Full article

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့:

  • ရန်ကုန်မြို့ရှိ မီးပွိုင့်များပြုပြင်ရန် ကျပ်သိန်း ၁၅ဝဝ ကျော် အသုံးပြုမည်
  • မန္တလေးတွင် အဌားယာဉ်ဝန်ဆောင်မှုလုပ်ကိုင်ရန် ကုမ္ပဏီ ၂ဝ ခန့်လျှောက်
  • ထပ်မံတင်သွင်းလာသည့်ဘက်စ်ကားများ CNG မရနိုင်သေးဟုဆို
  • လိုင်စင်မဲ့ကားအစီးရေ တစ်ရာကျော်ဝန်းကျင် မြဝတီနယ်စပ်မှနေ့စဉ်အဝင်ရှိ
  • ရက်ပိုင်းအတွင်းမော်တော်ယာဉ်မှတ်ပုံတင်ကြေးအား မြန်မာကျပ်ငွေဖြင့် ပေးသွင်းရတော့မည်
  • တိုက်ကြေကားများအား နိုင်ငံပိုင်အဖြစ်သိမ်းဆည်းသွားမည်
  • လိုင်စင်မဲ့ကားများကို Wheel Tax တစ်စုံလျှင် ကျပ်သုံးသိန်းဖြင့်ရောင်းချပေးနေဟုဆို
  • အမြန်လမ်းမကြီးတွင် အမေရိကန်ထုတ် အရှိန်တိုင်းကိရိယာဖြင့် မှတ်သားအရေးယူမည်
  • SSPP/SSA ကို ကာအစီး(၂ဝ)လိုင်စင်ထုတ်ပေး
  • BB ပြီးတော့ CC တက္ကစီများအား ယခုလအတွင်း ထုတ်ပေးဖွယ်ရှိ
  • အသစ်တင်သွင်းမည့် ခရီးသည်တင်ယာဉ်(၁၂၈)စီး CNG ရမည်
  • ကျပ်ငွေဖြင့် က.ည.န ခွန် ပေးဆောင်ရန် အဆင့်သင့်မဖြစ်

news_this_week

ရန်ကုန်မြို့ရှိမီးပွိုင့်များပြုပြင်ရန် ကျပ်သိန်း ၁၅ဝဝ ကျော် အသုံးပြုမည်

မြန်မာနိုင်ငံ၏ ယာဉ်ကြောပိတ်ဆို့မှုအများဆုံးဖြစ်သော ရန်ကုန်မြို့တော်ရှိ လမ်းဆုံများတွင်ရှိသော မီးပွိုင့်များကို ပြုပြင်ထိန်းသိမ်းရန် ကျပ်သိန်း ၁၅ဝဝကျော် အသုံးပြုမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် အင်ဂျင်နီယာ ဌာန(လမ်းနှင့်တံတား)မှအကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။ရန်ကုန်မြို့တွင် မီးပွိုင့်ထက်ဝက်ခန့်သည် ပျက်စီးမှုများဖြစ်ပွားနေပြီး ပြင်ဆင်ထိန်းသိမ်းရန်အတွက် တစ်နှစ်လျှင် ကျပ်သိန်း ၁၅ဝဝ ကျော်ခန့် အသုံးပြု မည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။ရန်ကုန်မြို့တွင် ယာဉ်ကြော ရှုပ်ထွေးမှုကိုဖြေရှင်းရန် လမ်းဆုံလမ်းခွများ တွင် မီးပွိုင့်ပေါင်း ၁၅၁ ခု ရှိကြောင်းသိရှိရသည်။

Ref :The Voice Daily

မန္တလေးတွင် အဌားယာဉ်ဝန်ဆောင်မှု လုပ်ကိုင်ရန် ကုမ္ပဏီ ၂ဝ ခန့်လျှောက်

မန္တလေးတိုင်းဒေသကြီးတွင် ၂ဝ၁၁ ခုနှစ်မှစတင်၍ ယခုနှစ်ဇွန်လအထိ အဌားယာဉ်ဝန်ဆောင်မှုလုပ်ငန်း(Taxi Service)လုပ်ကိုင်ရန် လျှောက်ထားသည့် ကုမ္ပဏီပေါင်း(၂ဝ)ခုရှိကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရှိရသည်။အဆိုပါလျှောက်ထားသည့် ကုမ္ပဏီ(၂ဝ)အနက် (၁၈)ခုမှာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထောက်ခံချက်ရရှိထားပြီးဖြစ်ပြီး အဆိုပါလုပ်ငန်းလုပ်ကိုင်ရန် လျှောက်ထားလိုသူများမှာ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်တွင် မှတ်ပုံတင်ထားရမည်ဖြစ်ကာ မော်တော်ယာဉ်ထုတ်လုပ်သည့်နိုင်ငံ၊ထုတ်လုပ်သည့်ခုနှစ် နှင့် ယာဉ်အမျိုးအစား ပြည့်စုံစွာပါရှိရမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းလုပ်ကိုင်မည့် မန္တလေးတိုင်းဒေသကြီးအတွင်းမည်သည့်နေရာမှ မည်သည့်နေရာသို့ပြေးဆွဲမည် ဆိုသည့် စီမံချက် ပါရှိရမည်ဖြစ်ကြောင်း အဆိုပါအစိုးရအဖွဲ့ထံမှသိရှိရသည်။

Ref: The Voice Daily

ထပ်မံတင်သွင်းလာသည့် ဘက်စ်ကားများ CNG မရနိုင်သေးဟုဆို

လက်ရှိပြေးဆွဲနေသော မော်တော်ယာဉ်များသုံးသဘာဝဓါတ်ငွေ့(CNG)ပုံမှန်ရရှိရန်သာ လုံးပန်းနေရသော ကြောင့် လတ်တလောတွင် ပြည်ပမှထပ်မံတင်သွင်းလာသည့် ခရီးသည်တင်မော်တော်ယာဉ်များမှာ CNG ရရှိရန် မဖြစ်နိုင်သေးကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ကြေညာထားကြောင်းသိရှိရသည်။မြန်မာနိုင်ငံတွင် တရားဝင် CNG သုံးမော်တော်ယာဉ်(၂၇၄၇၆)စီး ရှိပြီး အရောင်းဆိုင်(၄၅)ဆိုင်မှ တစ်လလျှင် CNG ကုဗပေ သန်း(၆ဝဝ)ခန့်ကိုရောင်းချလျက်ရှိကြောင်းသိရှိရသည်။

Ref: The Voice Daily

လိုင်စင်မဲ့ကားအစီးရေ တစ်ရာကျော်ဝန်းကျင် မြဝတီနယ်စပ်မှ နေ့စဉ်အဝင်ရှိ

ကား(၅)စီးဆန့်ကွန်တိန်နာအလုံးရေ(၃ဝ)ဝန်းကျင်ဖြင့် မြဝတီနယ်စပ်မှ မြန်မာပြည်သို့ တရားမဝင်ကားများ နေ့စဉ်ဝင်ရောက်နေကြောင်း မေ(၃ဝ)ရက်ကပြုလုပ်ခဲ့သော မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်မှုနှင့် တင်သွင်းရောင်းချသူများအသင်း၏ အစည်းအဝေးမှသိရှိရသည်။မြဝတီနယ်စပ်မှ မန္တလေးသို့ကယ်ရီတစ် ကြောင်းလျှင်ကျပ်(၁၅)သိန်းဝန်းကျင်နှင့်ပဲခူးမြို့အထိဆိုလျှင် ကျပ်(၁ဝ)သိန်းဝန်းကျင်ပေးရကြောင်း သိရှိ်ရသည်။

Ref: HIGH SPEED

ရက်ပိုင်းအတွင်း မော်တော်ယာဉ်မှတ်ပုံတင်ကြေးအား မြန်မာကျပ်ငွေဖြင့်ပေးသွင်းရတော့မည်

နိုင်ငံတော်သမ္မတက ပြည်တွင်းရှိ ငွေကြေးဆိုင်ရာလုပ်ငန်းရပ်များတွင် ပြည်တွင်းသုံးကျပ်ငွေ၏အသုံးဝင်မှုနှင့် အခန်းကဏ္ဍပိုမိုမြင့်တက်လာစေရန် ဝန်ကြီးဌာနအဖွဲ့အစည်းများအနေဖြင့် အခွန်အခများကောက်ခံခြင်း၊ပေးချေခြင်း၊လက်ခံခြင်း၊လွှဲပြောင်းခြင်းများအား မြန်မာကျပ်ငွေဖြင့်သာကောက်ခံ ရန် မေလ(၃၁)ရက်က ညွန်ကြားထုတ်ပြန်ခဲ့သောကြောင့် မော်တော်ယာဉ်မှတ်ပုံတင်ခြင်း၊အခွန်ပေးချေခြင်းများ ကို မြန်မာကျပ်ငွေဖြင့် သာ ပေးချေရတော့မည်ဖြစ်ကြောင်းသိရှိရသည်။

Ref: HIGH SPEED

တိုက်ကြေကားများအား နိုင်ငံပိုင်အဖြစ် သိမ်းဆည်းသွားမည်

တိုက်ကြေကားအဖြစ်သက်ဆိုင်ရာမှ စည်ကမ်းချက်ငါးချက်ဖြင့် နိုင်ငံပိုင်သိမ်းဆည်းသွားမည်ဖြစ်ကြောင်း မော်တော်ယာဉ်တင်သွင်းသူများအသင်းထံမှစုံစမ်းသိရှိရသည်။တိုက်ကြေကားအဖြစ် ဆိပ်ကမ်းတွင်မေလ(၇) ရက်နေ့အထိ (၂၇)စီးတွေ့ရှိထားကြောင်း သိရှိရသည်။

Ref: HIGH SPEED

လိုင်စင်မဲ့ကားများကို Wheel Tax တစ်စုံလျှင် ကျပ်သုံးသိန်းဖြင့်ရောင်းချပေးနေဟုဆို

ရောင်ပြန်အမှတ်တံဆိပ်ပါ ဝှီးတက်စ်များကို လိုင်စင်မဲ့ကားများအား က.ည.န ရုံးများမှ အစီအစဉ်တကျ ထုတ်ပေးနေကြောင်း မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်မှုနှင့် တင်သွင်းရောင်းချသူများ အသင်းဒုဥက္ကဌဦးအောင်ဝင်းက မေ(၃ဝ)တွင်ပြုလုပ်သည့် အစည်းအဝေးတွင်ပြောကြားသည်။လက်ရှိအချိန်အထိ ဝှီးတက်စ် ထုတ်ပေးသည့်ကိစ္စများ စနစ်တကျစီစဉ်ထားခြင်းဖြစ်ကြောင်း၊သက်ဆိုင်ရာမြို့နယ်အလိုက် နံပါတ်များမထပ်အောင်စီစဉ်ပေးသည်ဟုသိ ရကြောင်း၊ယင်းကိစ္စအား အမြန်ဆုံးအကောင်အထည်ဖော်ရန် တိုက်တွန်းပြောဆိုသွားမည်ဟု ၎င်းကပြောကြားသည်။

မော်တော်ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်(ဝှီးတက်)အတုပြုလုပ်ရောင်းချသူများ၊ကိုင်ဆောင်သူများကို တွေ့ရှိပါက တိုင်ကြားနိုင်ကြောင်း က.ည.န ရုံးချုပ်မှ ဇွန်လ(၄)ရက်နေ့တွင်ထုတ်ပြန်ချက်အရသိရသည်။

Ref: HIGH SPEED

အမြန်လမ်းမကြီးတွင် အမေရိကန်ထုတ် အရှိန်တိုင်းကိရိယာဖြင့် မှတ်သားအရေးယူမည်

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်တိမ်းမှောက်မှုနှင့်ယာဉ်တိုက်မှုများ၊အရှိန်ပြင်းမောင်းနှင်သော မော်တော်ယာဉ်များအား အတိအကျတိုင်းတာ၍ မှတ်သားဖမ်းဆီးအရေးယူရန်အတွက် Traffic Over Speed Enforcement Laser ပစ္စည်းများကို Handheld Photo/Video Enforcement ကိရိယာများအသုံးပြု၍ ကာကွယ်တားဆီးအရေးယူသွားမည်ဖြစ်ကြောင်း ယာဉ်ထိမ်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှသိရှိရသည်။အဆိုပါကိရိယာကို အမေရိကန်နိုင်ငံနည်းပညာကုမ္ပဏီ Laser Technology Inc. မှထုတ်လုပ်ထားခြင်း ဖြစ်ကြောင်းသိရှိရသည်။

Ref: HIGH SPEED

SSPP/SSA ကို ကားအစီးရေ(၂ဝ)လိုင်စင် ထုတ်ပေး

အစိုးရနှင့်အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းတစ်ခုဖြစ်သော ရှမ်းပြည်တိုးတက်ရေးပါတီ (မြောက်ပိုင်း)နှင့် ရှမ်းပြည်တပ်မတော် (SSPP/SSA)ပိုင် ကားအစီးရေ(၂ဝ)ကို တရားဝင်လိုင်စင် ထုတ်ပေးခဲ့ကြောင်း ယင်းအဖွဲ့ပြန်ကြားရေးဌာနမှ ဦးစိုင်းဇင်ထွန်းက ပြောကြားသည်။ အစိုးရနှင့် SSPP/SSAတို့ မေလအတွင်းက လားရှိုးမြို့တွင်တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အထက်ပါအတိုင်း ကားလိုင်စင်များ ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

Ref: The Voice daily

BB ပြီးတော့ CC တက္ကစီများအား ယခုလအတွင်း ထုတ်ပေးဖွယ်ရှိ

ရွာသာကြီးကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနမှ အဌားယာဉ်များအတွက် နံပါတ်များထုတ်ပေးရာတွင် AA/BB နံပါတ်များကို အစဉ်လိုက်ထုတ်ပေးခဲ့ရာတွင် AA နံပါတ်များကိုကျော်လွန်ကာ (BB/8000)ကျော် ရောက်ရှိနေပြီဖြစ်သောကြောင့် CC တက္ကစီများကို ယခုလအတွင်းချပေးသွားနိုင်ဖွယ်ရှိကြောင်း သိရှိရသည်။ ၂ဝ၁၃ဇွန်လ(၃)ရက်နေ့အထိ ကနဦးမှတ်ပုံတင်နံပါတ်မှာ (၃စ/၆၅ဝဝ)ကျော်ရှိပြီး BB တက္ကစီနံပါတ်မှာ (BB/8500)ကျော်ရှိသွားပြီဖြစ်ကြောင်းသိရှိရသည်။ ကနဦးမှတ်ပုံတင်ကြေးပေးသွင်းပြီးပါက ယခင်က နှစ်ပတ်၊ သုံးပတ်ကြာသောယာဉ်မှတ်ပုံတင်စာအုပ်(ကမ-၃) နှင့် ယာဉ်သက်သေခံလက်မှတ်အဝိုင်းတို့ကို ငါးရက်အတွင်းထုတ်ပေးသွားမှာဖြစ်ကြောင်း သိရှိရသည်။

Ref: Auto World

အသစ်တင်သွင်းသည့် ခရီးသည်တင်ယာဉ် (၁၂၈)စီး CNG ရမည်

ရန်ကုန်မြို့တွင်းပြေးဆွဲရန် အသစ်တင်သွင်းလာသောယာဉ်များအနက် မော်တော်ယာဉ်လိုင်း(၇)လိုင်းမှ ယာဉ်စီးရေ(၁၂၈)စီးကို သဘာဝဓါတ်ငွေ့ထုတ်ပေးမည်ဟု မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE)က မ.ထ.သ(ဗဟို)ဒု-ဥက္ကဌ ဦးသောင်းမြင့်က ပြောကြားသည်။ CNG ရရှိရန် အသစ်တင်သွင်းလာသည့် ဘက်စ်ကား(၂၃၅)စီး လျှောက်ထားသော်လည်း အထောက်အထားလိုအပ်ချက်များကြောင့် (၁၂၈)စီးသာ ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Ref: The Voice Daily

ကျပ်ငွေဖြင့် က.ည.န ခွန် ပေးဆောင်ရန် အဆင်သင့်မဖြစ်

ဝန်ကြီးဌာနများတွင် ဒေါ်လာအစား ကျပ်ငွေဖြင့်သာ ပေးချေရန် အမိန့်ကြေညာချက်ထုတ်ပြန်ထားသော်လည်း က.ည.န တွင် ကနဦးမှတ်ပုံတင်ရာတွင် ယင်းသို့လက်ခံနိုင်ရန် အသင့်မဖြစ်သေးကြောင်း အခွန်ဆောင်ရန်ရှိသူများနှင့် အကျိုးဆောင်များထံမှ သိရှိရသည်။ သို့ဖြစ်၍ အခွန်ပေးဆောင်ရန်ရှိသူများက ကျပ်ငွေဖြင့် အမှန်တကယ်ပေးဆောင်နိုင်မည့်ရက်ကို စောင့်ဆိုင်းနေကြကြောင်းသိရှိရသည်။

Ref: The Voice Daily

Author