Full article

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့:

  • မူဝါဒပြောင်းက ၂ဝဝဝ မော်ဒယ်လ်အောက် ကားဈေး သုံးပုံတစ်ပုံခန့် ကျဆင်းနိုင်
  • ရန်ကုန်မြို့တွင်း ယာဉ်လိုင်းသစ်နှစ်လိုင်း စတင်ပြေးဆွဲ
  • ၂ဝ၁၄ မူဝါဒကြောင့် မြန်မာမီနီစလွန်းများ ဘယ်မောင်းသာထုတ်မည်
  • လေလံဆွဲဝယ်ယူသူများ ကားဝယ်ရောင်းများ၏ ဝယ်အားကိုအားထားရ
  • ဆီးဂိမ်းကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ကရိန်းယာဉ်များ ထားရှိပေးသွားမည်
  • လာမည့်ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်မြို့၏ လမ်းတံတားစီမံကိန်းများအတွက် ကျပ်သန်းပေါင်း ၄၇၂ဝဝ သုံးစွဲရန် လျာထား
  • ယာဉ်မရပ်ရ လမ်းမကြီးများအဖြစ် လမ်း(၁ဝ)လမ်းအား ထပ်မံသတ်မှတ်ရန် ယာဉ်စည်းကမ်းထိန်းသိမ်းရေးမှ တင်ပြထား
  • စလစ်ဈေးကျသဖြင့် မင်းရဲကျော်စွာကားဝင်း အရောင်းအဝယ်ပြန်သွက်လာ
  • ဂျပန်မော်တော်ယာဉ် မဂ္ဂဇင်းထုတ်ဝေမည်--more-

news_this_week

မူဝါဒပြောင်းက ၂ဝဝဝ မော်ဒယ်လ်အောက် ကားဈေး သုံးပုံတစ်ပုံခန့် ကျဆင်းနိုင်

မော်တော်ယာဉ်များတင်သွင်းရာတွင် ၂ဝဝဝပြည့်နှစ်မော်ဒယ်လ်နှင့် အထက်များကိုသာ တင်သွင်းခွင့်ပြုမည်ဆိုသည့်မူဝါဒ ၂ဝ၁၄ခုနှစ်တွင် အတည်ပြုပါက ၂ဝဝဝပြည့်နှစ် မော်ဒယ်လ်အောက်မော်တော်ယာဉ်များ၏ဈေးနှုန်း သုံးပုံတစ်ပုံခန့်အထိ ကျဆင်းသွားနိုင်ကြောင်း ရန်ကုန်မြို့တော်မော်တော်ယာဉ်ဈေးကွက်အတွင်းမှ သိရသည်။ ယင်းသို့ သတ်မှတ်တင်သွင်းရမည်ဆိုပါက ပြည်တွင်းရှိကျန်ရှိမည့် ၂ဝဝဝ မော်ဒယ်လ်အောက် မော်တော်ယာဉ်များမှာ လက်ရှိတန်ဖိုးမှ ကျပ် ၂၅ သိန်း၊ သိန်း ၃ဝ ခန့် ကျဆင်းသွားနိုင်ဖွယ်ရှိပြီး အရောင်းအဝယ်ရပ်တန့်သွားနိုင်ကြောင်း မင်းရဲကျော်စွာယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားဝယ်ရောင်း ဦးထွန်းထွန်း ကပြောကြားသည်။ မူဝါဒ အသစ်ပြောင်းလဲပါက မော်တော်ယာဉ်အသစ်များသာ ဈေးကွက်ဝင်နိုင်တော့မည်ဖြစ်ကြောင်း သီရိမင်္ဂလာယာဉ်ရောင်းဝယ်ရေးစခန်းမှ ဝါရင့်ဝယ်ရောင်းတစ်ဦးမှပြောကြားသည်။

Ref: The Voice Daily

ရန်ကုန်မြို့တွင်း ယာဉ်လိုင်းသစ်နှစ်လိုင်း စတင်ပြေးဆွဲ

နေ့စဉ် လူဦးရေ ၂ ဒသမ ၅ သန်းကျော်သွားလာနေသည့် ရန်ကုန်မြို့တွင်းတွင် ယာဉ်လိုင်းသစ်နှစ်လိုင်း ထပ်မံပြေးဆွဲလျက်ရှိကြောင်း မထသ(ဗဟို) မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။ ရန်ကုန်မြို့တွင်းတွင် ယာဉ်လိုင်း ၁၇ လိုင်းနှင့် ယာဉ်အစီးရေ ၆ဝဝဝ ကျော်ရှိကြောင်း သိရှိရသည်။

Ref: The Voice Daily

၂ဝ၁၄ မူဝါဒကြောင့် မြန်မာမီနီစလွန်းများ ဘယ်မောင်းသာထုတ်မည်

ယာဉ်အိုယာဉ်ဟောင်းစီမံချက်အရ လာမည့် ၂ဝ၁၄ တွင် ပြည်ပမှ တင်သွင်းလာသော မော်တော်ယာဉ်များကို ၂ဝ၁၄ ခုနှစ်ထုတ် ဘယ်မောင်းမော်တော်ယာဉ်သစ်များကိုသာ တင်သွင်းခွင့်ပြုမည်ဆိုသော မူဝါဒကြောင့် အစိုးရဝန်ထမ်းများကို ဒုတိယအကြိမ်မြောက် ရောင်းချပေးမည့် မြန်မာမီနီဆလွန်းမော်တော်ယာဉ်များတွင် ဘယ်မောင်းများကိုသာ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း အမှတ်(၁) စက်မှုဝန်ကြီးဌာန အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွန်ကြားရေးမှူး ဦးအေးသောင်းက ပြောကြားသည်။ မြန်မာမီနီဆလွန်းများကို ၂ဝ၁၁- ၂ဝ၁၂ ဘဏ္ဍာနှစ်မှ စတင်ထုတ်လုပ်ခဲ့ပြီး အစီးရေ ၂ဝဝဝကျော် ထုတ်လုပ်ပြီးစီးပြီဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

Ref: The Voice Daily

လေလံဆွဲဝယ်ယူသူများ ကားဝယ်ရောင်းများ၏ ဝယ်အားကိုအားထားရ

လေလံတွင် ဝယ်ယူမှုများ ပြုလုပ်သည့် ကုမ္ပဏီ အချို့မှာ ကားဝယ်ရောင်းများ၏ ဝယ်အားကိုလည်း အားထားနေရကြောင်း မင်းရဲကျော်စွာကားဝင်းအတွင်းရှိ ဝါရင့်ကားအကျိုးဆောင်ကြီးတစ်ဦးမှ ပြောသည်။ လေလံဆွဲပေးမည့်သူများမှ ကားဝင်းအတွင်း နေ့စဉ်လာရောက်၍ ပေါက်ဈေးနှင့် အရောင်းသွက်သောကားများ၏ အခြေအနေကို လေ့လာသုံးသပ်ကြောင်းသိရသည်။ ကားဝင်းအတွင်း အရောင်းသွက်သော လေလံတွင် ဆွဲပေးခြင်းဖြစ်ပြီး လေလံဆွဲပေးသူအား အစအဆုံး ကျပ် သုံးသိန်းဝန်းကျင်ခန့် ပေးရကြောင်း သိရသည်။ ထိုကဲ့သို့ တစ်ဆင့်ပြန်လည်ရောင်းချသည့် ဝယ်ရောင်းများအား သက်သာသည့် ဈေးနှုန်းများဖြင့် ရောင်းချပေးကာ ဝယ်ရောင်းများ၏ ဝယ်အားကို အားထားကြကြောင်း သိရသည်။

Ref: Auto World

ဆီးဂိမ်းကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ကရိန်းယာဉ်များ ထားရှိပေးသွားမည်

ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်သွားမည့် အားကစားပြိုင်ပွဲများ ကျင်းပချိန်တွင် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပွားစေရန်အတွက် မြို့နယ်(၃၆) မြို့နယ်တွင် ကရိန်းယာဉ်များ ထားရှိ၍ လမ်းရှင်းပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဆီးဂိမ်းကာလအတွင်း ခရီးသွားပြည်သူများအဆင်ပြေစေရန် အားကစားသမားများ ပြိုင်ပွဲကျင်းပရာသို့ အချိန်မှန်ရောက်စေရန်အတွက် စီစဉ်လျက်ရှိပြီး လမ်းမပေါ်တွင် ပြေးဆွဲနေသော မော်တော်ယာဉ်သည် စက်ချို့ယွင်း၍ဖြစ်စေ၊ ယာဉ်တိုက်မှုဖြစ်စေ ပေါ်ပေါက်ပါက အချိန်အနည်းငယ်အတွင်း ဖယ်ရှားပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

Ref: Auto World

လာမည့်ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်မြို့၏ လမ်းတံတားစီမံကိန်းများအတွက် ကျပ်သန်းပေါင်း ၄၇၂ဝဝ သုံးစွဲရန် လျာထား

မော်တော်ယာဉ်များ တင်သွင်းခွင့်ပြုခဲ့ပြီးနောက် ရန်ကုန်မြို့တွင်းလမ်းများတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားလာရာ လာမည့်ဘဏ္ဍာရေးနှစ်(၂ဝ၁၄-၂ဝ၁၅) ၌ လမ်းတံတားကိစ္စရပ်များအတွက် အသုံးပြုရန်အတွက် ငွေကျပ်သန်းပေါင်း ၄၇၂ဝဝ ကို သုံးစွဲရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ လျာထားကြောင်း သတင်းရရှိသည်။ လုပ်ငန်းပေါင်း ၃၁ ခုအတွက် ငွေကျပ်သန်းပေါင်း ၇၂၆ဝကျော်အသုံးပြုမည်ဖြစ်ပြီး တံတားများတည်ဆောက်ခြင်းလုပ်ငန်း ၅ ခုအတွက် ငွေကျပ်သန်းပေါင်း ၅၈ဝ ကျော်၊ အဆင့်မြင့်လမ်းတံတားလုပ်ငန်း ၉၆ ခုအတွက် ငွေကျပ်သန်းပေါင်း ၃ဝ၅၃၂ကျော်၊ လမ်းများကွန်ကရစ်ခင်းခြင်းလုပ်ငန်းအတွက် ငွေကျပ်သန်းပေါင်း ၈၁ဝဝကျော်၊ စင်္ကြံအသစ်တည်ဆောက်ရေးအတွက် ငွေကျပ်သန်းပေါင်း ၇၆ဝ ကျော် အသုံးပြုရန်လျာထားကြောင်း သိရှိရသည်။

Ref: Auto World

ယာဉ်မရပ်ရ လမ်းမကြီးများအဖြစ် လမ်း(၁ဝ)လမ်းအား ထပ်မံသတ်မှတ်ရန် ယာဉ်စည်းကမ်းထိန်းသိမ်းရေးမှ တင်ပြထား

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းမကြီး(၁ဝ) လမ်းအား ယာဉ်မရပ်ရ လမ်းမကြီးများအဖြစ်သတ်မှတ်ရန် တင်ပြထားကြောင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှပြောပြသည်။ တင်ပြပြီးနောက်ပိုင်းတွင် အများပြည်သူသိရှိစေရန် သတ်မှတ်ထားသော လမ်း(၁ဝ)လမ်းအား ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။ ယာဉ်မရပ်ရသော လမ်းများအဖြစ် လမ်း(၃၇)လမ်းသတ်မှတ်ထားပြီး ယခုထပ်မံ၍ နော်ကထပ်(၁ဝ)လမ်းအား တိုးချဲ့သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။

Ref: Auto World

စလစ်ဈေးကျသဖြင့် မင်းရဲကျော်စွာကားဝင်း အရောင်းအဝယ်ပြန်သွက်လာ

ယခုတစ်လော မင်းရဲကျော်စွာကားဝင်းအတွင်း အရောင်းအဝယ်ပြန်သွက်လာပြီး စလစ်ကားများ စလစ်ဈေးအနည်းငယ်ကျသွားသောကြောင့် အရောင်းအဝယ်ကောင်းသွားကြောင်း သိရသည်။ ယခင်က စလစ်ဈေးမြင့်တက်မှုကြောင့် ကားဈေးကိုမြင့်၍ ရောင်းသော်လည်း စလစ်ဈေးအနည်းငယ်ကျဆင်းမှုကြောင့် အဆင်ပြေသည့် ဈေးနှုန်းများဖြင့် ရောင်းချလာကြောင်း ကားဝယ်ရောင်းတစ်ဦးမှ ပြောကြားသည်။ အ စလစ်ဈေးမှာ နိုဝင်ဘာ ၂၄ နေ့တွင် ၉၈ သိန်းဝန်းကျင်ရှိနေကာ ဈေးကစားနိုင်သေးကြောင်း သုံးသပ်ပြသည်။

Ref: Auto World

ဂျပန်မော်တော်ယာဉ် မဂ္ဂဇင်းထုတ်ဝေမည်

အရည်အသွေးကောင်းမွန်မှုကြောင့်ကျော်ကြားသည့် ဂျပန်နိုင်ငံထုတ်မော်တော်ယာဉ်များအကြောင်း ဦးစားပေးဖော်ပြမည့် Car Search အမည်ဖြင့် မဂ္ဂဇင်းကိုဒီဇင်ဘာလအတွင်း စတင်ထုတ်ဝေမည်ဟု ဂျပန်မြန်မာ စီးပွားရေးကောင်စီသစ်၏ အထွေထွေအတွင်းရေးမှူး ဦးအောင်ဝင်းက ပြောကြားသည်။ အဆိုပါမဂ္ဂဇင်းကို ထက်အောင်ခန့် ထရေးဒင်းကုမ္ပဏီက ထုတ်ဝေမည်ဖြစ်ပြီး ဂျပန်နိုင်ငံထုတ် မော်တော်ယာဉ်များ၏ အချက်အလက်များကို ဂျပန်နိုင်ငံကုမ္ပဏီများထံမှတိုက်ရိုက်ရယူဖော်ပြမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

Ref: The Voice Daily

Author