Full article

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့:

  • ကီလိုလျှော့ထားသည့်ကားများကိုစီစစ်ရန် OSS အဖွဲ့မှ အကောက်ခွန်ဦးစီးဌာနနှင့်က.ည.နထံ တင်ပြထား
  • အပ်ကားများ ရှားပါးလာသည်နှင့်အမျှ လအက္ခရာကားများ နေ့စဉ်အစီးရေ(၁ဝ)စီးကျော်သာ လာရောက်အပ်နှံ
  • ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ရှစ်လတာကာလအတွင်း မော်တော်ယာဉ်အစီးရေ တစ်သိန်းခုနှစ်သောင်းကျော်တိုးလာ
  • မန္တလေးမြို့ခံများ မော်တော်ဆိုင်ကယ်ထက် ကားကို ဦးစားပေးရွေးချယ်လာ
  • ဈေးကွက်ခန့်မှန်းလို့မရသည့် သီရိမင်္ဂလာကားဈေးကွက်
  • စက်မှုဇုန်ထုတ်ယာဉ်များ နယ်ထွက်စရာမလိုဘဲ လိပ်စာပြောင်းလျှောက်ထားနိုင်
  • ဘတ်စ်ကားများ CNG ဓါတ်ငွေ့ရရှိမှု ခက်ခဲလာနိုင်
  • အရည်အသွေးမမီသော မီးပွိုင့်များကြောင့် ယာဉ်မတော်တဆမှုများ မြင့်တက်
  • ၂ဝဝ၈ အထက်ကားများ Showroom များတွင်တင်သွင်းခွင့်ပြုရန်ညှိနှိုင်း
  • အပ်နှံယာဉ်ဟောင်းနည်းလာ၍ စလစ်ဈေးမြင့်
  • ရာသက်ပန်တက္ကစီ BBနံပါတ်(၉၃ဝဝ)သို့ရောက်
  • မန္တလေးတွင် အခြင်အတွယ်မပြည့်သည့် ဓါတ်ဆီဆိုင်နှစ်ဆိုင်ကို သတိပေး--more-

news_this_week

ကီလိုလျှော့ထားသည့် ကားများကိုစီစစ်ရန် OSS အဖွဲ့မှ အကောက်ခွန်ဦးစီးဌာနနှင့် က.ည.နထံ တင်ပြထား

ပြည်ပမှတင်သွင်းပြီး ကီလိုလျှော့ထားသည့် ကားများကိုစီစစ်ရန် OSS အဖွဲ့မှ အကောက်ခွန်ဦးစီးဌာနနှင့် က.ည.န သို့ တင်ပြထားကြောင်း သိရသည်။ မော်တော်ယာဉ်တင်သွင်းသူအချို့သည် ပြည်ပမှကားများ တင်သွင်းလာပြီးနောက် ကီလိုလျှော့ပြီး ဈေးလျှော့ရောင်းချမှုများရှိသဖြင့် အမှန်အကန် တင်သွင်းရောင်းချသော ကားအရောင်းစင်တာများအနေဖြင့် နစ်နာမှုများရှိသဖြင့် လေလံတွင်ပါရှိသည့် Cancellation အတိုင်း ရောင်းချရန် အထက်ပါဌာနများသို့ တင်ပြထားခြင်းဖြစ်ကြောင်း သိရှိရသည်။

Ref: Automobile

အပ်ကားများရှားပါးလာသည်နှင့်အမျှ "လ" အက္ခရာကားများ နေ့စဉ်အစီးရေ(၁ဝ)စီးကျော်သာ လာရောက်အပ်နှံ

အရည်ကျိုအပ်ကားများ ရှားပါးလာသည်နှင့်အမျှ "လ" အက္ခရာကားများလည်း နေ့စဉ်အစီးရေ(၁ဝ)စီးကျော်သာ လာရောက်အပ်နှံကြောင်း က.ည.န မှသိရှိရသည်။ "လ" အက္ခရာကားများကို ဖေဖော်ဝါရီ(၂၈)ရက်မှ စတင်အပ်နှံခွင့်ပြုခဲ့ပြီး ဇွန်လ(၅)ရက်အထိ "သ" အက္ခရာကို အပ်နှံခွင့်မပြုသောကြောင့် အပ်ကားများရှားပါးလာပြီး စလစ်ဈေးများလည်း မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။

Ref: Automobile

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ရှစ်လတာ ကာလအတွင်း မော်တော်ယာဉ်အစီးရေ တစ်သိန်းခုနှစ်သောင်းကျော်တိုးလာ

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ရှစ်လတာကာလအတွင်း မော်တော်ယာဉ်အစီးရေ တစ်သိန်းခုနှစ်သောင်းကျော် တိုးလာခဲ့ကြောင်း က.ည.န မှ သိရှိရသည်။ ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလက ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်အစီးရေ နှစ်သိန်းနှစ်သောင်းကျော်ရှိရာမှ ယခုနှစ် ဇွန်လတွင် အစီးရေ သုံးသိန်းကိုးသောင်းကျော်အထိ တိုးလာကြောင်း သိရှိရသည်။

Ref: Automobile

မန္တလေးမြို့ခံများ မော်တော်ဆိုင်ကယ်ထက် ကားကို ဦးစားပေးရွေးချယ်လာ

မန္တလေးမြို့တွင် နေထိုင်သော လူလတ်တန်းစားအလွှာများသည် သင့်တော်သည့်ကားဈေးကွက် အနေအထားတစ်ခုရှိလာသောကြာင့် မော်တော်ဆိုင်ကယ်ထက် ကားကို ဦးစားပေးရွေးချယ်လာသဖြင့် ဆိုင်ကယ်ရောင်းအားများ ကျဆင်းနေကြောင်း သိရှိရသည်။ လက်ရှိမန္တလေးမြို့တွင် မော်တော်ဆိုင်ကယ်ဦးရေ သုံးသိန်းခွဲကျော် နှင့် မော်တော်ယာဉ်အစီးရေ ခြောက်သောင်းကျော်ရှိကြောင်း သိရှိရသည်။

Ref: Automobile

ဈေးကွက်ခန့်မှန်းလို့မရသည့် သီရိမင်္ဂလာကားဈေးကွက်

ယခုရက်ပိုင်းအတွင်း သီရိမင်္ဂလာယာဉ်ရောင်းဝယ်ရေးစခန်းတွင် ပုံမှန်မရှိဘဲ အရောင်းအဝယ်ဈေးကွက်ကို ခန့်မှန်း၍မရကြောင်း ဝါရင့်ကားဝယ်/ရောင်းတစ်ဦးက ပြောသည်။ သီရိမင်္ဂလာယာဉ်ရောင်းဝယ်ရေးစခန်းတွင် ညအိပ်ကားများ များပြားလျက်ရှိနေသောကြောင့် အခြားသောရောင်းချလိုသည့် ယာဉ်ပိုင်ရှင်များအနေဖြင့် မိမိကားအား ရပ်နားထားရန် အဆင်မပြေဘဲ ဝယ်/ရောင်းများနှင့်ချိတ်ဆက်ကာ အခြားနေရာများတွင် ကားပြသပြီး ရောင်းချမှုများရှိနေကြောင်း ယာဉ်ပိုင်ရှင်တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

Ref: Automobile

စက်မှုဇုန်ထုတ်ယာဉ်များ နယ်ထွက်စာမလိုဘဲ လိပ်စာပြောင်းလျှောက်ထားနိုင်

စက်မှုဇုန်ထုတ်ယာဉ်များအနေဖြင့် လိပ်စာပြောင်းလျှောက်ထားရာတွင် နယ်ထွက်လိပ်စာမလိုဘဲ လိပ်စာပြောင်းဖြင့် မှတ်ပုံတင်ပြုလုပ်ပေးမည်ဖြစ်ကြောင်း က.ည.န မှ သတင်းထုတ်ပြန်သည်။ က.ည.န အနေဖြင့် နယ်လိပ်စာပြောင်းမည့်ယာဉ်များကို နယ်ထွက်လိပ်စာမလိုဟု ဖြေလျှော့ပေးခဲ့ရာတွင် စက်မှုဇုန်ထုတ်ကားများအတွက်သာဖြစ်ပြီး ပြည်ပမှတင်သွင်းလာသည့်ကားများ မပါဝင်ကြောင်း သိရှိရသည်။

Ref: The Voice Daily

ဘတ်စ်ကားများ CNG ဓာတ်ငွေ့ရရှိမှု ခက်ခဲလာနိုင်

ရန်ကုန်မြို့တော်တွင် ခရီးသည်ပြည်သူများအတွက် ဘတ်စ်ကားများသည် အဓိကကျပေသည်။အဆိုပါဘတ်စ်ကားများသည် CNG သဘာဝဓါတ်ငွေ့နှင့် လည်ပတ်နေသောကြောင့် ဘတ်စ်ကားများ ထပ်မံတင်သွင်းလာပါက မြန်မာနိုင်ငံတွင် သဘာဝဓါတ်ငွေ့ကို အတိုင်းအတာဖြင့် သုံးနေရသောကြောင့် အခက်အခဲများဖြစ်လာနိုင်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတွင် CNG သုံး မော်တော်ယာဉ်စီးရေ(၂၇၄၇၆)စီးရှိကြောင်းနှင့် အရောင်းဆိုင်(၄၅)ဆိုင်၊တစ်လလျှင် CNG ကုဗပေသန်း(၆ဝ)ခန့် ရောင်းချလျက်ရှိသည်။

Ref: Auto World

အရည်အသွေးမမီသော မီးပွိုင့်များကြောင့် ယာဉ်မတော်တဆမှုများ မြင့်တက်

လက်ရှိမြန်မာနိုင်ငံတွင် မော်တော်ယာဉ်များ တစ်နေ့တစ်ခြားများပြားလျက်ရှိရာ လမ်းကြပ်မှုများ မကြာခဏဖြစ်ပေါ်လျက်ရှိသည်။ ဤကဲ့သို့ လမ်းကြပ်မှုများဖြစ်ရသည်မှာ အချို့သောနေရာများရှိ အရည်အသွေးမမီသော မီးပွိုင့်များကြောင့်ဖြစ်ကြောင်း သိရှိရသည်။ထိုမီးပွိုင့်များကို အသုံးပြုနေကြသောကြောင့် ယာဉ်ကြောပိတ်ဆို့မှုအပြင် နောက်ဆက်တွဲအဖြစ် ယာဉ်မတော်တဆမှုဖြစ်စဉ်များ မြင့်တက်လာကြောင်း JICA လေ့လာရေးအဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။

Ref: Auto World

၂ဝဝ၈ အထက်ကားများ Showroom များတွင် တင်သွင်းခွင့်ပြုရန်ညိုနှိုင်း

ကား Showroom များတွင်(၂ဝဝ၇) မော်ဒယ်လ်အထိ တင်သွင်းခွင့်ပြုထားပြီး မကြာမီကာလတွင်(၂ဝဝ၈) အထက်မော်လ်ဒယ်လ်ကားများကိုတင်သွင်းခွင့်ပြုရန် စီးပွားကူးသန်း ဝန်ကြီးဌာနနှင့် ကားလုပ်ငန်းရှင်များ ဇွန်(၆)ရက်နေ့တွင် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ ၂ဝဝ၈ ကားများကို Freepermit ဖြင့် တင်သွင်းခွင့်ပြုထားပြီး ကားShowroom များကို တင်သွင်းရောင်းချခွင့်မပြုသေးသဖြင့် ကားလုပ်ငန်းရှင်များဘက်မှ မျှော်လင့်နေကြောင်း သိရှိရသည်။ ယင်းကဲ့သို့ တင်သွင်းရောင်းချခွင့်ပြုခဲ့ပါက Customer များအနေဖြင့် စိတ်တိုင်းကျမိမိအမည်ပေါက်ဖြင့် မော်လ်ဒယ်လ်မျိုးစုံအား ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

Ref: Auto world

အပ်နှံယာဉ်ဟောင်းနည်းလာ၍ စလစ်ဈေးမြင့်

က.ည.န သို့ အပ်နှံနိုင်သည့် နှစ်(၂ဝ)သက်တမ်းရှိ မော်တော်ယာဉ်များ နည်းပါးလာသဖြင့် ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှုစလစ်တစ်စောင်လျှင် ကျပ်သိန်းတစ်ရာနီးပါး ဈေးပေါက်နေကြောင်း ယာဉ်ဝယ်ရောင်းလုပ်ငန်းရှင်များထံမှ သိရှိရသည်။ လက်ရှိတွင် "လ"အက္ခရာ မော်တော်ယာဉ်များ အပ်နှံခွင့်ပြုထားပြီး ယာဉ်အိုယာဉ်ဟောင်းအပ်နှံရန် "သ" နှင့် "အ"အက္ခရာမော်တော်ယာဉ်များသာ ကျန်ရှိတော့သဖြင့် ဈေးမြင့်တက်နေခြင်းဖြစ်ကြောင်း ဝါရင့်ဝယ်ရောင်းတစ်ဦးဖြစ်သူ ဦးကျော်စိုးကပြောသည်။ စလစ်ဈေးတက်နေသဖြင့် အရောင်းအဝယ်အေးနေပြီး အမှန်တကယ်လိုအပ်သူများသာ ဝယ်ယူသည့်အတွက် ရောင်းလိုအားများနေကြာင်း အဆိုပါဈေးကွက်အတွင်းမှသိရှိရသည်။

Ref: The Voice Daily

ရာသက်ပန်တက္ကစီ BB နံပါတ်(၉၃ဝဝ)သို့ရောက်

ရာသက်ပန်အဌားယာဉ်အဖြစ်သာ အသုံးပြုရန် ခွင့်ပြုထားသည့် AA၊ BB အက္ခရာများကို က.ည.န မှ ထုတ်ပေးရာတွင် BB အက္ခရာ(၉၃ဝဝ)သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ယင်းဌာနလက်ထောက်ညွန်ကြားရေးမှုး ဦးသိန်းထွဋ်က ပြောကြားသည်။ BB အက္ခရာများကုန်ဆုံးလျှင် CC အက္ခရာများကို ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကာ ပြင်ပအဌားယာဉ်လောကတွင် သတင်းထွက်ပေါ်နေသကဲ့သို့ CC အက္ခရာများကို နယ်မြို့များတွင်သာ မောင်းနှင်နိုင်သည့် လိုင်စင်ထုတ်ပေးရန်စီစဉ်ထားသည်မှာ မဟုတ်မှန်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

Ref: The Voice Daily

မန္တလေးတွင် အခြင်အတွယ်မပြည့်သည့် ဓါတ်ဆီဆိုင်နှစ်ဆိုင်ကို သတိပေး

မန္တလေးတိုင်းဒေသကြီးရှိ စက်သုံးဆီအရောင်းဆိုင်များကို စစ်ဆေးခဲ့ရာ အခြင်အတွယ်မပြည့်သည့် အရောင်းဆိုင်နှစ်ဆိုင်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် သတိပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး၊ ရေနံထုတ်ပစ္စည်းများတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီထံမှ သိရှိရသည်။ မန္တလေးခရိုင်တွင် ဓါတ်ဆီဆိုင်များ ဆီဂါလန်ပြည့်၊ မပြည့်စစ်ဆေးမှုကို မေလပထမပတ်တွင် စတင်ခဲ့ပြီး စက်သုံးဆီဆိုင်(၂ဝ)ခန့်ကို စစ်ဆေးခဲ့ကြောင်း မန္တလေးခရိုင်အထွေထွေအုပ်ချုပ်ရေးမှုးရုံးထံမှ သိရှိရသည်။

Ref: The Voice Daily

Author

Comments