Full article

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့:

  • ရန်ကုန်မြို့တွင်း၌ စည်းကမ်းမဲ့ယာဉ်ရပ်နားမှုများကို တင်းကျပ်စွာ အရေးယူသွားမည်
  • နိုင်ငံခြားသားလုပ်ငန်းရှင်များအား Cars Showroom များ ဖွင့်လှစ်ခွင့်ပြု
  • မော်တော်ကားတာယာများအား သွင်းကုန်လိုင်စင်လျှောက်ထားပြီးမှသာ တင်သွင်းခွင့်ပြုမည်
  • ၁၆ လတာ ကာလအတွင်း စလစ်ဈေး အမြင့်ဆုံးရောက်ရှိ
  • မန္တလေးမြို့တွင် ဒစ်ဂျစ်တယ်မီးပွိုင့်များ တိုးချဲ့တပ်ဆင်မည်
  • ယာဉ်မောင်းများ အရည်အချင်း ပြည့်ဝမှုမရှိခြင်းကြောင့် ယာဉ်မတော်တဆမှုများ များပြားလာ
  • ရန်ကုန်မြို့တွင်းရှိ ယာဉ်ရပ်နား ဧရိယာများ ပြုပြင်မှုပြီးစီးပါက အခကြေးငွေဖြင့် ယာဉ်ပြန်လည် ရပ်နားခွင့်ပြုမည်
  • ကုန်စည်ပြပွဲတွင် ကားများကို လေလံတင်စနစ်ဖြင့် ပထမဆုံးရောင်းမည်
  • စတုတ္ထအကြိမ်အဖြစ် တိုက်ကြေကား ၂၈ စီး ကို အကောက်ခွန်ဦးစီးဌာနမှ သိမ်းဆည်း--more-

news_this_week

ရန်ကုန်မြို့တွင်း၌ စည်းကမ်းမဲ့ယာဉ်ရပ်နားမှုများကို တင်းကျပ်စွာ အရေးယူသွားမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းနိုင်ရန်အတွက် စည်းကမ်းမဲ့ယာဉ်ရပ်နားမှုများကို တင်းကျပ်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာဉ်စည်းကမ်းလမ်းစည်းကမ်းကြီးကြပ်မှုကော်မတီက သိရသည်။ ရန်ကုန်မြို့တွင်း၌ ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းရာတွင် ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်း၊ အင်းစိန်လမ်း၊ ဘုရင့်နောင်လမ်း၊ လေးထောင့်ကန်လမ်း၊ အနောက်ရွှေဂုံတိုင်လမ်း၊ ဗညားဒလလမ်း၊ သုဓမ္မာလမ်း၊ ကန်တော်ကြီးပတ်လမ်း၊ ဝေဇယန္တာလမ်းတို့တွင် ခရီးသည်တင်မော်တော်ကားများရပ်ခြင်း၊ ခရီးသည်တင်ခြင်း၊ မော်တော်ယာဉ်ထွက်စနစ်မှလွှဲ၍ အခြားမည်သည့်ယာဉ်မှ ရပ်နားရန်ခွင့်မပြုသလို ပါရမီလမ်း၊ သံသုမ္မာလမ်း၊ မင်းနန္ဒာလမ်း၊ ကုန်သည်လမ်း၊ အနော်ရထာလမ်း၊ ဗားကရာလမ်း၊ အင်းလျားလမ်း၊ ဗိုလ်ချုပ်လမ်း၊ အောက်ပုဇွန်တောင်လမ်း၊ လှည်းတန်းလမ်း၊ ကမာရွတ်ဘူတာရုံလမ်း စသည်တို့တွင်လည်း မော်တော်ယာဉ်များ အချိန်ကြာမြင့်စွာရပ်နားထားခြင်းနှင့် ညအိပ်ရပ်နားခြင်းကို ခွင့်မပြုတော့ကြောင်း ထိုသို့ပြုလုပ်ပါက ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။

Ref: ရွှေဆဌဂံ

နိုင်ငံခြားသားလုပ်ငန်းရှင်များအား Cars Showroom များ ဖွင့်လှစ်ခွင့်ပြု

မြန်မာနိုင်ငံတွင် Brand New Car Showroom များ ဖွင့်လှစ်ခွင့်ကို ပြည်တွင်းလုပ်ငန်းရှင်များအား ၂ဝ၁၃ခုနှစ်မှစ၍ ခွင့်ပြုပေးခဲ့ရာ လက်ရှိအချိန်တွင် နိုင်ငံခြားသားများအား Showroom ဖွင့်လှစ်ခွင့်များ စတင်ချထားပေးနေကြောင်း မော်တော်ယာဉ်အရောင်းပြခန်းပိုင်ရှင်တစ်ဦးမှ ပြောကြားသည်။ နိုင်ငံခြားသားများအနေဖြင့် Showroom ဖွင့်လှစ်ရာတွင် ကား ၁၅ စီးသာ တင်သွင်းခွင့်ရရှိမည်ဖြစ်ပြီး ယင်းကားများကို ပြသခွင့်သာရှိပြီး ရောင်းချခွင့်မရှိကြောင်း၊ ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် ကားအစီး ၁ဝဝ ထိ တင်သွင်းခွင့်ရှိကြောင်း၊ လာရောက်ကြည့်ရှုသူများအနေဖြင့် ပြသထားသည့်ကားများကို ဝယ်ယူလိုပါက နိုင်ငံခြားသားများအနေဖြင့် နိုင်ငံခြားရှိ ပင်မကုမ္ပဏီထံတွင် မှာယူပြီး Normal L/C ဖြင့် တင်သွင်းရောင်းချရမည်ဖြစ်ကြောင်း၊ ပြသထားသောကားများကို ရောက်ရှိပြီး ခြောက်လကျော်မှသာ ရောင်းချခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

Ref: Auto Mobile

မော်တော်ကားတာယာများအား သွင်းကုန်လိုင်စင်လျှောက်ထားပြီးမှသာ တင်သွင်းခွင့်ပြုမည်

မော်တော်ကား တာယာများအား သွင်းကုန်လိုင်စင်လျောက်ထားပြီးမှသာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ စက်တင်ဘာ ၉ ရက်နေ့က အမိန့်ထုတ်ပြန်ခဲ့သည်။ မော်တော်ကားတာယာများ တင်သွင်းရာတွင် သွင်းကုန်လိုင်စင်ရယူရန်မလိုပဲ တင်သွင်းခွင့်ပြုထားသော်လည်း အရည်အသွေးနိမ့်၊ စံချိန်စံညွန်း မမီသည့် တာယာများ ဝင်ရောက်မှု များပြားလာခဲ့ခြင်းကြောင့် ကားအသုံးပြုသူများအတွက် အန္တရာယ်ကင်းစေရန် ရည်ရွယ်၍ လိုင်စင်လျောက်ထား တင်သွင်းစေခြင်းဖြစ်ကြောင်း သိရှိရသည်။ လိုင်စင်လျောက်ထားမှုကို အမိန့်ထုတ်ပြန်ပြီး ရက်ပေါင်းကိုးဆယ် ပြည့်မြောက်ပြီးမှသာ သွင်းကုန်လိုင်စင် လျောက်ထားနိုင်ကြောင်း သိရှိရသည်။

Ref: Auto Mobile

၁၆ လတာ ကာလအတွင်း စလစ်ဈေး အမြင့်ဆုံးရောက်ရှိ

ယာဉ်အို၊ယာဉ်ဟောင်း ရှားပါးခြင်းနှင့် အပ်ကားများ ခေါ်ယူချိန်ကြာမြင့်ခြင်းကြောင့် ၁၆ လတာအတွင်း စလစ်ဈေးများ အမြင့်ဆုံးသို့ရောက်ရှိသွားခဲ့ကြောင်း ကားဟောင်းစလစ် ဝယ်/ရောင်းများထံမှ သိရှိရသည်။ လက်ရှိဈေးကွက်အတွင်းတွင် ဝယ်လိုအားနှင့် ရောင်းလိုအားမမျှမှုကြောင့် စလစ်ဈေးများမြင့်တက်လျက်ရှိပြီး စက်တင်ဘာ ၁၈ ရက်နေ့ဈေးနှုန်းအရ ဗ၊ ဘ၊ လ၊ သ အမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ် ၁၁၇ သိန်းဝန်းကျင်အထိပေါက်ဈေးရှိကြောင်းသိရှိရသည်။

Ref: Auto Mobile

မန္တလေးမြို့တွင် ဒစ်ဂျစ်တယ်မီးပွိုင့်များ တိုးချဲ့တပ်ဆင်မည်

မန္တလေးမြို့ရှိ လမ်းဆုံများတွင် လမ်းရှုပ်ထွေးမှုများကြောင့် ယာဉ်အန္တရာယ်များမဖြစ်ပေါ်စေရန် အဆင့်မြင့် ဒစ်ဂျစ်တယ် မီးပွိုင့်ကြီး ၇ ခု၊ ရိုးရိုး LED မီးပွိုင့် ၈ ခု တို့ကို ယခုနှစ်ဘတ်ဂျက်ကာလအတွင်း တိုးချဲ့တပ်ဆင်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်/ အဆောက်အအုံနှင့် ကုန်ရုံဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။ မန္တလေးတိုင်းဒေသကြီးတွင် ရိုးရိုး LED မီးပွိုင့် ၂၆ခုနှင့် အဆင့်မြင့်ဒစ်ဂျစ်တယ် မီးပွိုင့် နှစ်ခု စုစုပေါင်း ၂၈ ခုသာ တပ်ဆင်ထားရှိကြောင်း၊ လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ယာဉ်ကြော ပိတ်ဆို့မှုများ၊ ယာဉ်မတော်တဆမှုများ၊ လမ်းဆုံ။ လမ်းခွများ များပြားလာမှုကြောင့် ယာဉ်အန္တရာယ်ကင်းရှင်းရန် ဘတ်ဂျတ်အပေါ်မူတည်ပြီး နှစ်စဉ် အဆင့်မြင့် မီးပွိုင့်များအစားထိုး တပ်ဆင်သွားမည်ဟု ၎င်းက ရှင်းပြသည်။

Ref: Auto Mobile

ယာဉ်မောင်းများ အရည်အချင်း ပြည့်ဝမှုမရှိခြင်းကြောင့် ယာဉ်မတော်တဆမှုများ များပြားလာ

ရန်ကုန်မြို့တွင် ယာဉ်အစီးရေ များပြားလာသည်နှင့်အမျှ အရည်အသွေးမပြည့်ဝသည့် ယာဉ်မောင်းများကြောင့် ယာဉ်မတော်တဆမှုများပိုမိုများပြားလာကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ပညာရှင်များ၏ ပြောကြားချက်များအရ သတင်းရရှိသည်။ ၂ဝ၁၃ ဇန်နဝါရီလမှ ဇူလိုင်လအထိ ခုနှစ်လတာကာလအတွင်း ရန်ကုန်မြို့၌ ယာဉ်မတော်တဆမှုပေါင်း ၁ဝ၉၇ မှု ရှိခဲ့ပြီး သေဆုံးသူ ၂ဝ၅ဦး၊ ဒဏ်ရာရသူ ၁၆ဝ၁ ဦး ရှိခဲ့ကာ ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလ တစ်နှစ်တာလုံးတွင် ယာဉ်မတော်တဆမှု ၁၂၄၂မှု၊ သေဆုံးသူ ၂၉၁ ဦး၊ ဒဏ်ရာရရှိသူ ၁၈၆၉ဦး ရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရှိရသည်။

Ref: Auto Mobile

ရန်ကုန်မြို့တွင်းရှိ ယာဉ်ရပ်နား ဧရိယာများ ပြုပြင်မှုပြီးစီးပါက အခကြေးငွေဖြင့် ယာဉ်ပြန်လည် ရပ်နားခွင့်ပြုမည်

ရန်ကုန်မြို့တွင်းရှိ မြို့တော်စည်ပင်ပိုင် ကားပါကင်ဟောင်းများနှင့် တိုးချဲ့ဆောက်လုပ်လျက်ရှိသော လမ်းစင်္ကြဘေး ယာဉ်ရပ်နားဧရိယာများ ပြုပြင်ဆောက်လုပ်မှုပြီးစီးပါက အခကြေးငွေဖြင့် ပြန်လည်ရပ်နားခွင့်ပြုမည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။ မြို့တော်စည်ပင်ပိုင်ကားပါကင်များတွင် အခမဲ့ ယာဉ်ရပ်နားခွင့်ကို ၂ဝ၁၃ခုနှစ်၊ ဧပြီ ၁ ရက်နေ့မှစ၍ ခွင့်ပြုပေးခဲ့ပြီးဖြစ်သော်လည်း အခမဲ့ရပ်နားခွင့်ဖြစ်သည့်အတွက် ယာဉ်များအချိန်ကြာမြင့်စွာ ရပ်နားခြင်း၊ လမ်းပေါက်ပိတ်၍ရပ်နားခြင်းကြောင့် ယာဉ်ပိုင်ရှင်အချင်းချင်း ပြဿနာဖြစ်ပွားလျက်ရှိကြောင်း၊ ယင်းကြောင့် ပြုပြင်လျက်ရှိသော ကားပါကင်များပြီးစီးပါက ရန်ကုန်မြို့တွင်းရှိ စည်ပင်ပိုင်ကားပါကင်များတွင် အခကြေးငွေဖြင့်သာ ယာဉ်ရပ်နားခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

Ref: Auto Mobile

ကုန်စည်ပြပွဲတွင် ကားများကို လေလံတင်စနစ်ဖြင့် ပထမဆုံးရောင်းမည်

မြန်မာကွန်ဗေးရှင်းစင်တာ(MCC) တွင် အောက်တိုဘာ ၃ ရက်နေ့မှ ၆ ရက်နေ့အထိကျင်းပမည့် ကုန်စည်ပြပွဲနှင့် ကားပြပွဲတွင် ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံမှ တိုက်ရိုက်တင်သွင်းသည့်ကားများကို လေလံတင်စနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း Future Auto Car အရောင်းပြခန်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။ အဆိုပါမော်တော်ယာဉ်များကို လေလံကြမ်းခင်းဈေး ကျပ် တစ်သိန်း သတ်မှတ်ထားပြီး ယာဉ်တစ်စီးလျှင် ကျပ် သိန်း၂ဝ ခန့်စီ ဈေးလျှော့ရောင်းချမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ ကျပ် သိန်း ၂ဝ ဈေးလျှော့ရောင်းသည်ဆိုခြင်းမှာ ကျပ် သိန်း တစ်ရာ ပေါက်ဈေးရှိသည့် မော်တော်ယာဉ်ကို ကျပ် သိန်း ၈ဝ နှင့်အထက် ရောက်သည်အထိ အနိုင်ယူ လေလံဈေးပေးနိုင်ပါက ကုမ္ပဏီက ရောင်းချမည်ဖြစ်ကြောင်းကို ဆိုလိုကြောင်း ၎င်းက ထပ်မံရှင်းပြသည်။

Ref: The Voice Daily

စတုတ္ထအကြိမ်အဖြစ် တိုက်ကြေကား ၂၈ စီး ကို အကောက်ခွန်ဦးစီးဌာနမှ သိမ်းဆည်း

စတုတ္ထအကြိမ်အဖြစ် ပြည်ပမှ တင်သွင်းလာသော တိုက်ကြေကား ၂၈ စီးကို အကောက်ခွန်ဦးစီးဌာနမှ ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။ အကောက်ခွန်ဦးစီးဌာနမှ တိုက်ကြေကားများကို သိမ်းဆည်းခဲ့ရာတွင် ပထမအကြိမ်အဖြစ် မေ ၁၄ ရက်နေ့တွင် ၂၇ စီး၊ ဒုတိယအကြိမ်အဖြစ် မေ ၃၁ နေ့တွင် ၄၂ စီး၊ တတိယအကြိမ်အဖြစ် ဇွန်လ ၂၅ ရက်နေ့တွင် ၃၃ စီး သိမ်းဆည်းခဲ့ပြီး ယခုတစ်ကြိမ်အပါအဝင် အစီးရေ ၁၃ဝ စီး သိမ်းဆည်းခဲ့ပြီးကြောင်း သိရှိရသည်။

Ref: Auto Mobile

Author