Full article

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့:

  • ငြိမ်းချမ်းရေးပါမစ်များကို အသုံးချပြီး လိမ်လည်မှုများရှိနေ
  • ဆူးလေ ဆိပ်ကမ်းတွင် လေလံစာရင်းဝင်သွားသည့် ရက်လွန်ကား ၆၈ စီးသာရှိ
  • ရန်ကုန်တိုင်းဒေသကြီး စီးပွားကူသန်းမှ Free Permit ဖြင့် ပါမစ် ၂၇ဝဝဝ ကျော်ချပေး
  • ကားဝယ်လိုအားနည်း၍ ဈေးလျှော့ရောင်းသော်လည်း အရောင်းအဝယ်ကျဆင်း
  • တင်သွင်းလာသောကားများကို မြန်မာနိုင်ငံ၏ ရာသီဥတုနှင့်ကိုက်ညီအောင် အသေးစားပြင်ဆင်မှုများပြုလုပ်သင့်
  • Free Permit ကားများ အရောင်းအဝယ်သွက်သော်လည်း စလစ်ကားများ အရောင်းထိုင်းဟုဆို
  • မွန်ပြည်နယ်၌ လိုင်စင်မဲ့ကား(၈၈)စီး လေလံစနစ်ဖြင့် ရောင်းချမည်
  • ရန်ကုန်မြို့တွင်း ယာဉ်လိုင်းအသစ် လေးလိုင်းပြေးဆွဲမည်
  • လေလံအောင်ကားများကို ရောက်ရှိနံပါတ်ထုတ်ပေးမည်--more-

news_this_week

ငြိမ်းချမ်းရေးပါမစ်များကို အသုံးချပြီး လိမ်လည်မှုများရှိနေ

ကားလောကအတွင်း ငြိမ်းချမ်းရေးပါမစ်များကိုအသုံးချပြီး လိမ်လည်မှုများရှိနေကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စု အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ပြီးနောက် တိုင်းရင်းသားများ အသုံးပြုနိုင်ရန် မော်တော်ယာဉ်မူဝါဒနှင့်အညီ ပေးအပ်ခဲ့သည်။ ထိုသို့ တိုင်းရင်းသားများအား မော်တော်ယာဉ်ပါမစ်များချပေးမှုအပေါ် အခွင့်ကောင်းယူကာ မှတိပုံတင်လိုင်စင်အတုများ ပြုလုပ်၍ လိမ်လည်မှုများရှိနေကြောင်း သတင်းရရှိသည်။

Ref: Auto Mobile

ဆူးလေ ဆိပ်ကမ်းတွင် လေလံစာရင်းဝင်သွားသည့် ရက်လွန်ကား ၆၈ စီးသာရှိ

မော်တော်ယာဉ်များအား ရက်ခြောက်ဆယ်ကျော်ပါက ဆိပ်ကမ်းအာဏာပိုင်များက လေလံယာဉ်များအဖြစ် သတ်မှတ်ရာတွင် ဆူးလေဆိပ်ကမ်း၌ သတ်မှတ်ရက်ကျော်လွန်ပြီး လေလံစာရင်းဝင် ကားအစီးေရ ၆၈ စီးထုတ်ယူရန် ကျန်ရှိနေသေးကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့မှ သိရသည်။ ဆူးလေဆိပ်ကမ်းတွင် ပြည်ပမှ ကွန်တိန်နာများဖြင့် သယ်ဆောင်လာသော ကားများထားရှိပြီး ယာဉ်ပိုင်ရှင်မျာအနေဖြင့် စာရွက်စာတမ်းများ အပြည့်အစုံဖြင့် အကောက်ခွန်ဦးစီးဌာနမှ ထုတ်ယူခွင့်ပေးပါက ဆိပ်ကမ်းကနေ ထုတ်ယူနိုင်ကြောင်း သိရသည်။

Ref: Auto Mobile

ရန်ကုန်တိုင်းဒေသကြီး စီးပွားကူသန်းမှ Free Permit ဖြင့် ပါမစ် ၂၇ဝဝဝ ကျော်ချပေး

ရန်ကုန်တိုင်းဒေသကြီး ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လူတစ်ဦးချင်းစီအလိုက် မော်တော်ယာဉ်သွင်းကုန်ပါမစ်များ ထုတ်ပေးလျက်ရှိရာ ပြီးခဲ့သည့်နှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ ယခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့အထိ မော်တော်ယာဉ် ၂၇၇၉၉ စီးကို ပါမစ်ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သွင်းကုန်လုပ်ငန်းဌာနခွဲ၊ မော်တော်ယာဉ် ပါမစ်ထုတ်ပေးရေးဌာနစိတ်မှသိရသည်။ သွင်းကုန်လုပ်ငန်းဌာနခွဲမော်တော်ယာဉ် ပါမစ်ဌာနစိတ်အနေဖြင့် ပြည်ပမှ တင်သွင်းလာသော ယာဉ်များအား လူတစ်ဦးချင်းအလိုက် ပါမစ်ထုတ်ပေးရာတွင် Sallon၊ Van၊ Wagon၊ Light Truck၊ Box Truckနှင့် Truck ကားများ ပါဝင်ကြောင်းသိရသည်။

Ref: Auto Mobile

ကားဝယ်လိုအားနည်း၍ ဈေးလျှော့ရောင်းသော်လည်း အရောင်းအဝယ်ကျဆင်း

မော်တော်ယာဉ်ဈေးကွက်အတွင်း ဝယ်လိုအားလျှော့နည်းလာ၍ ဈေးလျှော့ရောင်းသော်လည်း ယခင်နှစ်ပွင့်လင်းရာသီထက် အရောင်းအဝယ်ကျဆင်းကြောင်း ရန်ကုန်မြို့တော်မော်တော်ယာဉ်ဈေးကွက်မှ သိရှိရသည်။ မော်တော်ယာဉ်ဝယ်ယူနိုင်သည့် လူလတ်တန်းစားအများစုက ဝယ်ယူပြီးဖြစ်သည့်အတွက် ဝယ်လိုအားလျှော့နည်းသွားခြင်းဖြစ်ပြီး ကျပ် သိန်း ၁၁ဝ ခန့်ဈေးပေါက်သည့် မော်တော်ယာဉ်များကို ကျပ် သိန်း ၁ဝ၅ သိန်းခန့်ဖြင့်သာ ရောင်းရကြောင်း သီရိမင်္ဂလာယာဉ်ရောင်းဝယ်ရေးစခန်းမှ ဦးကျော်မြင့်အောင်က ပြောကြားသည်။

Ref: The Voice Daily

တင်သွင်းလာသောကားများကို မြန်မာနိုင်ငံ၏ ရာသီဥတုနှင့်ကိုက်ညီအောင် အသေးစားပြင်ဆင်မှုများပြုလုပ်သင့်

ပြည်ပမှ တင်သွင်းလာသော ကားများအား မြန်မာနိုင်ငံတွင်း ရာသီဥတုနှင့် ကိုက်ညီစွာ မောင်းနှင်နိုင်ရန်အတွက် အသေးစားပြင်ဆင်မှုများ ဂရုတစိုက်ပြင်ဆင်သင့်ကြောင်း SKYLINE Auto Unity မှ Master Technician တစ်ဦးဖြစ်သူ ကိုဝင်းနိုင်ထွန်းက ပြောပြသည်။ ပြည်တွင်းသို့ရောက်ရှိလာသောကားများကို ကားအသုံးပြုသူမှ တတ်ကျွမ်းနားလည်သည့် မက္ကင်းနစ် ပညာရှင်များနှင့် သေချာစစ်ဆေးကာ ပြုပြင်သင့်သည့် အပိုင်းများကို ဂရုတစိုက်ဖြင့် ပြုလုပ်သင့်ကြောင်း သုံးသပ်ပြသည်။ ပူပြင်းသည့်ရာသီဥတုရှိသည့်အားလျှော်စွာ ဆီပိုက်လိုင်းများကို အခါအားလျှော်စွာ စစ်ဆေးသင့်ကြောင်း ပြောပြခဲ့သည်။

Ref: Auto World

Free Permit ကားများ အရောင်းအဝယ်သွက်သော်လည်း စလစ်ကားများ အရောင်းထိုင်းဟုဆို

ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှုမူဝါဒအသစ်ကို ၂ဝ၁၄ တွင် စတင်အသုံးပြုမည်ဟု သက်ဆိုင်ရဌြာနမှ ထုတ်ပြန်ထားသော်လည်း ကားဈေးကွက်တွင် ဈေးကွက်အနေအထားလှုပ်ခတ်ခဲ့ပြီး အ အက္ခရာကြိုတင်ဝယ်ယူသူများ အရှုံးပြမှုများ ရှိခဲ့သည့်အပြင် Free Permit ကားများ အရောင်းအဝယ်သွက်ခဲ့သော်လည်း စလစ်ကားများ အရောင်းထိုင်းနေကြောင်း သိရှိရသည်။ ယခုလက်ရှိ ကားဈေးကွက်အတွင်း၌ အ အက္ခရာအပ်နှံခွင့်ပြုသည့် သတင်းထုတ်ပြန်ချက်တွင် ပါဝင်သော အမှတ်စဉ် ၃ အချက်ကြောင့် မော်တော်ယာဉ်ရောင်းဝယ်သူများအနေဖြင့် မရောင်းရဲမဝယ်ရဲကြတော့သည့်အတွက် ကားဈေးကျဆင်းနေကြောင်း သိရှိရသည်။

Ref: Auto World

မွန်ပြည်နယ်၌ လိုင်စင်မဲ့ကား(၈၈)စီး လေလံစနစ်ဖြင့် ရောင်းချမည်

မွန်ပြည်နယ်အတွင်း ယခုနှစ်အတွင်း သိမ်းဆည်းရမိခဲ့သည့် လိုင်စင်မဲ့ကားများအား လေလံစနစ်ဖြင့် ရောင်းချပေးသွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့မှ သိရှိရသည်။ လေလံပွဲတွင်ပါဝင်သည့် ကားအမျိုးအစားများမှာ ဟွန်ဒါဖစ်၊ နစ်ဆန်း၊ တိုယိုတာ၊ ဟိုင်းလတ် ဆပ်(ဖ်) စသော ကားအမျိုးအစားများ ပါဝင်မည်ဖြစ်ကြောင်း၊ အဆိုပါလေလံပွဲမှတဆင့် ရရှိလာသော အခွန်ငွေများကို ပြည်ထောင်စုသို့လည်းကောင်း၊ ပြည်နယ်အတွက်လည်းကောင်း လုပ်ထုံးလုပ်နည်းများအတိုင်း ခွဲဝေပေးသွားမည်ဟု တာဝန်ရှိသူတို့က ဆိုသည်။ အဆိုပါကားများ၏ လေလံစနစ်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် လျှောက်လွှာတစ်စောင်လျှင် ကျပ် ၂ဝဝဝ နှုန်းဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

Ref: Auto World

ရန်ကုန်မြို့တွင်း ယာဉ်လိုင်းအသစ် လေးလိုင်းပြေးဆွဲမည်

ရန်ကုန်မြို့တွင်း၌ ယာဉ်လိုင်းအသစ် လေးလိုင်း တိုးချဲ့ပြေးဆွဲရန်အတွက် ရန်ကုန်တိုင်းဒေသကြီး မ.ထ.သ(ဗဟို) တွင် လျှောက်ထားနိုင်ကြောင်း မ.ထ.သ(ဗဟို)မှ ဥက္ကဌ ဦးလှအောင် ကပြောကြားသည်။ အဆိုပ်ယာဉ်လိုင်းများမှာ ဒဂုံတက္ကသိုလ်မှ သာကေတသို့ ပြေးဆွဲမည့် အမှတ် ၃၆ အဖြူယာဉ်လိုင်း၊ ဗဟိုအမျိုးသမီးဆေးရုံ(ဂိတ်ရင်း၊ ဂိတ်ဖျား) သို့ ပြေးဆွဲမည့် အမှတ် ၅၄ မီနီဘတ်စ် ယာဉ်လိုင်း၊ သန်လျင်ကုလားဝဲ တံတားမှ သရက်တော ဘုန်းကြီးကျောင်းသို့ ပြေးဆွဲမည့် အမှတ် ၉ဝ သန်မြန်သူယာဉ်လိုင်း၊ ဒဂုံတက္ကသိုလ်မှ ကျုံးကြီး သို့ ပြေးဆွဲမည့် မိုးကောင်းကင်ယာဉ်လိုင်တို့ဖြစ်ကြောင်း စာရင်းများအရ သိရှိရသည်။

Ref: The Voice Daily

လေလံအောင်ကားများကို ရောက်ရှိနံပါတ်ထုတ်ပေးမည်

မော်လမြိုင်လေလံအောင်ကားများကို ရောက်ရှိနံပါတ်အတိုင်း ထုတ်ပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန၊ ကနဦးမှတ်ပုံတင်ဌာန မှသိရသည်။ အောက်တိုဘာ ၂၁ မှ နိုဝင်ဘာ ၁ ရက်အထိ ၁ဝ ရက်ကြာကျင်းပခဲ့သော မွန်ပြည်နယ်လေလံတွင် ဒေသတွင်းသိမ်းဆည်းရမိသော တရားရုံးပြီးပြတ်သည့် မော်တော်ယာဉ်များကို မျက်မြင်အနေအထားအတိုင်း တင်ဒါစနစ်ဖြင့်ရောင်းချခဲ့ရာ နိုဝင်ဘာ ၆ ရက်နေ့တွင် လေလ့အောင်စာရင်းများကို ထုတ်ပြန်ကြေညာခဲ့သည်။ အစီးရေ ၈၈ စီး လေလံတင်ရောင်းချခဲ့သည့် မော်တော်ယာဉ်များကို ကနဦးမှတ်ပုံတင်ဌာနမှ ပြည်ပမှ တင်သွင်းလာသည့် ယာဉ်များအတိုင်း ရောက်ရှိနံပါတ်မှစ၍ မှတ်ပုံတင်ပေးမည်ဖြစ်ကြောင်း သိရသည်။

Ref: Auto Mobile

Author