Full article

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့:

  • ဌာနဆိုင်ရာ မာဇဒါအုပ်စုဝင် ယာဉ်အပ်နှံမှု ၅၇ဝဝ ကျော် လက်ခံပြီးစီး
  • ရန်ကုန်တိုင်းဒေသကြီးအတွင်း သ အက္ခရာကားများ အစီးရေ ၁ဝဝ ကျော်သာ အပ်နှံရန်ကျန်ရှိ
  • အသင်းအဖွဲ့ မှတ်ပုံတင်ဥပဒေ ပြန်လည်ရေးဆွဲမည်ဖြစ်၍ မော်တော်ယာဉ်ရောင်းဝယ်ရေး အသင်း(ရန်ကုန်) တရားဝင် ဖွဲ့ခွင့် ခေတ္တဆိုင်းငံ့
  • ၂ဝ၁၄ တွင် မော်တော်ယာဉ်များ အအပ်လက်ခံခြင်းကို ဖွံဖြိုးဆဲနိုင်ငံများနည်းတူ ဆောင်ရွက်တော့မည်
  • ယာဉ်မောင်းလိုင်စင်ထုတ်ပေးရာတွင် သံရုံးများက လျှောက်ထားပါက အခမဲ့ထုတ်ပေး
  • ကားကြီးရော ကားသေးပါ အရောင်းအေးနေတဲ့ဈေးကွက်
  • ပြည်ပမှ တင်သွင်းလာသောကားများ အထွေထွေစရိတ်များကြောင့် လိုအပ်သည်ထက် ပိုမိုကုန်ကျနိုင်
  • နှစ် ၂ဝ အောက် မော်ဒယ်လ်နိမ့်ယာဉ်များ အရောင်းအဝယ်ဖြစ်
  • မှတ်ပုံတင်တုနှင့် ယာဉ်ရောင်းဝယ်သည်ဟု သံသယရှိပါက က.ည.န တွင် အတည်ပြုနိုင်--more-

news_this_week

ဌာနဆိုင်ရာ မာဇဒါအုပ်စုဝင် ယာဉ်အပ်နှံမှု ၅၇ဝဝ ကျော် လက်ခံပြီးစီး

ဂျပန်နိုင်ငံထုတ်ကားများဖြစ်သော သက်တမ်းလွန်လေလံ ပြန်လည်မှတ်ပုံတင်ထားသည့် ဌာနဆိုင်ရာ မာဇဒါအုပ်စုဝင် မော်တော်ယာဉ်များကို ယာဉ်အို၊ယာဉ်ဟောင်းအပ်နှံမှု စီမံချက်အတွင်း ထည့်သွင်းလက်ခံခဲ့ရာ အောက်တိုဘာနောက်ဆုံးပတ်အထိ အစီးရေ ၅၇ဝဝ ကျော်ထိ အပ်နှံပြီးစီးပြီဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ ယာဉ်မှတ်ပုံတင်ဌာနမှ အကြီးတန်းအရာရှိတစ်ဦးမှ ပြောကြားသည်။ ယင်းကားများကို ၂ဝ၁၂ နိုဝင်ဘာ ၁၆ ရက်နေ့မှစ၍ ယာဉ်အို၊ယာဉ်ဟောင်းအပ်နှံမှုတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

Ref: The Voice Daily

ရန်ကုန်တိုင်းဒေသကြီးအတွင်း သ အက္ခရာကားများ အစီးရေ ၁ဝဝ ကျော်သာ အပ်နှံရန်ကျန်ရှိ

ယာဉ်အို၊ယာဉ်ဟောင်း စီမံချက်အရ အပ်နှံလျက်ရှိသော သ အက္ခရာ ကားများမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း အစီးရေ တစ်ရာကျော်သာ အပ်နှံရန်ကျန်ရှိတော့ကြောင်း မြင်သာ(က ည န) ရုံး ယာဉ်အို၊ယာဉ်ဟောင်းအပ်နှံမှုဌာနမှ သိရှိရသည်။ လက်ရှိအချိန်တွင် အပ်နှံဆဲဖြစ်သည့် သ အက္ခရာကားများမှာ စတင်အပ်နှံသည့် ဇွန်၂၃ မှစ၍ အောက်တိုဘာ ၂၃ အထိ အစီးရေ ၄၅၅၆ စီး အပ်နှံပြီးဖြစ်ကြောင်း သိရှိရသည်။

Ref: Auto Mobile

အသင်းအဖွဲ့ မှတ်ပုံတင်ဥပဒေ ပြန်လည်ရေးဆွဲမည်ဖြစ်၍ မော်တော်ယာဉ်ရောင်းဝယ်ရေး အသင်း(ရန်ကုန်) တရားဝင် ဖွဲ့ခွင့် ခေတ္တဆိုင်းငံ့

အသင်းအဖွဲ့အစည်းများအတွက် ဥပဒေကြမ်း ထုတ်ပြန်ရာတွင် အသင်းအဖွဲ့အစည်းများမှ ကျေနပ်မှုမရှိသည့်အတွက် အသင်းအဖွဲ့မှတ်ပုံတင်ကို ခေတ္တဆိုင်းငံ့ထားကြောင်း မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်း(ရန်ကုန်) ဥက္ကဌ ဦးအောင်သန်းဝင်းက ပြောသည်။ ယခု ဖွဲ့စည်းထားသော အသင်းအဖွဲ့များမှာ NGO နှင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေး စသည်တို့ကို ထောက်ပံ့သည့် လုပ်ငန်းများဖြစ်သည့်အတွက် ပြဌာန်းထားသော ဥပဒေမူကြမ်းတွင် ပြစ်မှုဆိုင်ရာဥပဒေ ထောင်ဒဏ်များပါရှိနေ၍ ကျေနပ်မှုများမရှိသဖြင့် အသင်းအဖွဲ့အစည်းများအတွက် ပြဌန်းထားသည့် ဥပဒေ မူကြမ်းကို ပြန်လည်ရေးဆွဲရန် အဖွဲ့အစည်း ငါးဆယ်ကျော်တို့မှ လွှတ်တော်သို့စာတင်သွင်းမည်ဖြစ်ကြောင်း သိရှိရသည်။

Ref: Auto Mobile

၂ဝ၁၄ တွင် မော်တော်ယာဉ်များ အအပ်လက်ခံခြင်းကို ဖွံဖြိုးဆဲနိုင်ငံများနည်းတူ ဆောင်ရွက်တော့မည်

အ အက္ခရာယာဉ်များအား အောက်တိုဘာ ၂၉ ရက်နေ့တွင် အအပ်လက်ခံမည်ဟူသော ကြေညာချက်နှင့်အတူ လာမည့် ၂ဝ၁၄ ခုနှစ်မှ စပြီး ဖွံဖြိုးပြီး/ ဖွံဖြိုးဆဲနိုင်ငံများနည်းတူ မော်တော်ယာဉ်သက်တမ်းကိုသာ သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၆ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။ ထိုကြေညာချက်က ၂ဝ၁၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့နှင့် ၂ဝ၁၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့များတွင် ထုတ်ပြန်ကြေညာခဲ့သော လက်ရှိမှတ်ပုံတင်အက္ခရာအလိုက် သတ်မှတ်ဆောင်ရွက်ခြင်းကို လမည့် ၂ဝ၁၄ ခုနှစ်မှစ၍ ဆောင်ရွက်တော့မည်မဟုတ်ကြောင်း သိရသည်။

Ref: Auto World

ယာဉ်မောင်းလိုင်စင်ထုတ်ပေးရာတွင် သံရုံးများက လျှောက်ထားပါက အခမဲ့ထုတ်ပေး

ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံများသို့ လာရောက်သော သံရုံးများမှ သံတမန်များနှင့် သံတမန်အခွင့်အရေးရသူများအတွက် နိုင်ငံခြားယာဉ်မောင်းလိုင်စင်မှ မြန်မာနိုင်ငံယာဉ်မောင်းလိုင်စင်သို့လျှောက်ထားရာတွင် အခကြေးငွေမယူပဲ အခမဲ့ ထုတ်ပေးလျက်ရှိကြောင်း က ည န မှ သတင်းရရှိသည်။ ယင်းကဲ့သို့ သံရုံးနှင့်သက်ဆိုင်သူများ မြန်မာနိုင်ငံလိုင်စင်လျှောက်ထားရာတွင် အခမဲ့ ထုတ်ပေးသော်လည်း သက်ဆိုင်ရာသံရုံးမှ လျှောက်လွှာ၊ သံတမန်ရေးရာဦးစီးဌာနမှ ထောက်ခံချက်၊ သံတမန် Passport မိတ္တူ၊ သံတမန် စိစစ်ရေးကတ်မိတ္တူ၊ သက်ဆို်င်နိုင်ငံမှ လိုင်စင်မိတ္တူနှင့် လိုင်စင်ကတ်ဖိုး ၁၂ဝဝ ကျပ်တို့ကို လိုအပ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။

Ref: Auto World

ကားကြီးရော ကားသေးပါ အရောင်းအေးနေတဲ့ဈေးကွက်

သီတင်းကျွတ်ရာသီချိန်ရောက်တိုင်း 1.3 အင်ဂျင်ပါဝါ အိမ်စီးကားသေးများ ရောင်းအားသိသာစွာတက်လာခြင်းမရှိသကဲ့သို့ ကုန်တင်ထရပ်ကားများမှာလည်း အရောင်းအေးစက်လျက်ရှိကြောင်း မင်းရဲကျော်စွာ ကားဝင်းအတွင်းရှိ ကုန်တင်ထရပ်ကား သီးသန့်ရောင်းဝယ်သူ တစ်ဦးမှ ပြောပြသည်။ ၂ တန်၊ ၃ တန်၊ ၁၂ ပေ၊ ၁၄ ပေ၊ ၁၆ ပေ၊ ထရပ်ကားများ အားလုံးပင် အဝယ်အေးကာ လေလံဈေးမှာလည်း ကျဆင်းခြင်းမရှိကြောင်း သိရသည်။ နယ်ဝယ်လက် အားထားရပြီး လုပ်ငန်းများအဆင်ပြေမှသာ ထရပ်ကားဝယ်ယူမှုများသဖြင့် စီးပွားရေးလုပ်ငန်းများ အောင်မြင်မှုနှင့်လည်း သက်ဆိုင်နေကြောင်း ၎င်းက ပြောကြားသည်။ နိုင်ဂျီးရီးယားနှင့် အိန္ဒိယနိုင်ငံများမှ ကုန်တင်ထရပ်ကား ဝယ်ယူအသုံးပြုမှုများသဖြင့်လည်း လေလံတွင် ဈေးနှုန်းများကျဆင်းခြင်းမရှိသည့်အတွက် ပြည်တွင်း၌ ဝယ်ရောင်းလုပ်ရာတွင် ဈေးနှုန်းမကျကြောင်း သိရသည်။

Ref: Auto World

ပြည်ပမှ တင်သွင်းလာသောကားများ အထွေထွေစရိတ်များကြောင့် လိုအပ်သည်ထက် ပိုမိုကုန်ကျနိုင်

မြန်မာပြည်အတွင်းသို့ ကားတစ်စီးတင်သွင်းလာပါက ကား၏ အထွေထွေကုန်ကျစရိတ်များကြောင့် ကားဈေးများမှာ လိုအပ်သည့်ထက်ပိုသွားနိုင်ကြောင်း ဝါရင့်ကားဝယ်ရောင်းကြီးများမှ ပြောပြသည်။ ဂျပန်လေလံတွင် အောင်မြင်သော ကားဈေးနှုန်းများမှာ အသင့်အတင့်ရှိသော်လည်း ပြည်တွင်း၌ သင်္ဘောမှ ထုတ်ယူပြီး နောက်ပိုင်းတွင် ကုန်ကျစရိတ်များကိုလည်း ထည့်သွင်းတွက်ချက်လာနေကြောင်း ၎င်းက ပြောသည်။ ကားတစ်စီးအား ဆိပ်ကမ်းမှ ထုတ်ယူချိန်မှစ၍ အထွေထွေ ကုန်ကျစရိတ် ၈ သိန်းခန့်ရှိနိုင်ပြီး ကားပြန်လည်ရောင်းချရာတွင် ယင်းစရိတ်များကိုပါ ထည့်သွင်းရသဖြင့် ကားဈေးမှာလည်း ပိုလာရကြောင်း သိရှိရသည်။

Ref: Auto World

နှစ် ၂ဝ အောက် မော်ဒယ်လ်နိမ့်ယာဉ်များ အရောင်းအဝယ်ဖြစ်

မော်ဓယ်လ်နှစ်အလိုက် ယာဉ်အပ်နှံခွင့်ပြုသည့်မူဝါဒကို ၂ဝ၁၄ ခုနှစ်တွင် အသုံးပြုမည်ဆိုသောကြောင့် မန္တလေးမြို့တော်မော်တော်ယာဉ်ရောင်းဝယ်ရေးဈေးကွက်အတွင်း မော်ဓယ်လ်နှစ် ၂ဝ အောက် မော်တော်ယာဉ်များ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ယာဉ်အိုယာဉ်ဟောင်းများအား အက္ခရာအလိုက် အပ်နှံခွင့်ပြုသည့်အချိန်မှစ၍ အက္ခရာတစ်ခု အပ်နှံခွင့်ပြုချိန်ပြီးခါးနီးတိုင်း နောက် အပ်နှံခွင့်ပြုမည့် အက္ခရာ၏ မော်တော်ယာဉ်ဈေး၊ စလစ်ဈေးမားမြင့်တက်သွားသော်လည်း အ အက္ခရာမော်တော်ယာဉ်များ စတင်အပ်နှံခွင့်ပြုသည့် အောက်တိုဘာ ၂၉ မှ၃ဝ ရက်နေ့အတွင်း ယာဉ်ဈေးနှင့် စလစ်ဈေးများ တဖြည်းဖြည်းကျဆင်းကာ နှစ် ၂ဝ အောက်ယာဉ်များ အရောင်းအဝယ်ဖြစ်နေကြောင်း မော်တော်ယာဉ်ဈေးကွက်အတွင်းမှ သိရှိရသည်။

Ref: The Voice Daily

မှတ်ပုံတင်တုနှင့် ယာဉ်ရောင်းဝယ်သည်ဟု သံသယရှိပါက က.ည.န တွင် အတည်ပြုနိုင်

ပြင်ပယာဉ်များ ရောင်းဝယ်ရေး လောကအတွင်း ယာဉ်မှတ်ပုံတင်အတု များဖြင့် ယာဉ်အရောင်းအဝယ်ပြုလုပ်ခြင်းများရှိသဖြင့် ယာဉ်အရောင်းအဝယ်ပြုလုပ်ရာတွင် သံသယရှိပါက မိမိယာဉ်ကို သက်ဆိုင်ရာ မြို့နယ် က ည န ရုံးများသို့ လာရောက်အတည်ပြုနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း က ည န မှ သိရသည်။ ပြည်ပမှ တင်သွင်းလာသော မော်ဒယ်လ်မြင့် မော်တော်ယာဉ်များကို သက်တမ်းသုံးနှစ်ဖြင့် မှတ်ပုံတင်ဆောင်ရွက်ပေးရာတွင် ယာဉ်သက်သေခံလက်မှတ်(ဝီးတက်)နှင့် ဖောင်းကြွ နံပါတ်ပြားများ အတုပြုလုပ်၍ ရောင်းဝယ်ခြင်းအပြင် ပြည်ပမှ တရားဝင်တင်သွင်းလာပြီး ယာဉ်နံပါတ်နှင့် ဖောင်းကြွနံပါတ်များကို တရားမဝင် ကားများတွင် ကပ်၍ ရောင်းချခြင်းများ ဖြစ်ပေါ်နေသဖြင့် မော်တော်ယာဉ်များကို လာရောက် အစစ်ဆေးခံရန် ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း ယင်းရုံးမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Ref: The Voice Daily

Author