေးသော ရင်ကွဲတံခါးOpen Cab ယာဉ်များကို အကောက်ခွန်ဦးစီးဌာနအနေဖြင့် ယခင်က လုပ်ငန်းသုံးယာဉ်များအတိုင်း အခွန်ကောက်ခံပြီး ထုတ်ပေးခဲ့သည်။ သို့သော် လွန်ခဲ့သည့်နှစ်ပတ်မှစ၍ ထိုကားများကိုစီစစ်ပြီး တရားဝင်တန်ဖိုးထုတ်ပြန်ပေးရန် OSS ထံ အကြောင်းကြားထားကြောင်း သိရှိရသည်။

Ref: Auto mobile weekly journal

ရန်ကုန်-မန္တလေး ကွန်ကရစ်အမြန်လမ်းနှင့် အထူးသင့်တော်သော ဝင်ရိုးသုံးချောင်းပါ Higer Bus ကားများ ရောက်ရှိပြေးဆွဲ

ရန်ကုန်-မန္တလေး ကွန်ကရစ်အမြန်လမ်းနှင့် အထူးသင့်တော်သော ဝင်ရိုးသုံးချောင်းပါ Express ကားများ ရောက်ရှိပြေးဆွဲနေပြီဖြစ်ကြောင်း Higer bus ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းမျိုးချစ်က ပြောသည်။ ယာဉ်အန္တရာယ် ကင်းရှင်းလုံခြုံစေရန်အတွက် အမြင့်မားဆုံးနည်းပညာဖြင့် တည်ဆောက်ထားသော ဝင်ရိုးသုံးချောင်းပါရှိသည့် 3 Axles Higer Bus များစတင်တင်သွင်းခဲ့ပြီး လက်ရှိအချိန်တွင် JJ Express၊ ရာဇာထွန်း၊ ရာဇာမင်း၊ ငွေနှင်းမန္တလာ၊ တက်လမ်း စသော အဝေးပြေးယာဉ်လိုင်းများမှ ကြိုတင်မှာယူကာ ပြေးဆွဲနေပြီဖြစ်ကြောင်း သိရှိရသည်။

Ref: Auto mobile weekly journal

အဝေးပြေးဆိုက်ရောက်စခန်း သြဂုတ်ပထမပတ်တွင် ပြီးစီးမည်

ယာဉ်လိုင်းပေါင်း(၂ဝဝ)ကျော်ဝင်ထွက်သွားလာနေသည့် အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းအတွင်း တည်ဆောက်နေသော ခရီးသည်ဆိုက်ရောက်ရပ်နားစခန်းကို သြဂုတ်(၇)နေ့တွင် အပြီးဆောက်လုပ်သွားမည်ဖြစ်ကြောင်း မြင့်နှင့်ပိုင်ကုမ္ပဏီမှ အထွေထွေမန်နေဂျာဦးလှထွေးမှ ပြောကြားသည်။ ယင်းဆိုက်ရောက်အဝေးပြေးစခန်းတွင် မော်တော်ယာဉ်အစီး(၃ဝ)ခန့် တပြိုင်နက်တည်း ဝင်ထွက်သွားလာနိုင်မည်ဖြစ်ပြီး လက်ရှိဆောက်လုပ်ရေးလုပ်ငန်း(၇ဝ)ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။

Ref: The Voice Daily

မော်တော်ယာဉ်မှတ်ပုံတင်ခွန် ပေးသွင်းနိုင်သည့် ဘဏ်ခွဲသုံးခုထပ်တိုး

က.ည.န တွင် ကနဦးယာဉ်မှတ်ပုံတင်ခြင်းအတွက် အခွန်များပေးသွင်းရာတွင် မြန်မာ့စီးပွားရေးဘဏ်ခွဲ(သင်္ဃန်းကျွန်း)၌သာ ပေးသွင်းခွင့်ပြုခဲ့ရာမှ ဇွန်လ(၂၄)နေ့မှစ၍ အခွန်ပေးသွင်းရန် မြန်မာ့စီးပွားရေးဘဏ်ခွဲသုံးခုကို ထပ်မံတိုးထားကြောင်း အဆိုပါဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။ သင်္ဃန်းကျွန်းဘဏ်ခွဲတစ်ခုတည်းဖြင့် မလုံလောက်သောကြောင့် မြန်မာ့စီးပွားရေးဘဏ်ခွဲများဖြစ်သော ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)နှင့် ဘဏ်ခွဲ(၅)တို့ ထပ်မံတိုးချဲ့ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

Ref: The Voice Daily

"သ"အပ်နှံခွင့်ပြု၍ "အ" အက္ခရာကားဟောင်းများဈေးတက်

"သ"အက္ခရာမော်တော်ယာဉ်ဟောင်းများကို ဇွန်လ(၂၅)ရက်နေ့တွင် စတင်အပ်နှံခွင့်ပြုမည်ဖြစ်သောကြောင့် "အ"အက္ခရာ မော်တော်ယာဉ်ဟောင်းတစ်စီးလျှင် ကျပ်သုံးသိန်းခန့်ဈေးမြင့်တက်လာကြောင်း ယာဉ်ဝယ်ရောင်းဈေးကွက်အတွင်းမှ သိရှိရသည်။ "အ"ယာဉ်ဟောင်းများမှာ "သ"ယာဉ်ဟောင်းများအပ်နှံပြီးပါက အပ်နှံခွင့်ပြုမည်ဖြစ်၍ ယခုကဲ့သို့ဈေးမြင့်တက်လာခြင်းဖြစ်ပြီး အပ်နှံခွင့်ပြုသည့် အက္ခရာတစ်ခုပြောင်းသည့်အချိန်တိုင်း နောက်လာမည့်ကားဟောင်းများ ဈေးမြင့်တက်လေ့ရှိကြောင်း သိရှိရသည်။

Ref: The Voice Daily

Taxi Rental ဝန်ဆောင်မှု မြန်မာပြည်တွင် ကျယ်ပြန့်စွာအသုံးပြုနိုင်တော့မည်

မြန်မာပြည်တွင် ဝန်ဆောင်မှုလုပ်ငန်းများစွာရှိရာ Taxi များကိုစီးလုံးဌား၍ အဌားကားမောင်းနှင်နိုင်သော Taxi Rental ဝန်ဆောင်မှုမှာ ယခုအချိန်တွင်လူကြိုက်များပြီး နိုင်ငံတကာအဆင့်မီစွာ ပြုလုပ်နိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။ အထက်ပါလုပ်ငန်းဝန်ဆောင်မှုပေးရာတွင် ကားတစ်စီးကို ဘဏ်နှင့်ချိတ်ဆက်၍ Hire Purchase ရောင်းချသလိုမျိုး၊ ကားကိုကြိုပွိုင့်အဖြစ်ရောင်းချသလိုမျိုး မရိုးရှင်းကြောင်းနှင့် Taxi ကိုမောင်းနှင်ရန်ချပေးလိုက်ရာတွင် အဌားကားမောင်းသူသည် အဆိုပါကားအားမောင်းနှင်ရန် စပေါ်ငွေရှိရမည်။ ကားအတွက်နေ့စဉ် Owner ကြေးလည်းပေးရမှာဖြစ်သောကြောင့် အကယ်၍ Taxi Rental လုပ်မည်ဆိုပါက သေချာစွာစီစစ်ပြီးမှ လုပ်သင့်ကြောင်း သိရှိရသည်။

Ref: Auto World

ဆိပ်ကမ်းသို့ရောက်ရှိလာသော ကုန်ပစ္စည်းများအားလုံး ကြိုတင်အမြတ်ခွန်(၂)ရာခိုင်နှုန်းတိုးကောက်

ဆိပ်ကမ်းသို့ရောက်ရှိလာသည့် မော်တော်ယာဉ်များနှင့် ကုန်ပစ္စည်းများကို ပြည်တွင်းအမြတ်ခွန်နှင့် ကုန်သွယ်ခွန်များအတွက် ဇွန်လ(၁၄)ရက်နေ့မှစတင်ကာ ကြိုတင်အမြတ်ခွန်အဖြစ်(၂)ရာခိုင်နှုန်းတိုး၍ ကောက်ခံနေကြောင်းသိရှိရသည်။ ယခင်က ကုမ္ပဏီများအနေဖြင့်(၁ဝ)ရာခိုင်နှုန်း အခွန်ပေးသွင်းထားရပြီး လချုပ်/နှစ်ချုပ်စသည်ဖြင့် ရှင်းလင်းရကြောင်း သိရှိရသည်။ ယခုကဲ့သို့ ကြိုတင်အခွန်ကောက်ခံခြင်းကြောင့် အခွန်တိမ်းရှောင်မှုအား ကာကွယ်ရာရောက်ကြောင်း ကားလုပ်ငန်းရှင်တစ်ဦးမှ ပြောကြားသည်။

Ref: Auto World

တက္ကစီများကို CNG ထပ်မပေးတော့ဟုဆို

သဘာဝဓါတ်ငွေ့တူးဖော်ရေးစီမံကိန်းများမှ ရရှိလာမည့် မော်တော်ယာဉ်သုံးသဘာဝဓါတ်ငွေ့(CNG)ကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးများတွင်သာ ဦးစားပေးအသုံးပြုမည်ဖြစ်သည့်အတွက် ယခင် CNG တက္ကစီများမှလွဲ၍ CNG အိုးအသစ်များ ထပ်မံချပေးမည်မဟုတ်တော့ကြောင်း မြန်မာ့ရေနံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယခင်က CNG တပ်ဆင်ထားပြီး ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှုစနစ်ဖြင့် အသစ်တင်သွင်းလာသည့် တက္ကစီများကိုမူ CNG ပြန်လည်တပ်ဆင်ခွင့်ပြုသွားမည်မဟုတ်ကြောင်း ၎င်းကပြောဆိုသည်။

Ref: The Voice Daily

ကားဈေး(၁ဝ)သိန်းထိမြင့်တက်မည်

ရန်ကုန်ကားဈေးကွက်မှာ လာမည့်လများတွင် ကျပ်(၁ဝ)သိန်းခန့်အထိ မြင့်တက်မည်ဟု ကားဝယ်ရောင်းများမှ ခန့်မှန်းကြကြောင်း သိရှိရသည်။ ဇွန်လလယ်ထိ ကားသင်္ဘောလေးစီးခန့် ဆိုက်ကပ်ခဲ့ပြီး ဇွန်လ(၁၄)နှင့်(၂ဝ)ရက်များတွင်လည်း ထပ်မံ၍ သင်္ဘောနှစ်စီးဆိုက်ကပ်ဦးမည်ဟု သိရသည်။ ယခုလနှောင်းပိုင်းဆိုက်ကပ်မည့် ကားသင်္ဘောများတွင် ပါလာသောကားများသည် အနည်းဆုံးကျပ်(၁ဝ)သိန်းခန့် မြင့်တက်မည်ဟု သိရသည်။

Ref: 7 DAY SHOPPING GUIDE

ရန်ကုန်တွင် တရားမဝင် ကားဈေးကွက်လေးများ ပေါ်ထွက်လာ

ရန်ကုန်မြို့တွင် တပိုင်တနိုင်ရောင်းဝယ်လျက်ရှိသော ကားပွဲစားတန်းကို ဟံသာဝတီမှပြောင်းရွှေ့ရပြီးနောက်ပိုင်းတွင် တရားမဝင်ကားဈေးကွက်များသည် မြို့နေရာအနှံ့သို့ ကျယ်ပြန့်သွားကြောင်း ဝါရင့်ဝယ်ရောင်းများက ပြောသည်။ လက်ရှိရန်ကုန်တွင် ကားအဟောင်းရောင်းဝယ်သည့်နေရာများမှာ ဟံသာဝတီအခွန်လွတ်ဈေးဝန်းကျင်၊ ကျိုက္ကစံဘုရားဝန်းကျင်၊ ဆရာဝန်အသင်းတိုက်ဝန်းကျင်၊ တာမွေသတိပဌာန်နှင့် မြောက်ဥက္ကလာအဝိုင်းဝန်းကျင်တွင် လမ်းပေါ်မှာပင် ကားဝယ်ရောင်းများ ပြုလုပ်နေကြကြောင်း သိရသည်။

Ref: 7 DAY SHOPPING GUIDE

Author

Comments