Full article

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့:

  • မစ်ဆူဘီရှီပစ်ကပ်ကားများ ၂ဝ၁၄ ဇန်နဝါရီတွင် ပြည်တွင်း၌ စဖြန့်မည်
  • ဌာနဆိုင်ရာ ယာဉ်အိုယာဉ်ဟောင်းများကို နှစ်အလိုက်လဲလှယ်ရန် အသုံးစရိတ်ခွင့်ပြုမည်
  • ၂ဝ၁၄ မှစတင်ကာ မော်ဒယ်လ်အသစ် ဘယ်မောင်းများသာ သွင်းခွင့်ပြုမည်
  • ဂျာမနီကားများ ပြုပြင်ထိန်းသိမ်းရေးအလုပ်ရုံ မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖွင့်လှစ်မည်
  • ၂ဝဝ၈ မော်ဒယ်လ်နှင့်အထက်ကားများ ရောင်းချခွင့်ရသည့် အရောင်းစင်တာ ၁၅ ခုသာရှိ
  • ကားအရောင်းစင်တာများ ပါမစ်များ ရောင်းချခြင်းကြောင့် ဈေးကွက်အတွင်း ရှုပ်ထွေးမှုများ ဖြစ်ပေါ်
  • အရစ်ကျရောင်းချမှုစနစ် အောင်မြင်မှုရရှိရန် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဘဏ်များ လုပ်ကိုင်ခွင့်ပေးရန် ကားတင်သွင်းသူများ ဆန္ဒရှိ
  • ခုံးကျော်တံတားဖွင့်လှစ်ပြီးပါက ရွှေဂုံတိုင်လမ်းမကြီးအား အသုံးပြုနိုင်ဦးမည်မဟုတ် --more-

news_this_week

မစ်ဆူဘီရှီပစ်ကပ်ကားများ ၂ဝ၁၄ ဇန်နဝါရီတွင် ပြည်တွင်း၌ စဖြန့်မည်

ဂျပန်နိုင်ငံမော်တော်ယာဉ်ကုမ္ပဏီတစ်ခုဖြစ်သော မစ်ဆူဘီရှီမော်တာ ကော်ပိုရေးရှင်းက ထိုင်းနိုင်ငံထုတ်ပစ်ကပ်ကားများကို မြန်မာနိုင်ငံတွင် ၂ဝ၁၄ခုနှစ် ဇန်နဝါရီလမှ စတင်ဖြန့်ချီမည်ဟု အဆိုပါကုမ္ပဏီကို ကိုးကား၍ ဂျပန်မီဒီယာများက ဖော်ပြသည်။ ထိုင်းနိုင်ငံရှိမစ်ဆူဘီရှီစက်ရုံမှ ထုတ်လုပ်ထားသော L200 ပစ်ကပ်ကားများအပါအဝင် အခြားမော်ဒယ်လ်အချို့ကို စတင်ရောင်းချမည်ဖြစ်ကြောင်း သတင်းများက ဆိုသည်။ မစ်ဆူဘီရှီကော်ပိုရေးရှင်းသည် ရိုးမကုမ္ပဏီနှင့်ပူးပေါင်း၍ ရန်ကုန်၊နေပြည်တော်နှင့် မန္တလေးမြို့များတွင် မော်တော်ယာဉ်ရောင်းချခြင်းနှင့် ပြုပြင်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ဖေဖော်ဝါရီလအတွင်းက နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ကြသည်။

Ref: The Voice Daily

ဌာနဆိုင်ရာ ယာဉ်အိုယာဉ်ဟောင်းများကို နှစ်အလိုက်လဲလှယ်ရန် အသုံးစရိတ်ခွင့်ပြုမည်

အစိုးရဌာနများရှိ အသုံးပြု၍မရတော့သော ယာဉ်အို၊ယာဉ်ဟောင်းများကို ဘဏ္ဍာနှစ်အလိုက်လဲလှယ်ရန် အသုံးစရိတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ခင်စန်းရီက ပြည်သူ့လွတ်တော်တွင် ပြောကြားသည်။ ပြီးခဲ့သည့် ၂ဝ၁၁- ၂ဝ၁၂ ဘဏ္ဍာရေးနှစ်မှ ၂ဝ၁၃- ၂ဝ၁၄ ာဘဏ္ဍာနှစ် စက်တင်ဘာ ၃ဝ ရက်နေ့အထိ အစိုးရဝန်ကြီးဌာနများရှိ ယာဉ်အိုယာဉ်ဟောင်း ၁၉၇၁ စီးကို ဖျက်ဆီးခဲ့ပြီး ယခုဘဏ္ဍာနှစ်အတွင်း လူစီးမော်တော်ယာဉ် ၁၃၁၈ စီးနှင့် ဘတ်စ်ကား ၄၂၄ စီး ဝယ်ယူရန် ပြည်ထောင်စုလွတ်တော်က ခွင့်ပြုပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

Ref: The Voice Daily

၂ဝ၁၄ မှစတင်ကာ မော်ဒယ်လ်အသစ် ဘယ်မောင်းများသာ သွင်းခွင့်ပြုမည်

မြန်မာနိုင်ငံသို့ မော်ဒယ်လ်သစ်မော်တော်ယာဉ်များ တင်သွင်းရာတွင် ဌာနမှ သတ်မှတ်ထားသော မူဝါဒအရ ၂ဝ၁၄ မှစတင်ကာ ဘယ်မောင်းများသာတင်သွင်းခွင့်ပြုတော့မည်ဖြစ်ကြောင်း က ည န(နေပြည်တော်)မှ ညွန်ကြားရေးမှူး ဦးတင်မောင်ဆွေမှ ပြောကြားသည်။ လတ်တလော သတင်းထွက်ပေါ်နေသကဲ့သို့ ၂ဝ၁၄ တွင် မော်ဒယ်လ်မခွဲခြားဘဲ ဘယ်မောင်းယာဉ်များသာ တင်သွင်းခွင့်ပြုတော့မည်ဆိုခြင်းမှာ မဟုတ်ကြောင်း၊ ၂ဝ၁၃ မော်ဒယ်လ်နှင့် ၂ဝ၁၄ မော်ဒယ်လ် Brand new ကားများကိုသာ ဘယ်မောင်းတင်သွင်းခွင့်ရမည်ကို ဆိုလိုခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမော်တော်ယာဉ်အသင်းမှ ဗဟိုအလုပ်မှုဆောင် ဒေါက်တာစိုးထွန်းကပြောကြားသည်။

Ref: The Voice Daily

ဂျာမနီကားများ ပြုပြင်ထိန်းသိမ်းရေးအလုပ်ရုံ မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖွင့်လှစ်မည်

မြန်မာနိုင်ငံတွင် စင်္ကာပူအခြေစိုက် ရိုးမကုမ္ပဏီသည် ဂျာမနီထုတ်ကားများ ပြုပြင်ထိန်းသိမ်းရေး အလုပ်ရုံကို ပထမဦးဆုံး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။ ရိုးမကုမ္ပဏီသည် ဂျာမနီနိုင်ငံအခြေစိုက် German Car Industries ကုမ္ပဏီ၏ အစုရှယ်ယာ ၇ဝရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး၊ Volkswagen ဂျာမနီ မော်တော်ယာဉ်များ ပြုပြင်ထိန်းသိမ်းရေးအလုပ်ရုံကို နှစ်ဦးအကျိုးတူ ပူးပေါင်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ နှစ်ဦးနှစ်ဖက်သဘောတူညီချက်အရ ယင်းအလုပ်ရုံကို ရန်ကုန်မြို့တော်၊ ကမာရွတ်မြို့နယ်တွင် ယခုနှစ်အောက်တိုဘာလအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

Ref: The Voice Daily

၂ဝဝ၈ မော်ဒယ်လ်နှင့်အထက်ကားများ ရောင်းချခွင့်ရသည့် အရောင်းစင်တာ ၁၅ ခုသာရှိ

၂ဝဝ၈ မော်ဒယ်လ်နှင့်အထက် ကားများရောင်းချခွင့်ရသည့် အရောင်းစင်တာ ၁၅ ခုသာရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရှိရသည်။ ရန်ကုန်မြို့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ တရားဝင်ခွင့်ပြုချက်ဖြင့် မော်တော်ကားရောင်းချသော အရောင်းစင်တာ ၁၆၅ ခုရှိရာ ၁၅ခုသာ ၂ဝဝ၈ မော်ဒယ်လ်နှင့်အထက် ကားများကိုရောင်းချခွင့်ရရှိသေးကြောင်း တာဝန်ရှိသူတစ်ဦးမှပြောကြားသည်။ ကားအရောင်းစင်တာများအနေဖြင့် ၂ဝဝ၈ မော်ဒယ်လ်နှင့်အထက် ကားများကို တင်သွင်းရောင်းချရာတွင် ကားဟောင်းပါမစ်ဖြင့် အစီးတစ်ရာကျော် တင်သွင်းရောင်းချပြီးမှသာ ခွင့်ပြုမည်ဖြစ်ကြောင်း သိရှိရသည်။

Ref: Auto Mobile

ကားအရောင်းစင်တာများ ပါမစ်များ ရောင်းချခြင်းကြောင့် ဈေးကွက်အတွင်း ရှုပ်ထွေးမှုများ ဖြစ်ပေါ်

ကားအရောင်းစင်တာအချို့သည် ပါမစ်များရောင်းချခြင်းကြောင့် ဈေးကွက်အတွင်း ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေကြောင်း မော်တော်ယာဉ်တင်သွင်းသူများမှတဆင့် သိရှိရသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ကားအရောင်းစင်တာများသည် ကားအစီးရေ ၁၅ဝ မှ နှစ်ရာကြား တင်သွင်းရောင်းချခွင့်ရှိရာ ပြင်ပသို့ ပါမစ်များ ပြန်လည်ရောင်းချနေသည့် ကားအရောင်းစင်တာအချို့ရှိကြောင်း ကားလောကမှ သိရသည်။

Ref: Auto Mobile

အရစ်ကျရောင်းချမှုစနစ် အောင်မြင်မှုရရှိရန် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဘဏ်များ လုပ်ကိုင်ခွင့်ပေးရန် ကားတင်သွင်းသူများ ဆန္ဒရှိ

မြန်မာနိုင်ငံတွင် အရစ်ကျရောင်းချမှုစနစ်အောင်မြင်မှုရရှိရန် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဘဏ်များကို ဝင်ရောက်လုပ်ကိုင်ခွင့်ပေးစေလိုကြောင်း ကားတင်သွင်းသူလုပ်ငန်းရှင်တစ်ဦးမှ ပြောကြားသည်။ ဘဏ်စနစ်တင်းကြပ်ခြင်းနှင့် အတိုးနှုန်းမြင့်မားခြင်းတို့ကြောင့် အရစ်ကျရောင်းချမှုစနစ်သည် အောင်မြင်မှုမရှိဘဲ ကားဈေးကွက်တွင်လည်း အရောင်းစင်တာအနည်းငယ်သာ အရစ်ကျစနစ်ဖြင့် ရောင်းချကြောင်း ကားတင်သွင်းသူများထံမှ သိရှိရသည်။ ဗဟိုဘဏ်၏ သတ်မှတ်ချက်အရ မြန်မာနိုင်ငံ၏ ဘဏ်တိုးနှုန်းသည် ဖွံဖြိုးပြီးဘဏ်များ၏ အတိုးနှုန်းထက် နှစ်ဆကျော်မြင့်မားနေကြောင်း သိရှိရသည်။

Ref: Auto Mobile

ခုံးကျော်တံတားဖွင့်လှစ်ပြီးပါက ရွှေဂုံတိုင်လမ်းမကြီးအား အသုံးပြုနိုင်ဦးမည်မဟုတ်

၂ဝ၁၂ ဒီဇင်ဘာ ၁၂ တွင် စတင်ဆောက်လုပ်ခဲ့သောရွှေဂုံတိုင်ဂုံးကျော်တံတားကို ၂ဝ၁၃ ခုနှစ် အောက်တိုဘာလကုန်တွင် ဖွင့်လှစ်အသုံးပြုရန်လျာထားပြီး တံတားဖွင့်လှစ်ပြီးပါကလည်း ရွှေဂုံတိုင်လမ်းမကြီးအား အသုံးပြုနိုင်ဦးမည်မဟုတ်ကြောင်း ရနု်ကုန်မြို့တော်စည်ပင်မှသတင်းရရှိသည်။ ခုံးကျော်တံတားတည်ဆောက်ချိန်အတွင်း တံတားနံဘေးရေမြောင်းများတူးဖော်ခြင်း၊တံတားအောက်ခြေတည်ဆောက်ခြင်းများကြောင့် လမ်းသားများပျက်စီးခဲ့ရကြောင်း၊ ယင်းအတွက်ရွှေဂုံတိုင်လမ်းမကြီး၏ လမ်းသားများကို ကတ္တရာထပ်ပိုးလွှာခင်းခြင်းများဖြင့် ပြန်လည်ပြုပြင်မည်ဖြစ်ကာ တစ်လခန့်ကြာမြင့်ပြီးမှ အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရှိရသည်။

Ref: Auto Mobile

Author