Full article

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့ :

news_this_week

  • i-Pay ကတ် (၆၅ဝဝဝဝ) ခန့်ရောင်းချ ခဲ့သော်လည်း နေ့စဉ်အသုံးပြုသူဦးရေ (၃၄ဝဝ)ခန့်သာရှိ
  • ဗိုလ်တထောင် ကုန်သေတ္တာတင်ယာဉ် ရပ်နားစခန်း အဆင့်မြှင့်တင် တည်ဆောက်မည်
  • မိုဒယ်ကန့်သတ်လိုက်သဖြင့် ယာဉ်လိုင်းပိုင်ရှင်များ ၂ဝဝ၄ မိုဒယ်အမျိုးအစားယာဉ်များ ကြိုတင်မှာယူမှုများပြုလုပ်
  • ရန်ကုန်မြို့တွင်း မီးပွိုင့် ၁၅ဝကျော်အား ဆင်ဆာစနစ်သုံး မီးပွိုင့်များ ပြောင်းလဲတပ်ဆင်မည်
  • ကလေးနှင့်တမူးတွင် ဇန်နဝါရီလ တတိယပတ်အတွင်း လိုင်စင်မဲ့ ကားနှစ်စီး ထပ်မံဖမ်းဆီးရမိ
  • တိုယိုတာအမှတ်တံဆိပ် ကမ္ဘာနံပါတ် ၁ ဖြစ်နေဆဲ
  • အမျိုးသမီးစပယ်ယာ လိုင်စင်ပြုလုပ်ထားသူ (၄ဝ)ဦးခန့်ရှိလာ
  • တက္ကစီပါမစ်များ ရပ်နားထားသော်လည်း (1.3) ကားများ ရောင်းကောင်း
  • ၂ဝ၁၄ Green Car နည်းပညာဆု Cadillac ရရှိ
  • ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှု မြင်သာရှိ က.ည.န ရုံး၌သာ လက်ခံဦးမည်
  • ယာဉ်အိုယာဉ်ဟောင်းလဲလှယ်ရေး မူဝါဒသစ်ကို ကားလောကမှ စိတ်ဝင်တစား စောင့်ကြည့်
  • က.ည.န တွင် အကျိုးဆောင်များမရှိခြင်းကြောင့် ယာဉ်ပိုင်ရှင်များပွဲစားဒုက္ခပိုမိုခံစားရ
  • Expire Date ကျော်လွန် နေသည့် ကားတာယာများကို ဆက်လက်တပ်ဆင် မသုံးသင့်ဟုဆို
  • *လာမည့် နှစ်မှစ၍ CIF တန်ဖိုးဇယားကို ဌာနဆိုင်ရာများမှ ရေးဆွဲမည်မဟုတ်ဘဲ လုပ်ငန်းရှင်များ ကို တာဝန်ပေးမည်

i-Pay ကတ် (၆၅ဝဝဝဝ) ခန့်ရောင်းချ ခဲ့သော်လည်း နေ့စဉ်အသုံးပြုသူဦးရေ (၃၄ဝဝ)ခန့်သာရှိ

ရန်ကုန်တိုင်း ဒေသကြီးတွင် ခရီးသည်များ စီးနင်းလိုက်ပါသည့် မော်တော်ယာဉ်များ၊ သင်္ဘောများတွင် စီးနင်းခအလွယ်တကူ ပေးဆောင်နိုင်ရန် i-Pay စနစ်ဖြင့် i-Pay ကဒ်များကို ရောင်းချပေးလျှက်ရှိရာ လက်ရှိအချိန်အထိ i-Pay ကတ် (၆၅ဝဝဝဝ) ခန့် ရောင်းချမှု ရှိခဲ့သော်လည်း ယင်း i-Pay ကဒ်ကို နေ့စဉ်အသုံးပြု သူဦးရေမှာ (၃၄ဝဝ) ခန့်သာ ရှိနေသောကြောင်း သိရှိရပါသည်။ ပန်းဆိုးတန်း-ဒလဆိပ်ကမ်း တွင်လည်း i-Pay စနစ်ထားရှိ ပေးထားပြီး လက်ရှိအချိန်တွင် ယင်းစနစ်များကို ကျောင်းများတွင် အသုံးပြုနိုင်ရန် ဆောင်ရွက်နေပြီး ဒဂုံတက္ကသိုလ် ကျောင်းဝင်းအတွင်း ရှိကန်တင်း (၄) ခုတွင် စတင်ဆောင်ရွက် ပြီးဖြစ်ကြောင်း သိရှိရသည်။ လက်ရှိ အချိန်တွင် i-Pay ကတ်ကို နေ့စဉ်အသုံးပြုနေသည့် မော်တော်ယာဉ်လိုင်းတွင် (၁၅ဝဝ) ဦးခန့်၊ သင်္ဘောတွင် (၁၈ဝဝ) ဦးခန့်၊ ကန်တင်းတွင် (၁ဝဝ) ဦးခန့် အသီးသီး အသုံးပြုနေကြ ကြောင်းလည်း သိရှိရသည်။ i-Pay သုံးသည့် ပြည်သူများကို ဝန်ဆောင်မှုပေးရန် i-Pay Station (၉) ခု ၊ i-Pay Bus Stand (၉) ခုတည်ဆောက် ပေးထားပြီး ထပ်မံပြီး i-Pay Bus Stand (၂၂) ခုကိုတည်ဆောက် ပေးသွားမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။ I-Pay ကဒ်ဖြင့် ငွေပေးချေမှု ကို (၂ဝ၁၂) ခုနှစ် ဧပြီ (၂) ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းပြေးဆွဲသော ခရီးသည်တင် ဘတ်စ်ကားများတွင် i-Pay စက်တပ်ဆင် ပေးထားသည်မှာ (၂ဝ၁၃) ခုနှစ်၊ နိုဝင်ဘာလအထိ ယာဉ်အစီးရေ (၃၃၅) စီး အထိရှိလာ ခဲ့ကြောင်း သိရှိရပါသည်။

Ref: Auto World

ဗိုလ်တထောင် ကုန်သေတ္တာတင်ယာဉ် ရပ်နားစခန်း အဆင့်မြှင့်တင် တည်ဆောက်မည်

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်အတွင်း တည်ဆောက်ထားသည့် ဗိုလ်တထောင် ကုန်သေတ္တာတင်ယာဉ် ရပ်နားစခန်းအား အဆင့်မြှင့်တင် သွားမည်ဖြစ်ကြောင်း 'ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာန'မှ သတင်းရရှိသည်။ အဆိုပါ မော်တော်ယာဉ် ရပ်နားစခန်းအား ၂ဝ၁၃ ခုနှစ် အစောပိုင်း ကာလတွင် ကုန်သေတ္တာတင်ယာဉ် ရပ်နားစခန်းအဖြစ် အသုံးပြုရန် အမှတ် ၆ သင်္ဘောဝင်းမြေနေရာကို ပြုပြင်အသုံးပြုခဲ့ပြီး လက်ရှိ ယင်းနေရာအား ထပ်မံအဆင့်မြှင့်တင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ ယင်းသို့ အဆင့်မြှင့်တင် ဆောင်ရွက်ရန် စီစဉ်မှုများကြောင့် လက်ရှိတွင် ဗိုလ်တထောင် ကုန်သေတ္တာ တင်ယာဉ်ရပ်နားစခန်းမှ ယာဉ်များအနေဖြင့် အလုံမြို့နယ်ရှိ ကုန်သေတ္တာတင်ယာဉ် ရပ်နားစခန်းသို့ သွားရောက်ကာ ယာဉ်များ ရပ်နားကြရပြီး ယာဉ်အများစုမှာ အလုံယာဉ်ရပ်နားစခန်းသို့ သွားရောက်ရပ်နားခြင်းမပြုဘဲ ဗိုလ်တထောင် ယာဉ်ရပ်နားဝင်းအနီးရှိ လမ်းမများ၊ လမ်းသွယ်များ၌ ရပ်နားမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

Ref: Auto mobile

မိုဒယ်ကန့်သတ်လိုက်သဖြင့် ယာဉ်လိုင်းပိုင်ရှင်များ ၂ဝဝ၄ မိုဒယ်အမျိုးအစားယာဉ်များ ကြိုတင်မှာယူမှုများပြုလုပ်

ပြည်တွင်းသို့ ခရီးသည်တင်ယာဉ် များတင်သွင်းရာ၌ မိုဒယ်အမျိုးအစား ကန့်သတ်လိုက်သဖြင့် ယာဉ်လိုင်းပိုင်ရှင်များမှ ၂ဝဝ၄ မိုဒယ် အမျိုးအစားများ ကြိုတင်မှာယူမှု ပြုလုပ်နေကြောင်း ယာဉ်လိုင်းပိုင်ရှင်များထံမှ စုံစမ်းသိရှိရသည်။ ယခုနှစ်အတွင်း ခရီးသည် တင်ယာဉ်များအား ၂ဝဝ၉ မိုဒယ် နှင့်အထက်ကိုသာ တင်သွင်းခွင့်ပြုမည်ဟု တိုင်းဒေသကြီးအစိုးရက သတ်မှတ်ထားပြီး ယင်းသတ်မှတ်ချက် အသက်ဝင်မှုနည်းပါးစဉ် ကာလအတွင်း ယာဉ်လိုင်းပိုင်ရှင်များ စုပေါင်းကာ လက်ရှိ ခရီးသည်တင် ယာဉ်အဖြစ် တင်သွင်းအသုံးပြု လျက်ရှိသည့် ၂ဝဝ၄ မိုဒယ် အမျိုးအစားယာဉ်များကို ကြိုတင်မှာယူထားခြင်း ဖြစ်ကြောင်း သိရသည်။တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့်လည်း ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ မိုဒယ်မြင့် ခရီးသည်တင်ယာဉ်များဖြင့် အစားထိုး ပြေးဆွဲစေရန်အတွက် တင်သွင်းယာဉ်မိုဒယ် သတ်မှတ်ရခြင်း ဖြစ်ပြီး မြို့တွင်းခရီးသည် သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံသူ လျော့နည်းသွား နိုင်သောကြောင့် လုပ်ငန်းရှင်များကို ခေါ်ယူဆွေးနွေးမှု ပြုလုပ်မည်ဟု သိရသည်။

Ref:Automobile

ရန်ကုန်မြို့တွင်း မီးပွိုင့် ၁၅ဝကျော်အား ဆင်ဆာစနစ်သုံး မီးပွိုင့်များ ပြောင်းလဲတပ်ဆင်မည်

ရန်ကုန်မြို့တွင်းရှိ အချက်ပြ မီးပွိုင့် ၁၅ဝ ကျော်အား ဆင်ဆာစနစ်သုံး မီးပွိုင့်များ ပြောင်းလဲတပ်ဆင်မည် ဖြစ်ကြောင်း 'ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)'မှ သတင်း ရရှိသည်။ ယာဉ်ကြောကျပ်တည်းမှု ရှိနေသည့် မရမ်းကုန်းမြို့နယ်၊ ရှစ်မိုင်လမ်းဆုံတွင် ခုံးကျော်တံတား တည်ဆောက်ရန် စီစဉ်ခဲ့သော်လည်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူပေါင်းဆောင်ရွက်ရေးအဖွဲ့ (JICA) ၏ အကြံပေးမှုဖြင့် ဆင်ဆာ စနစ်သုံးမီးပွိုင့် စမ်းသပ်တပ်ဆင်ခဲ့ရာ ယာဉ်ကြော ကျပ်တည်းမှု ထက်ဝက်ခန့် ဖြေလျှော့နိုင်သည့်အတွက် မြို့တွင်းလမ်းဆုံမီးပွိုင့် ၁၅ဝ ကျော်၌ အဆိုပါ မီးပွိုင့်ဆင်ဆာစနစ်များ ပြောင်းလဲတပ်ဆင် သွားမည်ဟု သိရသည်။

ဆင်ဆာစနစ်သုံး မီးပွိုင့်တစ်ခုတွင် ကင်မရာတစ်လုံးပါရှိပြီး ရှေ့၊ နောက်ယာဉ်ကြော အတွက် စက္ကန့် ၉ဝ နှင့် ဘေးနှစ်ဖက် ယာဉ်ကြော အတွက် ၄၅ စက္ကန့်ဖြင့် ပုံမှန် ထိန်းချုပ်လျက်ရှိကာ ယာဉ်လမ်းကြောင်းအလိုက် ယာဉ်ကြော ကျပ်တည်းမှု အပေါ် မူတည်၍လည်း လမ်းကြောင်း အလိုအလျောက် ထိန်းချုပ်မှုရှိကြောင်း သိရသည်။ မြို့တွင်း လမ်းဆုံမီးပွိုင့် ၁၅ဝ ကျော်တွင် တပ်ဆင်မည့် ဆင်ဆာစနစ်သုံး မီးပွိုင့်များ၏တန်ဖိုး များပြားသည့်အတွက် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မှသာ ဆောင်ရွက်နိုင်မည် ဖြစ်ပြီး အဆိုပါမီးပွိုင့်များ တပ်ဆင်ရန်အတွက် လက်ရှိ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ(JICA)နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

Ref: Auto mobile

ကလေးနှင့်တမူးတွင် ဇန်နဝါရီလ တတိယပတ်အတွင်း လိုင်စင်မဲ့ ကားနှစ်စီး ထပ်မံဖမ်းဆီးရမိ

ကလေးနှင့် တမူးမြို့တို့တွင် ဇန်န ဝါရီလ တတိယပတ်အတွင်း လိုင်စင်မဲ့ ကားနှစ်စီးကို ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း 'ယာဉ်ထိန်းရဲတပ် ဖွဲ့စုမှူးရုံး(ကလေး)'မှ သိရသည်။

ဇန်နဝါရီ ၁၆ ရက်က ဗိုလ်ချုပ်လမ်းနှင့် ဘူတာလမ်းဆုံတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးဆောင်ရွက်နေစဉ် အရှေ့မှ အနောက်သို့ လားလ်ထန်းလျံ အာ(သ) ၂၇ နှစ် မောင်းနှင်လာသည့် ၄ဂ/၇၄ဝ၁ နံပါတ် တပ်ဆင်ထားသော Honda Fit ခဲရောင် ကားတစ်စီးကို ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သော သက်သေခံ စာရွက်စာတမ်းများ ပြသနိုင်ခြင်း မရှိသဖြင့် ရဲအုပ်စိုးမိုးအောင်က တရားဥပဒေအရ အရေးယူပေးပါရန် ကလေးရဲစခန်းသို့ တိုင်တန်းခဲ့သည်။ ယခု ဖမ်းဆီးရမိမှုသည် ကလေးမြို့တွင် ၂ဝ၁၄ ခုနှစ်၏ ဒုတိ ယအကြိမ်မြောက် ဖမ်းဆီးရမိမှု ဖြစ်ပြီး ဇန်နဝါရီ ၁ဝ ရက်ကလည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးရာမှ လိုင်စင်မဲ့ ကားသုံးစီးကို ဖမ်းဆီးရမိခဲ့သည်။ ကလေးမြို့တွင်သာမက အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့တွင်လည်း ဇန်နဝါရီ ၁၇ ရက်က သုံးမိုင် ရဲကင်းရှေ့၌ လုံခြုံရေး စစ်ဆေးရာမှ Pajero အဖြူရောင် လိုင်စင်မဲ့ကားတစ်စီးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Ref: Auto mobile

တိုယိုတာအမှတ်တံဆိပ် ကမ္ဘာနံပါတ် ၁ ဖြစ်နေဆဲ

၂ဝ၁၃ ခုနှစ် ကားရောင်းအား စာရင်းဇယားများအရ ဂျင်နရယ်မော်တော်နှင့် ဗောက်စ်ဝက်ဂွန် လုပ်ငန်းစုတို့ကို ကျော်လွန်ပြီး တိုယိုတာကား ထုတ်လုပ်ရေးက ကမ္ဘာ့နံပါတ် ၁ နေရာကို ပြန်လည် ရယူထားနိုင်ကြောင်း သိရသည်။ ဂျပန် ကားထုတ်လုပ်သူသည် ကမ္ဘာတစ်ဝှမ်းရောင်းအား ပမာဏ ၉ ဒသမ ၉၈ သန်း ဖြင့် ကမ္ဘာ့နံပါတ် ၁ ကား ထုတ်လုပ်သူနေရာကို ရောက်လာသော်လည်း ကားအစီးရေ ၁ဝ သန်းဟူသော ပန်းတိုင်နှင့် သီသီကလေး လွဲချော်ခဲ့သည်။ တိုယိုတာနောက်တွင် ဂျင်နရယ်မော်တော်က ၉ ဒသမ ၇၁သန်း၊ ဗောက်စ်ဝက်ဂွန်က ၉ ဒသမ ၇ သန်း ဖြင့် အစဉ်လိုက် ရှိနေသည်။၂ဝ၁၁ ခုနှစ် ဆူနာမီ သဘာဝဘေးကြောင့် ကားထုတ်လုပ်မှု ထိခိုက်ခဲ့သည် မှအပ တိုယိုတာသည် ၂ဝဝ၈ ခုနှစ်ကတည်းက ကမ္ဘာ့သရဖူကို နှစ်စဉ်ဆောင်း လာနိုင်ခဲ့သော ကားထုတ်လုပ်ရေး ဖြစ်သည်။ လာမည့် ၂ဝ၁၄ တွင် အစီးရေ ၁ဝ သန်းကို ကျော်လွန်အောင် ရောင်းချမည်ဟု တိုယိုတာက ၎င်း၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂ဝ၁၃ ခုနှစ်အတွက် တိုယိုတာ၏ ရောင်းအားပမာဏတွင် လက်ဆပ်စ်၊ ဒိုင်ဟတ်စုနှင့် ထရပ်ထုတ်လုပ်သူ ဟီးနိုးတို့၏ ရောင်းအားကိန်း ဂဏန်းကိုပါ ပေါင်းထည့်ထားသည်။ တိုယိုတာကား ၁ဝ စီး ရောင်းချလျှင် ဟိုက်ဘရစ်ပါဝင်နှုန်းမှာ ၁ စီးထက် ကျော်လွန်သည်။ တိုယိုတာ၏ ရောင်းအား အဓိက မှီခိုရာမှာလည်း ၎င်း၏ ပြည်တွင်း ဂျပန်ဈေးကွက်ပင် ဖြစ်သည်။ ယမန်နှစ်က ကားအစီးရေ ၂ ဒသမ ၃ သန်း ရောင်းချ နိုင်ခဲ့သည်။ ယင်းပမာဏမှာ ဗြိတိန်၏ ကားသစ် ဈေးကွက်တစ်ခုလုံးနှင့် ညီမျှသည်။ ဂျင်နရယ်မော်တော်၏ နံပါတ် ၂ နေရာအတွက် ချက်ဗလက်က အခရာ ဖြစ်သည်။ ယမန်နှစ်က ချက်ဗလက် အစီးရေ ၅ သန်းနီးပါး ရောင်းချ နိုင်ခဲ့သည်။ချက်ဗလက်သည် ၎င်း၏ အိမ်ဈေးကွက် အမေရိကတွင် ရေပန်းအစားဆုံး တံဆိပ်တစ်ခု ဖြစ်သည်။ ဥရောပဈေးကွက် ကိုမူထိုး ဖောက်နိုင်စွမ်း မရှိခဲ့ပေ။ ၂ဝ၁၅ ဆိုလျှင် ချက်ဗလက်ကို ဥရောပဈေးကွက် မှအပြီးတိုင် ဖယ်ထုတ်တော့မည်ဟု ဂျင်နရယ် မော်တော် ကပြောနေသည်။ဥရောပတွင် ဗောက်စ်ဟောနှင့် အိုပယ်လ် တို့ကိုသာ ဆက်လက်ထား ရှိမည်ဖြစ်သည်။ ဗောက်စ်ဝက်ဂွန် သည်လည်း ယခင်ကထက် စာလျှင် ယမန်နှစ်၌ ရောင်းအား ၅ ရာခိုင်နှုန်း တက်လာသည်။ ဗောက်စ်ဝက်ဂွန် သီးသန့် အစီးရေ ၆ သန်းနီးပါး ရောင်းရပြီး အော်ဒီက အစီးရေ ၁ ဒသမ ၆ သန်းရှိခဲ့သည်။ဗောက်စ်ဝက်ဂွန်ကို အများဆုံးအား ပေးသည်မှာ တရုတ်ဈေးကွက် ဖြစ်သည်။ အစီးရေ ၃ ဒသမ ၃ သန်း ရှိခဲ့သည်။ မထင်မှတ်ဘဲ ရောင်းအား ကောင်းခဲ့သည်မှာ တောင်အမေရိက ဈေးကွက် ဖြစ်သည်။ အစီးရေ တစ်သန်းအောက် အရေအတွက်ဖြင့် ရောင်းချနိုင်ခဲ့သည်။

Ref: Auto World

အမျိုးသမီးစပယ်ယာ လိုင်စင်ပြုလုပ်ထားသူ (၄ဝ)ဦးခန့်ရှိလာ

ခရီးသည်တင်ဘတ်စ်ကားများတွင် ယာဉ်မောင်းအကူအဖြစ် လိုက်ပါသော ယာဉ်နောက်လိုက် စပယ်ယာများကို စပယ်ယာ လိုင်စင်ပြုလုပ်ရန် ညွှန်ကြားထားရာတွင် အမျိုးသားအပြင် အမျိုးသမီးများပါ စပယ်ယာလိုင်စင် ပြုလုပ်ထားသည်မှာ အယောက် (၄ဝ) ဦးခန့် ရှိနေပြီးဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေး နှင့်ညွှန်ကြားမှုဦးစီးဌာန (မြင်သာ) စပယ်ယာလိုင်စင် စိစစ်ရေးဌာနမှ သိရှိရပါသည်။ အမျိုးသမီး စပယ်ယာလိုင်စင် လာရောက် ပြုလုပ်သူများအနေဖြင့်ယာဉ်စီးကမ်း၊ လမ်းစီးကမ်းများကို နှုတ်ဖြေ အပြင် ရေးဖြေဖြေရကြောင်း၊ ယင်းတို့အောင်မှသာ အမျိုးသမီး စပယ်ယာလိုင်စင် ထုတ်ပေးကြောင်း သိရှိရသည်။ အမျိုးသမီး စပယ်ယာလိုင်စင် ပြုလုပ်ထားသူများတွင် နာမည်ကြီး အဝေးပြေး ယာဉ်လိုင်းများဖြစ်သည့် E-Lite နှင့် JJ အဝေးပြေးယာဉ်လိုင်း တို့မှအများဆုံး ပြုလုပ်ထားကြောင်း စာရင်းများအရ သိရှိရသည်။ အမျိုးသမီး စပယ်ယာ လိုင်စင်ကို E-Lite မှ (၁၆) ယောက်၊ JJ မှ (၁၁) ယောက်နှင့် ကိုယ်တိုင်လာရောက် လျှေက်ထားသူနှင့် မ.ထ.သ (ဗဟို) မှ လျှေက်ထားသူ (၁၂) ယောက် စုစုပေါင်း (၃၉) ယောက်ရှိနေပြီဖြစ်ကြောင်းသိရှိရသည်။ အဝေးပြေးယာဉ်များတွင် လိုက်ပါသော Bus မယ်များသည် ကြော်ငြာရုံ၊ နေရာချထားရုံဖြင့် အမျိုးသီးစပယ်ယာ လိုင်စင် လျှေက်ထားရန်မလိုဘဲ မ.ထ.သ (အဝေးပြေး) ထံတွင် ယာဉ်ပေါ်လိုက်ပါခွင့် ရယူရုံဖြင့် လိုက်ပါနိုင်ကြောင်း သိရှိရသည်။ အမျိုးသမီး ပယ်ယာလိုင်စင် လျှောက်ထားသူများအနေဖြင့် မှတ်ပုံတင် မိတ္တူ၊ ဓာတ်ပုံ (၃) ပုံလိုအပ်ပြီး တစ်ကြိမ်ဖြေဆိုပါက (၁ဝဝ) ကျပ် ပေးသွင်းရကြောင်းသိရသည်။ ဖြေဆိုမှုအောင်မြင်သူများကို အမျိုးသမီးစပယ်ယာ လိုင်စင်ထုတ်ပေးပြီး လိုင်စင်သက်တမ်းမှာ (၅) နှစ်ဖြစ်ကြောင်း သိရှိရသည်။

Ref: Auto World

တက္ကစီပါမစ်များ ရပ်နားထားသော်လည်း (1.3) ကားများ ရောင်းကောင်း

(၁.၃) ကားများအား ကား Show-room များမှ အာရုံစိုက်မှုနည်းပါးလာကာ (၁.၅) နှင့် (၁.၈) အင်ဂျင်ပါဝါကားများ ဘက်သို့ ခြေလှမ်းစိပ်လာသဖြင့် လေလံ တွင် (၁.၃) ကားများ ဝယ်ယူရန် ဈေးနှုန်း များမှာ အသင့်တော်ဆုံးဖြစ်နေကြောင်း ကား Sales Centre ပိုင်ရှင်တစ်ဦးက ပြောပြခဲ့သည်။ လေလံတွင် (၁.၃) ကားအရေအတွက် များနေကာ ပြည်တွင်း ၌ ရန်ကုန်တိုင်းဒေသကြီးအတွက် တက္ကစီ ပါမစ်များ ရပ်နားထားသော်လည်း (၁.၃) ကားများ ရောင်းကောင်းကြောင်း သိ ရသည်။ တက္ကစီအတွက် ဝယ်နေကြတယ်။ Probox နဲ့ Succeed က ရောင်းရတယ်။ အခု(၁.၃) တွေက လေလံမှာဝယ်လို့ကောင်း နေတယ်။ ဈေးကပုံမှန်ဖြစ်နေတာ။ အရင် က ကားကောင်းရင် ကောင်းသလို ယန်း (၄၊ ၅) သောင်းလောက်ပိုပေးရတယ်။ ဂျပန် မှာ ယာဉ်သက်တမ်း (၅) နှစ်ဆိုတော့လေလံ မှာ (၁.၃) တင်တာ အရေအတွက်အများ ချည်းပဲလို့ ရှင်းပြသည်။ တက္ကစီပြုလုပ်ရန် (၁.၃) များ ဆက် လက်အဝယ်လိုက်နေပြီး AD Van မှာ(၈၅၊ ၉ဝ) သိန်းကြားရှိနေ၍ Probox မှာ (၁ဝဝ) နှင့် (၁ဝ၂) သိန်းကြားရှိကာ Probox ကား ပို၍ လူကြိုက်များနေကြောင်းသိရသည်။ (၁.၅) ကားများအား C.I.F တန်ဖိုးချပေး လိုက်သဖြင့် လူအများမှ ထိုကားများဘက် သို့ စိတ်ဝင်စားမှုများကာ (၁.၃)ကားများ လေလံတွင် ဈေးနှုန်းများတန်းသွားခြင်းဖြစ် ကြောင်းသိရသည်။

Ref: Auto World

၂ဝ၁၄ Green Car နည်းပညာဆု Cadillac ရရှိ

ကားကုမ္ပဏီ တစ်ခုဖြစ်သည့် Cadillac သည် ပြိုင်ဘက် ကားအမှတ် တံဆိပ်များကို ကျော်ဖြတ်ကာ The Green Car ဂျာနယ်မှ ပေးအပ်ချီးမြှင့်သော ၂ဝ၁၄ Green Car နည်းပညာဆုကို လက်ခံရရှိခဲ့ကြောင်း ဇန်နဝါရီ ၂၆ ရက်က 'USA Today' သတင်းစာမျက်နှာ၌ ဖော်ပြခဲ့သည်။ Cadillac ကုမ္ပဏီအတွက် Green Car Technology Award ကို ၎င်းတို့ကုမ္ပဏီထုတ် Plug-in ဇိမ်ခံကား အမျိုးအစားသစ် Cadillac ELR က ဆွတ်ခူးပေးခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ရက်သတ္တပတ်က ဝါရှင်တန် ကားပြပွဲ၌ ပေးအပ်ခဲ့ခြင်းဖြစ်သည်။တွ့နေကျ လျှပ်စစ်အသုံးပြုမောင်းနှင်မှု စွမ်းဆောင်ရည်စနစ်ကို ပိုပြီးစိတ်ဝင်စားမှုရှိအောင် ပေါင်းစပ်ပေးနိုင်တဲ့ Cadillac ရဲ့ နည်းပညာက ပါးပါးနပ်နပ် ပေါ်ထွက်လာတာဖြစ်ပြီး ကားမောင်းနှင်မှု အတွေ့အကြုံမှာ ရှုထောင့်သစ် တစ်ခုကို ဖြည့်စွက်ပေးပါတယ်"ဟု ဆုရွေးချယ် ပေးအပ်ခဲ့သည့် The Green ဂျာနယ် အယ်ဒီတာနှင့် ထုတ်ဝေသူ Ron Cogan ကပြောကြားခဲ့သည်။ Hybrid နှင့် လျှပ်စစ်ကားများ၌ တွေ့ရသော Regenerative Braking System အများစု ကဲ့သို့ပင် Cadillac ELR ၏ လျှပ်စစ်မိုတာမှာ ကုန်ဆုံးသွားသည့် စွမ်းအင်ကို ဘရိတ်နင်းထားချိန်တွင် ပြန်လည်ရယူ၍ ဘက်ထရီကို အားဖြည့်ပေးနိုင်သော်လည်း အခြားစနစ်များနှင့် ကွဲပြားခြားနားသည့် အချက်မှာ ယာဉ်မောင်းသူအနေဖြင့် ယင်းသို လှောင်ထားသည့် စွမ်းအင်ကို စတီယာရင်တွင် ပါရှိသည့် ခလုတ်များနှိပ်ကာ အသုံးပြု နိုင်စေခြင်း ဖြစ်သည်။ Plug-in ကားအမျိုးအစား Cadillac ELR သည် ယခုဆုကို ပြိုင်ဘက် အမှတ်တံဆိပ်များ ဖြစ်သည့် Acura ၊ Audi ၊ BMW ၊ Ford ၊ Honda ၊ Hyundai ၊ Mazda ၊ Porsche နှင့် Ram တို့၏ နည်းပညာများအား ကျော်ဖြတ်ကာ ရရှိခဲ့ခြင်းဖြစ်သည်။

Ref: Automobile

ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှု မြင်သာရှိ က.ည.န ရုံး၌သာ လက်ခံဦးမည်

ဇန်နဝါရီလ နောက်ဆုံး ပတ်ထဲ၌ ယာဉ်အို၊ ယာဉ်ဟောင်းများ အပ်နှံမှုအား ဒညင်းကုန်းနှင့် သန်လျင်သို့ ပြောင်းရွှေ့မည်ဟု သတင်းထွက်ပေါ်ခဲ့ပြီး မြင်သာ က.ည.န ရုံးသို့ မေးမြန်းခဲ့ရာ ပြောင်းရွှေ့မည် မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး နှင့်ညွှန်ကြားမ ှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ပြောပြခဲ့သည်။မြင်သာ က.ည.န ရုံးတွင် ယာဉ်အို၊ ယာဉ်ဟောင်းများ ဆက်လက် အပ်နှံနေပြီး နေပြည်တော် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ လည်းပြောင်းရွှေ့ရန် ညွှန်ကြားထားခြင်း မရှိကြောင်း သိရသည်။ ကျွန်တော်တို့ ပြောင်းရမယ်ဆိုတာ မဟုတ်ပါဘူး။ ဒီမြင်သာမှာပဲ ဆက်လက်ပြီး ယာဉ်အို၊ ယာဉ်ဟောင်းတွေ အပ်နှံနေပါတယ်။ နေပြည်တော်ကနေ ညွှန်ကြားထားတာ၊ ထုတ်ပြန်ထားတာလည်း မရှိသေးပါဘူး။ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှု မူဝါဒအသစ်ကလည်း ဘယ်အချိန်မှ ထုတ်ပြန်မယ်ဆိုတာ မခန့်မှန်းနိုင် သေးဘူးလို့ အဆိုပါ တာဝန်ရှိသူမှ ပြောကြားခဲ့သည်။ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုမူဝါဒ အသစ်မှာလည်း ထွက်ပေါ်လာခြင်း မရှိသေးဘဲ က.ည.န မှ သန်လျင်သို့ ပြောင်းရွှေ့ မည်ဟူသော သတင်းအား ယာဉ်အပ်နှံသူများမှ စိတ်ဝင်စားလျက် ရှိကြောင်း သိရသည်။ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံခြင်း၊ ကနဦးမှတ်ပုံတင်ခြင်းနှင့် နံပါတ်ပြား ထုတ်ပေးခြင်းများကို က.ည.န ရုံးတွင် ဆက်လက်ပြုလုပ် ပေးနေကြောင်း သိရသည်။

Ref: Auto World

ယာဉ်အိုယာဉ်ဟောင်းလဲလှယ်ရေး မူဝါဒသစ်ကို ကားလောကမှ စိတ်ဝင်တစား စောင့်ကြည့်

(၂ဝ၁၄) တွင် သက်တမ်းအလိုက် အပ်နှံမှုဖြင့် ဆောင်ရွက်မည်ဆိုသော ယာဉ်၊ အိုယာဉ်ဟောင်း လဲလှယ်ရေး မူဝါဒမှာ တိကျစွာ ထွက်ရှိလာခြင်း မရှိသဖြင့် ကားလောက အတွင်းမှ စိတ်ဝင်တစားဖြင့် စောင့်ကြည့် နေကြောင်း သိရသည်။ ထုတ်လုပ်သည့် ခုနှစ်မှ နှစ် (၂ဝ) အတွင်းရှိ ယာဉ်ဟောင်းများ အပ်နှံနိုင်ရပြီး အက္ခရာတန်း အလိုက်ဖြင့်သာ အပ်နှံမှု လက်ခံနိုင်သည် ဟူသော သတင်းများလည်း ထွက်လာကာ (၁က) အက္ခရာဖြင့် စတင်နိုင်ကြောင်းလည်း သုံးသပ်နေကြသည်။ အကယ်၍ နှစ် (၂ဝ) သက်တမ်းရှိ ယာဉ်ဟောင်းများ အပ်နှံမှုဖြင့် လုပ်ပါက အက္ခရာတန်းများအား အပိုင်းလိုက်ဖြင့် အပ်ခွင့်ပေးပါက အဆင်ပြေနိုင်ကြောင်း ကားလုပ်ငန်းရှင် တစ်ဦးက ပြောပြခဲ့သည်။ စဖွင့်ရင်တောင် (၁က) နဲ့ လာနိုင်ပေမယ့် နှစ် (၂ဝ) သက်တမ်း ရှိတဲ့ ယာဉ်အို၊ ယာဉ်ဟောင်း လို့ပြောတဲ့ အတွက် (၉၃-၉၄) ခုနှစ်အောက် ကားတွေ ထည့်တွက်ရမှာပဲ။ (၁က) အက္ခရာတစ်ခုတည်း မဟုတ်ဘဲ ဥပမာ (၁က) ကနေ (၅က) ထိ အပိုင်းလိုက် ပေးတာမျိုးပေါ့။ အဲ့ဒါဆိုရင် ပိုအဆင်ပြေမယ်။ နောက်ပြီး ဒီလို သက်တမ်းအလိုက် အပ်နှံခွင့်ပေးမယ်လို့ တရားဝင် ကြေညာထားတဲ့ အတွက် အက္ခရာတန်းနဲ့ မသွားနိုင်လောက်ဘူး ထင်တယ်။ အဲ့လိုသာလုပ်ရင် ဘာမှကြေညာ နေစရာ မလိုဘူးလေ။ (အ) ပြီး (၁က) ပဲ လက်ခံရုံပဲပေါ့လို့ ရှင်းပြသည်။

Ref: Auto World

က.ည.န တွင် အကျိုးဆောင်များမရှိခြင်းကြောင့် ယာဉ်ပိုင်ရှင်များပွဲစားဒုက္ခပိုမိုခံစားရ

ယခင်က ယာဉ်ပိုင်ရှင်များ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြား မှုဦးစီးဌာန (မြင်သာ) သို့ လာရောက် ၍ လုပ်ငန်းဆောင်ရွက်ရာတွင် က.ည.န မှ တရားဝင် ခန့်အပ်ထားသော အကျိုးဆောင်များ သီးသန့်ရှိသည့် အတွက် ပွဲစားများဖြင့် ပြုလုပ်ရန်မလိုဘဲ အချိန်ကုန်သက်သာခဲ့သည်။ ယခု အခါတွင် အကျိုးဆောင်များ မထားရှိ တော့သည့် အတွက် ပြင်ပပွဲစားတို့၏ ဒုက္ခကို ပိုမိုခံစားလာရကြောင်း သိရှိရသည်။ က.ည.န (မြင်သာ) တွင် ယာဉ်ပိုင်ရှင်များသည် လုပ်ငန်းများဆောင် ရွက်ရာတွင် အချိန်ကုန်သက်သာမှု ရှိစေရန် ယခင်က အကျိုးဆောင်များ ဖြင့်ဆောင်ရွက်ခဲ့ကြရာ အဆင်ပြေခဲ့သော်လည်း ယခုအခါတွင် အချိန်ကုန် သက်သာစေရန် ပြင်ပပွဲစား များဖြင့် လုပ်ကိုင်ရာ၌ စာရွက်စာတမ်း မှားယွင်းခြင်း၊ ငွေကြေးပိုမိုတောင်းခံခြင်း တို့ကြောင့် အခက်အခဲဖြစ်နေပြီး တရားဝင် အကျိုးဆောင်များ ပြန်လည်ဖွဲ့ စည်းပေးစေလိုကြောင်း ယာဉ်ပိုင်ရှင်များထံမှ သိရှိရသည်။ သို့သော် က.ည.န (မြင်သာ) တွင်ယခင်က အကျိုးဆောင်များ သီး သန့်ထားရှိပေးခြင်း ရှိသော်လည်း ယခုအခါတွင် ယင်းအကျိုးဆောင်များ ကိုဝန်ထမ်းဖြင့် ပြောင်းလဲခန့်အပ်ခဲ့သည့် အတွက် အကျိုးဆောင်များ ပြန်လည်ခန့်အပ်ရန် အစီအစဉ်မရှိကြောင်း က.ည.န (မြင်သာ) မှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။ ထို့အပြင် ယခုအခါတွင် ယာဉ်ပိုင်ရှင်များအနေဖြင့် လုပ်ငန်းဆောင် ရွက်ရာတွင် ပွဲစားများဖြင့် မပြုလုပ်ရန် အရှိန်မြှင့် ဆောင်ရွက်နေပြီး ယာဉ်ပိုင်ရှင်များ လုပ်ငန်းဆောင်ရွက်ရာတွင် လွယ်ကူစေရန် အဆင့်ဆင့် ဆောင်ရွက်ပေးထားကြောင်း ၎င်းမှ ဆက်လက် ပြောကြားခဲ့သည်။ ယင်း ကိစ္စနှင့် ပတ်သက်၍ ပွဲစားလုပ်သက် (၁၅) နှစ်ကျော် ကြာမြင့်ပြီဖြစ်သော ပွဲစားတစ်ဦးမှလည်း ပွဲစားကောင်းများ ရှိကြောင်း၊ ဝါရင့်ပွဲစားများသည် ထိုကဲ့သို့ ပြုလုပ်ခြင်းမျိုး လုံးဝမရှိသော်လည်း တစ်ကြိမ်တစ်ခါ ဝင်ရောက် လုပ်ကိုင်သူများသည် ငွေတန်ဖိုးများပါက လိမ်ညာမှုများ ပြုလုပ်တတ်ကြောင်း၊ သို့သော်လည်း မရှိသလောက် ရှားကြောင်း ပြောကြားခဲ့သည်။

Ref: Auto World

Expire Date ကျော်လွန် နေသည့် ကားတာယာများကို ဆက်လက်တပ်ဆင် မသုံးသင့်ဟုဆို

Expire Date ကျော်လွန်နေသည့် ကားတာယာများကို ဆက်လက် တပ်ဆင် အသုံးပြုပါက အန္တရာယ် ကြီးမားကြောင်း 'Myanmar Motor Corporate မှ Engineer ဦးဆန်းဦးက ပြောသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်းသို့ ပြည်ပမှ တင်သွင်းလာသော တစ်ပတ်ရစ်ကားများ ဝင်ရောက်လျက်ရှိရာ ထိုကားများတွင် ပါရှိသည့် တာယာများ၏ Expire Date ကို စစ်ဆေးပြီးမှသာ အသုံးပြုသင့်ကြောင်း သိရသည်။ ထို့အတူ လက်ရှိ မြန်မာနိုင်ငံအတွင်း အသုံးပြုလျက်ရှိသည့် ကားများ၏ တာယာများ မှာလည်း Expire Date ပါရှိပြီး တာယာသက်တမ်း အတွင်းသာ အသုံးပြုသင့်သလို မော်တော်ကား တာယာတစ်လုံး၏ သက်တမ်းမှာ အများဆုံး နှစ်နှစ်ဆယ် အတွင်းသာ အသုံးပြုသင့်ကြောင်း သိရသည်။ တာယာတစ်လုံးရဲ့ သက်တမ်းက လွန်ရောကျွံရော ၂ နှစ်ပဲ သုံးသင့်တယ်၊ ကားတာယာတွေ မှာလည်း အစားအသောက်၊ အသုံးအဆောင် ပစ္စည်းတွေလို Expire Date ဆိုတာ ပါရှိတယ်၊ အဓိက ကတော့ ပြည်ပက တင်သွင်းလာတဲ့ ကားတွေမှာပါတဲ့ တာယာတွေပဲ၊ မြန်မာနိုင်ငံကို ရောက်လာချိန်မှာ တာယာတွေရဲ့ ပန်းတွေက ကောင်းသေးတယ်ဆိုပြီး မြန်မာလူမျိုးပီပီ နှမြောပြီး သုံးကြတယ်၊ နှမြောပြီးသုံးတာက ကုန်ကျစရိတ် သက်သာ သွားတာပဲရှိတယ်၊ အန္တရာယ် အများကြီးရှိတယ်၊ ကားတစ်စီးက အင်ဂျင်သံမှန်နေရုံနဲ့ မပြီးဘူး၊ တာယာတွေရဲ့ အစိတ်အပိုင်းက ပိုပြီး အဓိကကြတယ်၊ ဟိုင်းဝေးသွားပြီး တာယာ မကောင်းလို့ လမ်းချော်တာ၊ ဘီးပေါက်တာတွေ မဖြစ်ရအောင် တာယာရဲ့ ဘေးမှာပါတဲ့ ညွှန်းဆိုချက်တွေ၊ Expire Date တွေကို ဂရုစိုက် သင့်ပါတယ်"ဟု Myanmar Motor Corporate မှ Chief Engineer ဦးဆန်းဦးက ပြောသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း ပြည်တွင်း၌ အသုံးပြုနေသော ကားတာယာများကို အရည်အသွေး ပြည့်မီစေရန် အတွက် လိုင်စင်လျှောက်ထားကာ တင်သွင်းစေခဲ့ပြီး စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်လျက် ရှိကြောင်း တာယာတင်သွင်း ရောင်းချသူများထံမှ သိရသည်။

Ref: Automobile

လာမည့် နှစ်မှစ၍ CIF တန်ဖိုးဇယားကို ဌာနဆိုင်ရာများမှ ရေးဆွဲမည်မဟုတ်ဘဲ လုပ်ငန်းရှင်များ ကို တာဝန်ပေးမည်

လာမည့်နှစ်မှစ၍ CIF တန်ဖိုးဇယားကို မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာ ဝန်ကြီးဌာနများမှ ရေးဆွဲတော့မည် မဟုတ်ဘဲ လုပ်ငန်းရှင်များကို တာဝန်ပေးအပ်မည် ဖြစ်ကြောင်း 'အကောက်ခွန်ဦးစီးဌာန'မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခင်နှစ်များက CIF တန်ဖိုး များရေးဆွဲရာ၌ အဖွဲ့ဝင် များဖြစ်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ ကုန်း လမ်းပို့ဆောင်ရေး ညွှန်ကြားရေး ဦးစီးဌာနတို့ ပူးပေါင်းရေးဆွဲခဲ့ရာ အချို့ကားများမှာ ဖြစ်သင့် ဖြစ်ထိုက်သည့် တန်ဖိုးထက် လျော့နည်းပြီး အချို့ကားများမှာ တန်ဖိုးများ များနေသောကြောင့် ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။ သို့ ဖြစ်၍ လာမည့်နှစ်များမှစ၍ CIF တန်ဖိုး ရေးဆွဲရာ၌ အစိုးရဌာနများမှ မရေးဆွဲတော့ဘဲ လုပ်ငန်း ရှင်များကို တာဝန်ပေးအပ် ရေးဆွဲ စေမည် ဖြစ်ကြောင်း သိရသည်။ CIF တန်ဖိုး ရေးဆွဲခြင်းနှင့် ပတ်သက်၍ အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက "အရင်က CIF တန်ဖိုးကို ဌာနဆိုင်ရာတွေဖြစ်တဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းပြီး တန်ဖိုးတွေ သတ်မှတ်ခဲ့တဲ့အပေါ်မှာ ကုန်သည်တွေရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရပါတယ်၊ ဆရာတို့လုပ်ထားတဲ့ ဈေးနှုန်းတွေက တချို့ကားတွေမှာ များတယ်၊ တချို့ကားတွေမှာ နည်းတယ်၊ တချို့ကားတွေကို ဆွဲချပေးပါ၊ တချို့ကားတွေကိုတော့ ဈေးတင်ပေးပါဆိုပြီး စောဒက တက်ကြပါတယ်၊ ဒါကြောင့် လာမယ့်နှစ်ကစပြီး လုပ်ငန်းရှင်တွေကို ရေးဆွဲခိုင်းမှာဖြစ်ပြီး အဲဒီအပေါ်မှာပဲ အတည်ပြုသတ်မှတ်ပေးမှာ ဖြစ်ပါတယ်"ဟု ဆိုခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ကားအရောင်းစင်တာပိုင်ရှင် တစ်ဦးကလည်း "လာမယ့်နှစ်မှာ CIF တန်ဖိုးကို ဇွန်၊ ဇူလိုင်လကတည်းက ရေးဆွဲဖို့ စီစဉ်ထားပါတယ်၊ အရင်နှစ်တွေလို နှစ်ကုန်ခါနီးမှ ရေးဆွဲမယ်ဆိုရင် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလတွေမှာ အရောင်းအဝယ်တွေ ရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်၊ ကြိုတင်ရေးဆွဲပြီး ကြေညာမယ်ဆိုရင် အရောင်းအဝယ် မရပ်ဆိုင်းဘဲ ပုံမှန်အတိုင်း လည်ပတ်နေမှာ ဖြစ်ပါတယ်၊ နောက်ပြီး CIF တန်ဖိုးကို တစ်နှစ်နဲ့ တစ်နှစ် အများကြီး ပြောင်းလဲလို့မရပါဘူး၊ ၃ ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်းလောက်ပဲ ပုံမှန် ပြောင်းလဲမယ်ဆိုရင် တစ်နှစ်နဲ့ တစ်နှစ် ဈေးနှုန်းကွာဟချက်လည်း ရှိမှာ မဟုတ်တော့ပါဘူး"ဟု ပြောကြား ခဲ့သည်။

Ref: Automobile

Author

Comments