Full article

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့:

  • သီရိလင်္ကာ မော်တော်ယာဉ်ကုမ္ပဏီ ၁၉ ခု ပူးပေါင်း၍ မြန်မာတွင်အရောင်းပြခန်းဖွင့်မည်
  • TATA NANO အဌားယာဉ် (၇၅)သိန်းဖြင့် ရောင်းမည်
  • ကားနံပါတ်ထုတ်ပေးမှုမြန်ဆန်ခြင်းက ဈေးကျရန်အကြောင်းတစ်ခုဖြစ်နေ
  • ကနဦးမှတ်ပုံတင်ကြေးပေးသွင်းပြီး နှစ်ပတ်အကြာ မှတ်ပုံတင်စာအုပ်နှင့် ယာဉ်သက်သေခံလက်မှတ်(အဝိုင်း)ထုတ်ပေးမည်
  • ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ဖြေရှင်းရန် ဥပဒေ ရေးဆွဲပြဋ္ဌာန်းမည်

သီရိလင်္ကာမော်တော်ယာဉ်ကုမ္ပဏီ ၁၉ခု ပူးပေါင်း၍မြန်မာတွင်အရောင်းပြခန်းဖွင့်မည်

သီရိလင်္ကာနိုင်ငံမှ မော်တော်ယာဉ်ရောင်းချသည့်ကုမ္ပဏီ (၁၉)ခု ပူးပေါင်း၍ Siam International အမည်ဖြင့် မော်တော်ယာဉ်အရောင်းပြခန်း ဖွင့်လှစ်စီစဉ်ထားကြောင်းသိရှိရသည်။

အဆိုပါအရောင်းပြခန်းကို ရန်ကုန်မြို့ တွင်ဖွင့်လှစ်ကာ ဂျပန်နိုင်ငံမှ မော်တော်ယာဉ်အစီး (၂ဝဝ)ခန့်ရောင်း ချရန်စီစဉ်ထားကြောင်းသီရိလင်္ကာ မော်တော်ယာဉ်တင်သွင်းရောင်းချသူများအသင်း ဥက္ကဌ Indika Sampath Merenchige ကပြောကြားသည်။

သီရိလင်္ကာမော်တော်ယာဉ် တင်သွင်းရောင်းချသူများ အသင်းအကြီးအကဲများ မြန်မာနိုင်ငံသို့လာရောက်လေ့လာ ခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရာတွင် အဆင်ပြေသောကြောင့် ယခုကဲ့သို့အရောင်းပြခန်း ဖွင့်လှစ်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

Ref: The Voice Daily

TATA NANO အငှားယာဉ် (၇၅)သိန်းဖြင့် စတင်ရောင်းချ

အိန္ဒိယနိုင်ငံထုတ် TATA NANO ရာသက်ပန်အငှားယာဉ်များ(AA၊BB)ကို ကျပ်(၇၅)သိန်းဖြင့် မေလ ၁ဝ ရက်နေ့က စတင်ရောင်းချနေကြောင်း အဆိုပါမော်တော် ယာဉ်များကိုတစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တင်သွင်းရောင်းချနေသည့် Apex Greatest Investment မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ မော်တော်ယာဉ်မှာ အင်ဂျင်ပါဝါ ၆ဝဝ စီစီရှိသဖြင့် စက်သုံးဆီသုံးစွဲမှုသက်သာကာ အသစ်ဖြစ်သောကြောင့် မိသားစုစီးနင်းရန်ဝယ်ယူရခြင်းဖြစ်ကြောင်း AA၊BBနံပါတ်ဖြင့် ကိုယ်တိုင်ဝယ်ယူစီးနင်းသူတစ်ဦးကပြောကြား သည်။

TATA ၏ အဆိုပါကားများကို Lwinand Swan Motor ကုမ္ပဏီ၊ကန်တော်ကလေးလမ်းနှင့် ဗိုလ်မင်းခေါင်လမ်းဆိုင်၊တိရစ္ဆာန်ဥယျာဉ် တောင်ဘက်ဝင်ပေါက်နှင့် မျက်နှာချင်းဆိုင်၊မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် Aung Motor ကုမ္ပဏီ ၇မိုင်၊ပြည်လမ်း၊လှိုင်မြို့နယ်တွင် စတင်ရောင်းချမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှသိရသည်။

Ref: The Voice Daily

ကားနံပါတ် ထုတ်ပေးမှု မြန်ဆန်ခြင်းက ဈေးကျရန် အကြောင်းတခု ဖြစ်နေ

ပြည်ပမှ တင်သွင်းနေသည့် မော်တော်ယာဉ်များ အတွက် ကုန်လမ်း သယ်ယူပို့ဆောင်ရေး ဦးစီးဌာန (ကညန)မှ နံပါတ်များ ထုတ်ပေးမှု မြန်ဆန်ခြင်းက ကားဈေးနှုန်းများ ကျရန် အကြောင်းအချက် တခု ဖြစ်နေကြောင်းကား ဝယ်ရောင်းများထံမှ သိရသည်။လက်တလောတွင် ကျောင်းဖွင့်ရာသီ နီးလာသဖြင့် ကားဈေးကွက် အနည်းငယ် ဦးပြန်မော့လာကြောင်း မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ကားပွဲစားများက ဆိုသည်။

မေလ ၂ဝ ရက်တွင် အရောင်းအဝယ် ဖြစ်ခဲ့သော ကားဈေးနှုန်းများမှာ ပရိုဘောက်- (၂ဝဝ၇ မော်ဒယ်)ကို ကျပ် သိန်း ၁၁ဝ ဝန်းကျင်၊ ဟွန်ဒါဖစ်(၂ဝဝ၇ မော်ဒယ်)ကို ကျပ် ၁ဝ၅ သိ်န်း ဝန်းကျင်၊ ပစ်ကပ်(မီနီပစ်ကပ်) ဒိုင်ဟတ်စု – ဂျပန်ကုမ္ပဏီထုတ်ကို ကျပ် ၅၅ သိန်း၊ အေဒီဘင်-(၂ဝဝ၇ မော်ဒယ်)ကို ကျပ် သိန်း ၁ဝဝ ဝန်းကျင်၊ ဗက်တာ(၂ဝဝ၇ မော်ဒယ်)ကို ကျပ် ၁၂၅ သိန်း ဝန်းကျင်တို့ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရသည်။

Ref: Mazzima news in Burmese.

ကနဦး မှတ်ပုံတင်ကြေး ပေးသွင်းပြီး နှစ်ပတ်အကြာ မှတ်ပုံတင်စာအုပ်နှင့် ယာဉ်သက်သေခံလက်မှတ်(အဝိုင်း) ထုတ်ပေးမည်

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် မေ ၁၅ ရက်မှစ၍ ကနဦး မှတ်ပုံတင်ကြေး ပေးသွင်းပြီး နှစ်ပတ်အကြာ၌ မှတ်ပုံတင် စာအုပ်(ကမ-၃)နှင့် ယာဉ်သက် သေခံလက်မှတ်(အဝိုင်း)ကို ထုတ်ပေးမည်ဖြစ်ကြောင်း သတင်းထုတ် ပြန်ခဲ့သည်။

ယခင်က ယာဉ်မှတ်ပုံတင်ကြေး ပေးသွင်းပြီး ၂၁ ရက်ကြာမှ မှတ်ပုံတင်စာအုပ်နှင့် ယာဉ်သက် သေခံလက်မှတ်တို့ကို ထုတ်ပေးခဲ့သော်လည်း ယခုအခါ လုပ်ငန်းစဉ်များ မြန်ဆန်အောင် ကြိုးပမ်း ဆောင်ရွက်ခဲ့သောကြောင့် ယာဉ် တစ်စီးလျှင် ၁၄ ရက်အတွင်း ပြီးစီးအောင် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

မြင်သာ က.ည.နရုံး၌ ကိုယ် ပိုင်ယာဉ်များအတွက် ယာဉ်မှတ်ပုံ တင်စာအုပ်နှင့် ယာဉ်သက်သေခံ လက်မှတ်ကို နှစ်ပတ်အကြာတွင် ထုတ်ပေးမည်ဖြစ်သလို ရွာသာကြီး ရုံးခွဲတွင်လည်း အငှားယာဉ်နှင့် ကုန်တင်ယာဉ်များအတွက် စာအုပ် နှင့်အဝိုင်းကို ငါးရက်အကြာ၌ ထုတ်ပေးမည် ဖြစ်ကြောင်း သိရှိ ရသည်။

Ref: Auto mobile

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းရန် ဥပဒေ ရေးဆွဲပြဋ္ဌာန်းမည်

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ထိရောက်စွာ ဖြေရှင်းနိုင်ရန် ဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းမည်ဖြစ်ကြာင်း ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့မှ သိရသည်။ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်ကြောပိတ်ဆို့မှု ပြဿနာများကို ဖြေရှင်းရန် အဖွဲ့ဝင် ၁ဝ ဦးပါဝင်သော ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့အား ဇန်နဝါရီလအတွင်း စတင်ဖွဲ့စည်း ခဲ့သော်လည်း မေ ၁၄ ရက်တွင် အဖွဲ့ဝင် ကိုးဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။

အဆိုပါ အဖွဲ့အနေဖြင့် အများပြည်သူ နေ့စဉ်သွားလာသည့် ကုန်းလမ်း၊ ရထားလမ်း၊ ရေယာဉ်နှင့် ပို့ဆောင်ရေး လုပ်ငန်းများ အဆင်ပြေရေး စီမံခန့်ခွဲရန်၊ ယာဉ်ကျပ်တည်းမှု၊ ယာဉ်တိုက်မှု စသည့်သွားလာရေးဆိုင်ရာ ပြဿနာများ ဖြေရှင်းရန်၊ နိုင်ငံတကာမှ နည်းပညာနှင့် အထောက်အပံ့များ ရယူပြီး သမ္မတထံ တင်ပြ၍ ခွင့်ပြုချက် ရယူရန်၊ ရန်ကုန်မြို့တွင်း သွားလာသည့် ယာဉ်များကို ကြီးကြပ်ရန် စသည့်အချက်များ ပါဝင်သော လုပ်ငန်းစဉ် ၁၂ ခုအား ဆောင်ရွက်ရမည် ဖြစ်သည်။

Ref: Eleven Media Group

Author

Comments