Full article

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့:

  • ရန်ကုန်ကားဈေးကွက်အတွင်း ကားသစ်ဈေးများ ရပ်တန့်နေသော်လည်း ဇုန်ထုတ်ဂျစ်ကားများ ပေါက်ဈေးအနည်းငယ်မြင့်လာ
  • ရန်ကုန်တွင် ၂၅ ရက်အတွင်း စည်းကမ်းမဲ့ယာဉ် ၁၆ဝဝကျော် အရေးယူ
  • ထပ်မံတင်သွင်းမည့် Space Cab များကို ဝန်ကြီးဌာနသုံးခု၏ ထောက်ခံချက်ရရှိမှသာ ခွင့်ပြုမည်
  • မြန်မာမီနီဆလွန်း အစီးရေ နှစ်ထောင်ကျော် ရောင်းချခဲ့ပြီး ထပ်မံထုတ်လုပ်မှု ယာယီရပ်နားထား
  • ၂ နှစ် ယာဉ်အိုယာဉ်ဟောင်း စီမံချက်အရ CNG ပြန်လည်တပ်ဆင်ခွင့် ပြန်လည်လျောက်ထားသည့် ယာဉ်အစီးရေ တစ်သောင်းကျော်ရှိ
  • ပွင့်လင်းရာသီအစ ကျပ်သိန်းတစ်ရာဝန်းကျင်ကားများ အရောင်းအဝယ်ပြန်တက်
  • ကုန်စည်ပြပွဲ လေလံကားကြမ်းခင်းဈေး ပြင်ပပေါက်ဈေးထက် ဈေးမြင့်ဟုဆို--more-

news_this_week

ရန်ကုန်ကားဈေးကွက်အတွင်း ကားသစ်ဈေးများ ရပ်တန့်နေသော်လည်း ဇုန်ထုတ်ဂျစ်ကားများ ပေါက်ဈေးအနည်းငယ်မြင့်လာ

ရန်ကုန်ကားဈေးကွက်အတွင်း ကားသစ်ဈေးများရပ်တန့်နေသော်လည်း စက်မှုဇုန်ထုတ်ဂျစ်ကားများ ဈေးအနည်းငယ် မြင့်တက်လာသည်ဟု ရန်ကုန်ကားဈေးကွက်ကျွမ်းကျင်သူတစ်ဦးမှပြောကြားသည်။ ပြည်တွင်းထုတ်ဂျစ်ကားများဖြစ်သော ရှမ်းစတားဂျစ်ကား၊ ဒဂုံဂျစ်ကား များ၏ ဈေးနှုန်းသည် ယခင်က ကျပ်၂၅ သိန်းဝန်းကျင်သာရှိခဲ့သော်လည်း ယနေ့ပေါက်ဈေးမှာ ၃၅ သိန်းမှ သိန်း၄ဝ အထိရှိလာကြောင်း၊ လက်ရှိတွင် ပြည်တွင်းထုတ်ဂျစ်ကားများ အရောင်းအဝယ်ဖြစ်နေသော်လည်း က ည န ရုံးမှ စလစ်ပေးခြင်းမရှိကြောင်း၊ ဂျစ်ကားများကို သံရည်ကျိုမည်ဆိုလျှင် အမြတ်အစွန်းရရှိနိုင်မည်ဖြစ်သောကြောင့် လတ်တလော အရောင်းအဝယ်ပြန်သွက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

Ref: ရွှေဆဌဂံ

ရန်ကုန်တွင် ၂၅ ရက်အတွင်း စည်းကမ်းမဲ့ယာဉ် ၁၆ဝဝကျော် အရေးယူ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ကြောပိတ်ဆို့မှု ရှင်းလင်းစေရေးအတွက် သြဂုတ် ၂၁ ရက်နေ့မှစ၍ စက်တင်ဘာလ ၁၆ ရက်နေ့အထိ ၂၅ ရက်အတွင်း စည်းကမ်းမဲ့ယာဉ် ၁၆ဝဝကျော် ကို အရေးယူခဲ့ကြောင်း တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂ဝ၁၁ မှစတင်ကာ ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်နေပြီး စည်းကမ်းမဲ့ယာဉ်များကို အရေးယူမှုများ အားနည်းနေကြောင်း တာမွေမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်ကပြောကြားသည်။

Ref: The Voice Daily

ထပ်မံတင်သွင်းမည့် Space Cab များကို ဝန်ကြီးဌာနသုံးခု၏ ထောက်ခံချက်ရရှိမှသာ ခွင့်ပြုမည်

ဆိပ်ကမ်း၌ ရောက်ရှိနေသော Space Cab ကားများမှလွဲ၍ ထပ်မံတင်သွင်းမည့် အမျိုးတူကားများကို ဝန်ကြီးဌာနသုံးခုမှ ထောက်ခံချက်ရရှိမှသာ ခွင့်ပြုပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။ အခွန်ကွဲလွှဲမှုကြောင့် ဆိပ်ကမ်း၌ထုတ်ယူရန်ကြန့်ကြာနေသော Space Cab အချို့ကို စက်တင်ဘာလဆန်းပိုင်းက လုပ်ငန်းသုံးယာဉ်များအတိုင်း အခွန်သတ်မှတ်ခဲ့သည်။ သို့သော်ထပ်မံတင်သွင်းလာမည့် ကားများကိုမူ ဝန်ကြီးဌာန၏သဘောတူညီချက်၊ ထောက်ခံအတည်ပြုချက်ရမှသာ လုပ်ငန်းသုံးယာဉ်အတိုင်းအခွန်ကောက်ခံခွင့်ပြုသင့်၊မပြုသင့်ကို ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရှိရသည်။

Ref: Auto Mobile

မြန်မာမီနီဆလွန်း အစီးရေ နှစ်ထောင်ကျော် ရောင်းချခဲ့ပြီး ထပ်မံထုတ်လုပ်မှု ယာယီရပ်နားထား

မြန်မာမီနီဆလွန်း ကားအစီးရေ နှစ်ထောင်ကျော် ရောင်းချခဲ့ပြီး ယခုအခါ မီနီဆလွန်းထုတ်လုပ်မှုကို ယာယီရပ်နားထားကြောင်း စက်မှုဝန်ကြီးဌာနပိုင် အကြီးစားစက်ရုံ တပ်ဆင်ထုတ်လုပ်ရေးဌာနမှ သတင်းရရှိသည်။ စက်မှုဝန်ကြီးဌာနမှ မြန်မာမီနီဆလွန်း ကားအစီးရေ ၂၁၂၂ စီးကို ဈေးကွက်အတွင်း ရောင်းချခဲ့ပြီးဖြစ်ကြောင်း လက်ရှိအချိန်တွင်လည်း ကားအရောင်းပြခန်း၌ ထုတ်လုပ်ပြီး ဆလွန်းကားကုန်ချောလက်ကျန်များ ရှိနေသေးသည့်အတွက် အသစ်ထုတ်လုပ်မှုကို ယာယီရပ်နားထားကြောင်း သိရှိရသည်။

Ref: Auto Mobile

၂ နှစ် ယာဉ်အိုယာဉ်ဟောင်း စီမံချက်အရ CNG ပြန်လည်တပ်ဆင်ခွင့် ပြန်လည်လျောက်ထားသည့် ယာဉ်အစီးရေ တစ်သောင်းကျော်ရှိ

ယာဉ်အိုယာဉ်ဟောင်း စီမံချက်အရ ပြန်လည်တင်သွင်းလာသော CNG အသုံးပြုယာဉ်များ CNG ပြန်လည်တပ်ဆင်အသုံးပြုခွင့် လာရောက်လျှောက်ထားမှုမှာ ၂ နှစ်တာကာလအတွင်း ယာဉ်အစီးရေ တစ်သောင်းကျော်အထိ ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာန၊ CNG ဌာနခွဲ မှ သိရသည်။ အဆိုပါ စီမံချက်စတင်ခဲ့သည့် ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်မှ ၂ဝ၁၃ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်အထိ CNG ပြန်လည်တပ်ဆင်အသုံးပြုရန် လာရောက်လျှောက်ထားသည့် ယာဉ်အစီးရေ ၁ဝဝ၄၂ စီးရှိကြောင်း သိရှိရသည်။

Ref: Auto Mobile

ပွင့်လင်းရာသီအစ ကျပ်သိန်းတစ်ရာဝန်းကျင်ကားများ အရောင်းအဝယ်ပြန်တက်

အရောင်းအဝယ်အေးစက်လျက်ရှိသော ရန်ကုန်မော်တော်ယာဉ်ဈေးကွက်အတွင်း ကျပ်သိန်းတစ်ရာဝန်းကျင် အင်ဂျင်ပါဝါ ၁၃ဝဝ စီစီ မှ ၁၅ဝဝ စီစီ ယာဉ်ငယ်များ အရောင်းအဝယ်ပြန်လည်ကောင်းမွန်လာကြောင်း မော်တော်ယာဉ်ဈေးကွက်အတွင်းမှ သိရှိရသည်။ စလစ်ဈေးကြီးမြင့်ခြင်းကြောင့် ဝယ်ရောင်းများ မော်တော်ယာဉ်တင်သွင်းမှုနည်းလာ၍ ဈေးကွက်အတွင်း ကားများရှားပါးလာပြီး စက်တင်ဘာလဆန်းပိုင်းက အရောင်းအဝယ်အေးစက်ခဲ့၍ ယခုရက်ပိုင်းအတွင်းမှသာ ပြန်လည်အရောင်းအဝယ်ဖြစ်လာကြောင်း သီရိမင်္ဂလာယာဉ်ရပ်နားစခန်းမှ ဝယ်ရောင်းတစ်ဦးမှ ပြောကြားသည်။

Ref: The Voice Daily

ကုန်စည်ပြပွဲ လေလံကားကြမ်းခင်းဈေး ပြင်ပပေါက်ဈေးထက် ဈေးမြင့်ဟုဆို

မြန်မာနိုင်ငံတွင် ပထမဆုံး Future Auto မော်တော်ယာဉ်ရောင်းဝယ်ရေးစင်တာမှ လေလံရောင်းချမည့် မော်တော်ယာဉ်ကြမ်းခင်းဈေးနှုန်းမှာ ပြင်ပပေါက်ဈေးထက် ဈေးမြင့်နေကြောင်း လေလံပွဲသို့ လာရောက်ကြည့်ရှုသည့် ရန်ကုန်မြို့ မင်းရဲကျော်စွာယာဉ်ရပ်နားစခန်းမှ ဦးထွန်းထွန်းက ပြောကြားသည်။ ကြမ်းခင်းဈေးမှာ တစ်စီးလျှင် ကျပ်ငါးသိန်းမှ ၁ဝ သိန်းခန့် ဈေးမြင့်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ မော်တော်ယာဉ်များကို အောက်တိုဘာ ၄ ရက် နှင့် ၆ ရက်တို့တွင် ရောင်းချမည်ဖြစ်ပြီး ၃ ရက်နှင့် ၅ ရက်နေ့တို့တွင် ကြည့်ရှုရန်အတွက်သာပြသထားမည်ဖြစ်ကြောင်း Future Auto မှ ဒါရိုက်တာ ဦးဇေယျာစိုးက ပြောကြားသည်။

Ref: The Voice Daily

Author