Full article

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့:

  • စည်းကမ်းမဲ့ရပ်ယာဉ်များ အရေးယူရန် ရက်အတိအကျ မသတ်မှတ်ရသေးဟု ဝန်ကြီးဆို
  • စည်းကမ်းမဲ့ မော်တော်ယာဉ် ခြောက်စီး စည်ပင်ဥပဒေအရ ဒဏ်ငွေနှစ်သောင်းခွဲကျပ် ပေးဆောင်ရဟုဆို
  • စလစ်ဈေးကျ၍ ကားဈေးကျ
  • Free permit ဖြင့် တင်သွင်းရာတွင် အမြင့်ကားများကိုသာ တင်သွင်းဖွယ်ရှိဟုဆို
  • ကွဲပြားခြားနားသည့် နံပါတ်ပြားအရောင်များ တပ်ဆင်ရန်စီစဉ်
  • ဈေးကွက်အတွင်း ပစ်ကပ်ကားများ ဦးဆောင်အရောင်းသွက်
  • မော်တော်ယာဉ် အခွန်ကောက်ခံသည့် CIF နှုန်း ပြောင်းလဲမည်
  • ရန်ကုန်တိုင်းဒေသကြီးအတွင်း အ အက္ခရာကားများ အပ်နှံရန် အစီးရေ ၂၈ဝဝ ကျော်ကျန်ရှိ
  • အောက်တိုဘာလအတွင်း Free Permit ဖြင့် နေ့စဉ် ကာအစီးရေ ၃၃ဝ ကျော် ပါမစ်ထုတ်ပေး
  • မင်းရဲကျော်စွာနှင့် သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေးစခန်းများမှ ယာဉ်ဝင်ကြေး တစ်လ ကျပ် သိန်းတစ်ရာကျော်ရရှိ--more-

news_this_week

စည်းကမ်းမဲ့ရပ်ယာဉ်များ အရေးယူရန် ရက်အတိအကျ မသတ်မှတ်ရသေးဟု ဝန်ကြီးဆို

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရန်ကုန်မြို့တော်ကို မြို့တော်အင်္ဂါရပ်နှင့်ညီညွတ်စေရန်နှင့် လမ်းပန်ဆက်သွယ်မှုလုံခြုံချောမွေ့စေရန်အတွက် ယာဉ်မရပ်ရနယ်မြေများ သတ်မှတ်ကြေညာထားသော်လည်း စည်းကမ်းချိုးဖောက်ရပ်နားသည့် ယာဉ်များရှိသေးကြောင်း၊ ယင်းယာဉ်များကို အရေးယူမည့်ရက်ကို အတိအကျမသတ်မှတ်ရသေးကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားသည်။ ယာဉ်မရပ်ရ နယ်မြေများတွင် ရပ်နားထားသောယာဉ်များကို ဖယ်ရှားနိုင်ရန်အတွက် ကုမ္ပဏီနှစ်ခုမှ ကရိန်းများနှင့် ဖယ်ရှား၍ အရေးယူမည်ဖြစ်ကြောင်း စည်းကမ်းမဲ့ရပ်နားထားသော ယာဉ်များကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ အများဆုံးဖြစ်ပေါ်နေသောကြောင့် ရုံးချိန်အတွင်း အဓိကထားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

Ref: The Voice Daily

စည်းကမ်းမဲ့ မော်တော်ယာဉ် ခြောက်စီး စည်ပင်ဥပဒေအရ ဒဏ်ငွေနှစ်သောင်းခွဲကျပ် ပေးဆောင်ရဟုဆို

ရန်ကုန်မြို့၏ အဓိကကျသောလမ်းမကြီး စုစုပေါင်း ၃၇ လမ်းပေါ်တွင် ယာဉ်မရပ်ရ နယ်မြေအဖြစ် သတ်မှတ်ပြီး နောက်ပိုင်း ဗဟန်းမြို့နယ်နှင့် လမ်းမတော်မြို့နယ်တို့တွင် နိုဝင်ဘာ ၁၂ ရက်နေ့က စည်းကမ်းမဲ့ ရပ်နားထားသော မော်တော်ယာဉ်ခြောက်စီးကို စည်ပင်ဥပဒေအရ တစ်စီးလျှင် ဒဏ်ငွေ ၂၅ဝဝဝ ကျပ် နှုန်း ပေးဆောင်စေလျက် အရေးယူခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စီမံရေးရာဌာန ဒုတိယဌာနမှုး ဦးညီညီဦးက ပြောသည်။ စည်းကမ်းမဲ့ ရပ်နားထားသော မော်တော်ယာဉ်များကို နိုဝင်ဘာ ၁၁ ရက်နေ့မှ စတင်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့စသည့် အဖွဲ့ပေါင်းစုံဖြင့် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရှိရသည်။

Ref: The Voice Daily

စလစ်ဈေးကျ၍ ကားဈေးကျ

မော်တော်ယာဉ်ဆိုင်ရာ အခွန်ကောက်ခံမှုများ ပြောင်းလဲမည်ဆိုသည့် သတင်းများထွက်ပေါ်နေသည့်အပြင် စလစ်ဈေးနှုန်းများလည်း ကျဆင်းနေခြင်းကြောင့် မော်တော်ယာဉ်ဈေးနှုန်းများကျဆင်းလျက်ရှိကြောင်း ရန်ကုန်ကားဈေးကွက်အတွင်းမှ သိရှိရသည်။ လတ်တလေဈေးကွက်တွင် ဂျပန်ယာဉ်များထက် ယခင်က ကျပ်သိန်းထောင်ချီဈေးရှိခဲ့သော တိုယိုတာ Wibo ယိုးဒယားယာဉ်အမျိုးအစားများ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကျပ် ၂၆၅ သိန်း ဝန်းကျင်ဈေးပေါက်ကြောင်း ဝယ်ရောင်းများကပြောဆိုသည်။

Ref: The Voice Daily

Free permit ဖြင့် တင်သွင်းရာတွင် အမြင့်ကားများကိုသာ တင်သွင်းဖွယ်ရှိဟုဆို

၂ဝဝ၈ အထက် မော်ဒယ်လ်ကားများအား Free permit ဖြင့် Showroom များအားတင်သွင်းခွင့်ပြုရာတွင် Showroom များမှာ 1.3 ကားများထက် အမြင့်ကားများကိုသာ တင်သွင်းရောင်းချဖွယ်ရှိကြောင်း ကားဝယ်ရောင်းတစ်ဦးမှ ပြောကြားသည်။ Showroom များအား ကားအစီးရေ ၅ဝ ကို ကွန်းဆိုင်းမန့်စနစ်ဖြင့် ၂ဝဝ၈ အထက်မော်ဒယ်လ်များကို တင်သွင်းခွင့်ပြုမည်ဖြစ်ရာ ထို အစီး ၅ဝ ကို ရောင်းချကုန်ဆုံးပြီးမှသာ ဆက်လက်တင်သွင်းရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း သိရှိရသည်။

Ref: Auto World

ကွဲပြားခြားနားသည့် နံပါတ်ပြားအရောင်များ တပ်ဆင်ရန်စီစဉ်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဌာနဆိုင်ရာ မော်တော်ယာဉ်များကို အခြားသောမော်တော်ယာဉ်များနှင့် မတူညီစေရန်နှင့် ပြည်သူလူထု အလွယ်တကူသိရှိနိုင်စေရန်အတွက် ဌာနဆိုင်ရာကားများ၏ နံပါတ်ပြားအရောင်များကို ကွဲပြားခြားနားသည့်အရောင်များ တပ်ဆင်ရန်စီစဉ်လျက်ရှိပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကို ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Ref: Auto World

ဈေးကွက်အတွင်း ပစ်ကပ်ကားများ ဦးဆောင်အရောင်းသွက်

ယခုလတ်တလောအချိန်တွင် 1.3 ကားများ၊ 1.5 နှင့် 4 ဝှီးကားများထက် ပစ်ကပ်ကားများမှာ ကားဈေးကွက်အတွင်းဦးဆောင်လျက် အရောင်းသွက်နေပြီး ရောင်းအားမှာ ထိပ်ဆုံးသို့ရောက်ရှိနေကြောင်း ပစ်ကပ်ကားများ အထူးရောင်းချသည့် Myanmar Mega International Automobile ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။ အခွန် ၁၅ ရာခိုင်နှုန်းဖြင့် ပေးဆောင်ရသော ပစ်ကပ်ကားများထဲတွင် Toyota Brand အား လူကြိုက်များပြီး ထိုင်းနိုင်ငံမှ အများဆုံးတင်သွင်းရောင်းချကြောင်း သိရှိရသည်။ ပစ်ကပ်ကားများကြောင့် 1.3 ကားဈေးကွက်အေးစက်ခြင်းမှာ မသက်ဆိုင်ပဲ အဓိကအချက်မှာ ပစ်ကပ်ကားများ၏ CIF တန်ဖိုးလျော့နည်းသွင်းခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

Ref: Auto World

မော်တော်ယာဉ် အခွန်ကောက်ခံသည့် CIF နှုန်း ပြောင်းလဲမည်

မော်တော်ယာဉ်များကို ထုတ်လုပ်သည့် မော်ဒယ်လ်ခုနှစ်အလိုက် ဆိပ်ကမ်းအရောက် တန်ဖိုးသတ်မှတ်ချက်(CIF – Cost Insurance Freight) များ ပြောင်းလဲရန်စီစဉ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။ အဆိုပါတန်ဖိုးများ ပြောင်းလဲသတ်မှတ်မည်ဆိုခြင်းကြောင့်မော်တော်ယာဉ်ဈေးကွက်အတွင်း ဈေးနှုန်းများ ကျဆင်းလျက်ရှိပြီး အမှန်တကယ်ပြောင်းလဲပါက ဈေးနှုန်းများဆက်တိုက်ကျဆင်းနိုင်ကြောင်း မော်တော်ယာဉ်ဈေးကွက်အတွင်းမှ ဝယ်ရောင်းများက ပြောကြားသည်။

Ref: The Voice Daily

ရန်ကုန်တိုင်းဒေသကြီးအတွင်း အ အက္ခရာကားများ အပ်နှံရန် အစီးရေ ၂၈ဝဝ ကျော်ကျန်ရှိ

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အ အက္ခရာကားများ အပ်နှံရန် အစီးရေ ၂၈ဝဝ ကျော် ကျန်ရှိနေသေးကြောင်း မြင်သာ က ည နရုံးမှ သိရသည်။ အောက်တိုဘာ ၂၉ ရက်မှ စတင်အပ်နှံခွင့်ပြုခဲ့သည့် အ အက္ခရာကားများသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အစီးရေ ၄၇၅ဝ စီးရှိရာ အောက်တိုဘာ ၁၂ ရက်အထိ အစီးရေ ၁၉ဝဝ ကျော် အပ်နှံခဲ့ပြီး ဖြစ်သည်။ အ အက္ခရာမတိုင်မီ အပ်နှံခွင့်ပြုခဲ့သည့် သ အက္ခရာကားများမှာ အစီးရေ ၈၅ စီးသာ အပ်နှံရန် ကျန်ရှိကြောင်းသိရှိရသည်။

Ref: Auto Mobile

အောက်တိုဘာလအတွင်း Free Permit ဖြင့် နေ့စဉ် ကာအစီးရေ ၃၃ဝ ကျော် ပါမစ်ထုတ်ပေး

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ပြည်ပမှ တင်သွင်းလာသော ကားများကို ပါမစ်ထုတ်ပေးရာတွင် Free Permit ဖြင့် နေ့စဉ်ကားအစီးရေ ၃၃ဝ ကျော် ပါမစ်ထုတ်ပေးခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ စီးပွား/ ကူးသန်းဝန်ကြီးဌာနမှ Free Permit ဖြင့် မော်တော်ယာဉ်ပါမစ်များထုတ်ပေးခဲ့ရာ နေပြည်တော်ဝန်ကြီးဌာနတွင် ၅၇၃၆ စီး၊ ရန်ကုန်ဝန်ကြီးဌာနရုံးခွဲတွင် အစီးရေ ၁၇၃ဝ စီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် အောက်တိုဘာလအတွင်း ယာဉ်အိုယာဉ်ဟောင်း ပါမစ်ဖြင့် အစီးရေ ၂၂၅ဝ၊ ဝန်ကြီးဌာနမှ လိုင်စင်ထုတ်ပေးသည့် အစီးရေ ၁၂၄၆စီး၊ Showroom ပါမစ်ဖြင့် အစီးရေ ၁ဝ၇၅ စီး ပါမစ်ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။

Ref: Auto Mobile

မင်းရဲကျော်စွာနှင့် သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေးစခန်းများမှ ယာဉ်ဝင်ကြေး တစ်လ ကျပ် သိန်းတစ်ရာကျော်ရရှိ

မင်းရဲကျော်စွာနှင့် သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေးစခန်းများမှ ယာဉ်ဝင်ကြေး တစ်လလျှင် ပျှမ်းမျှ ကျပ်သိန်း တစ်ရာကျော် ရရှိကြောင်း ယင်း ယာဉ်ရောင်းဝယ်ရေးစခန်းများရှိ စည်ပင်သာယာရေးကော်မတီ အခွန်ဌာနမှ သိရှိရသည်။ မင်းရဲကျော်စွာတွင် ကုန်တင်ယာဉ်များအပါအဝင် ယာဉ်အစီးရေ ကိုးရာမှ တစ်ထောင်ကြား ရပ်နားနိုင်ပြီး သီရိမင်္ဂလာတွင် အစီးရေ ခုနှစ်ရာမှ ရှစ်ရာကြား ရပ်နားနိုင်ကာ ယင်းကားများအတွက် ယာဉ်ဝင်ကြေးကောက်ခံရာတွင် မင်းရဲကျော်စွာတွင် တစ်နေ့ပျမ်းမျှ ကျပ် သိန်းနှစ်သိန်းဝန်းကျင် နှင့် သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေးစခန်းတွင် ပျမ်းမျှ ကျပ် တစ်သိန်းခြောက်သောင်းဝန်းကျင် ရရှိကြောင်းသိရှိရသည်။

Ref: Auto Mobile

Author