Full article

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့:

  • ၂ဝဝ၈ ခုနှစ် မော်ဒယ်လ်နှင့် အထက်ကားများကို အရောင်းစင်တာများ ပါမစ်လျှောက်ခွင့်စတင်ရရှိ
  • City Taxi မှတ်ပုံမတင်ထားသော ယာဉ်များကို စက်တင်ဘာ ၂၅ ရက်မှစ၍ ဖမ်းဆီးအရေးယူမည်
  • City Taxi ပြုလုပ်ရာတွင် အစီးရေ နည်းပါးသဖြင့် ယာဉ်ပိုင်ရှင်များ အခက်ကြုံ
  • သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေးစခန်းမှ တာဝန်ခံအား ပြောင်းရွေ့ပေးရန် ကားဝယ်ရောင်းများ မြို့တော်စည်ပင်သို့ စာတင်မည်
  • ပြည်ကြီးမင်္ဂလာကားကွင်းနှင့် ကုန်တင်ယာဉ် ရပ်နားစခန်းတို့မှ လိုအပ်သည့်အခန်းများ နိုဝင်ဘာလတွင် အပြီးတည်ဆောက်မည်
  • မန္တလေးတိုင်းဒေသကြီးတွင် သ အက္ခရာယာဉ်အပ်နှံရန် ယာဉ်အစီးရေ ၃၉ဝ ကျော်ကျန်ရှိ
  • မာဇဒါကားသစ်များ ယခုနှစ်မကုန်မီ မြန်မာနိုင်ငံတွင် စရောင်းမည်
  • နစ်ဆန်းမော်တော်ယာဉ် ယခုနှစ်အတွင်း ပြည်တွင်းတွင် စထုတ်မည်
  • AD Van များ ဈေးဆက်မာပြီး Probox များ အဝယ်ပြန်လိုက်
  • 7F နံပါတ်ပြီးဆုံးပါက 9F နံပါတ်သာ ထုတ်ပေးမည်
  • ရန်ကုန် ကားအဌားလုပ်ငန်းများ ပြန်လည်လှုပ်ခတ်လာ--more-

news_this_week

၂ဝဝ၈ ခုနှစ် မော်ဒယ်လ်နှင့် အထက်ကားများကို အရောင်းစင်တာများ ပါမစ်လျှောက်ခွင့်စတင်ရရှိ

စက်တင်ဘာလ ဒုတိယအပတ်မှစတင်၍ ၂ဝဝ၈ မော်ဒယ်လ်နှင့် အထက်ကားများကို အရောင်းစင်တာများ ပါမစ်လျှောက်ခွင့်ရရှိခဲ့ကြောင်း သိရှိရသည်။ ၂ဝဝ၈ မော်ဒယ်လ်နှင့် အထက်ကားများကို တင်သွင်းရောင်းချရာတွင် ကားအရောင်းစင်တာများအနေဖြင့် ကားဟောင်းပါမစ်ဖြင့် အစီးတစ်ရာကျော် တင်သွင်းရောင်းချပြီးမှသာ ၂ဝဝ၈ မော်ဒယ်လ်နှင့်အထက် ကားအစီးငါးဆယ် တင်သွင်းရောင်းချခွင့်ပြုမည်ဖြစ်ပြီး ထိုသို့ရောင်းချရန်အတွက် တိုင်းဒေသကြီးခွင့်ပြုချက်၊ စည်ပင်ခွင့်ပြုချက်နှင့် အမေရိကန်ဒေါ်လာ တစ်သိန်းထားရှိသည့် အထောက်အထားများရှိမှသာ ပါမစ်လျှောက်ထားခွင့်ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

Ref: Auto Mobile

City Taxi မှတ်ပုံမတင်ထားသော ယာဉ်များကို စက်တင်ဘာ ၂၅ ရက်မှစ၍ ဖမ်းဆီးအရေးယူမည်

City Taxi အဌားယာဉ် မှတ်ပုံမတင်ထားသော ယာဉ်များကို စက်တင်ဘာ ၂၅ ရက်မှ စတင်ကာ ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း ကြိုးမဲ့ကြေနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှုးရုံး မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။ Taxi အဌားယာဉ် မှတ်ပုံတင်ပြုလုပ်ခြင်းကို စက်တင်ဘာ ၁ ရက်နေ့တွင် စတင်ပြုလုပ်ပေးလျက်ရှိပြီး နေ့စဉ် အစီးတစ်ရာ သတ်မှတ်ထားကာ စက်တင်ဘာ ၂၁ နေ့အထိ ပြုလုပ်ပေးမည်ဖြစ်ကြောင်းသိရှိရသည်။ မှတ်ပုံတင်ထားခြင်းမရှိဘဲ ပြေးဆွဲပါက ဒဏ်ကြေးအဖြစ် ကျပ်ငါးသောင်းနှင့် ယာဉ်စည်းကမ်းဒဏ်ကြေး ကျပ်ငါးထောင် ပေးဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

Ref: Auto Mobile

City Taxi ပြုလုပ်ရာတွင် အစီးရေ နည်းပါးသဖြင့် ယာဉ်ပိုင်ရှင်များ အခက်ကြုံ

City Taxi ပြုလုပ်ပေးရာတွင် တစ်နေ့လျှင် ယာဉ်အစီးရေ တစ်ရာခန့် ပြုလုပ်ပေးမည်ဆိုသော်လည်း လက်တွေ့တွင် အစီးရေ အနည်းငယ်သာပြီးစီးသည့်အတွက် ယာဉ်ပိုင်ရှင်များအနေဖြင့် အခက်ကြုံတွေ့ရကြောင်း သိရသည်။ ယင်းသို့ပြုလုပ်ရာတွင် မြို့နယ်အလိုက် ခရိုင်လေးခရိုင်ခွဲထားပြီး ယာဉ်ပိုင်ရှင် နေထိုင်သည့် မြို့နယ်၏ လိပ်စာအတိုင်း သက်ဆိုင်ရာခရိုင်မြို့များ၏ စည်ပင်သာယာ အုပ်ချုပ်ရေးမှုးရုံးများတွင် ပြုလုပ်ရမည်ဖြစ်ကြောင်း သိရှိရသည်။ထို့ပြင် လာရောက်ပြုလုပ်သူများပြားသောကြောင့် ယာဉ်များလမ်းပေါ်၌ နှစ်ထပ်ရပ်ခြင်း၊ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်မှုများကြောင့် ယာဉ်ထိန်းရဲများလာရောက်ကာ ဖမ်းဆီးခဲ့ပြီး Taxi ယာဉ်မောင်းများနှင့် ပြဿနာ အချို့ဖြစ်ပွားကြောင်းသိရှိရသည်။

Ref: Auto Mobile

သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေးစခန်းမှ တာဝန်ခံအား ပြောင်းရွေ့ပေးရန် ကားဝယ်ရောင်းများ မြို့တော်စည်ပင်သို့ စာတင်မည်

သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေးစခန်းမှ တာဝန်ခံအား ပြောင်းရွေ့ပေးရန်အတွက် ကားဝယ်ရောင်းများက သက်ဆိုင်ရာဌာနသို့ စာတင်တိုင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။ သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေးစခန်းရှေ့တွင် ယာဉ်ရပ်နားထားမှုရှိပါက ယာဉ်ထိန်းရဲများက လာရောက်အရေးယူမှုများ ရှိနေပြီး မျက်နှာချင်းဆိုင်တွင် ရပ်နားထားသောယာဉ်များကိုမူ စစ်ဆေးဖမ်းဆီးခြင်းမပြုကြောင်း ယာဉ်ရောင်းဝယ်ရေးစခန်းသို့ လာရောက်ကြည့်ရှုသည့် အဝယ်များ၏ ကားများမှာလည်း ဖမ်းဆီးခံရမှုများကြောင့် အဝယ်များဆင်းမလာဘဲ ဈေးကွက်ပျက်လျက်ရှိကြောင်း သိရှိရသည်။ ယင်းရောင်းဝယ်ရေးစခန်းတာဝန်ခံအား ပြောင်းရွှေ့ပေးရန် ဝယ်ရောင်းအများစုမှ လက်မှတ်ထိုးတောင်းဆိုထားသူဦးရေ တစ်ရာကျော်ရှိနေပြီး ထပ်မံစုဆောင်းသွားမည်ဖြစ်ကြောင်း၊ ၎င်း၏နေရာတွင် စီမံခန့်ခွဲမှုကောင်းမွန်သည့် တာဝန်ခံတစ်ဦးကို ပြောင်းလဲတာဝန်ယူစေချင်ကြောင်း ဝယ်ရောင်းများက ဆိုသည်။

Ref: Auto Mobile

ပြည်ကြီးမင်္ဂလာကားကွင်းနှင့် ကုန်တင်ယာဉ် ရပ်နားစခန်းတို့မှ လိုအပ်သည့်အခန်းများ နိုဝင်ဘာလတွင် အပြီးတည်ဆောက်မည်

ပြည်ကြီးမင်္ဂလာ ကားကွင်းနှင့် ကုန်တင်ယာဉ်ရပ်နားစခန်းတို့မှ လိုအပ်နေသည့် အဆောက်အအုံအခန်းများကို ယခုနှစ်နိုဝင်ဘာတွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်မှ ဌာနမှူး ဦးမျိုးအောင်က ပြောကြားသည်။ အဆိုပါ အဆောက်အအုံအခန်းများကို ပေ ၂ဝ × ၄ဝ အကျယ် RC နှစ်ထပ်ဖြင့် ဆောက်လုပ်မည်ဖြစ်ပြီး ရောင်းရန်၊ဌားရန် စသည်တို့အတွက် နှုန်းထားများကိုမူ မသတ်မှတ်ရသေးကြောင်း၊ ယင်းဂိတ်များအား ရောင်းချခြင်း၊ ဌားရမ်းခြင်းများကို ကားဂိတ်လုပ်ငန်းရှင်များကိုသာ ခွင့်ပြုမည်ဖြစ်ကြောင်း ၎င်းထံမှ သိရှိရသည်။

Ref: Auto Mobile

မန္တလေးတိုင်းဒေသကြီးတွင် သ အက္ခရာယာဉ်အပ်နှံရန် ယာဉ်အစီးရေ ၃၉ဝ ကျော်ကျန်ရှိ

မန္တလေးတိုင်းဒေသကြီးတွင် သ အက္ခရာယာဉ် အပ်နှံရန်အတွက် အစီးရေ ၃၉ဝ ကျော်သာကျန်ရှိတော့ကြောင်း တိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။ တိုင်းဒေသကြီးအတွင်း အပ်နှံရမည့် သ အက္ခရာယာဉ်အစီးရေပေါင်းမှာ ၁၅၁၂ စီးရှိရာ အစီးရေ ၁၃၃၆ စီး အပ်နှံပြီးဖြစ်ကြောင်း စက်တင်ဘာ ၈ ရက်နေ့စာရင်းများအရ သိရှိရသည်။ ယင်းသို့အပ်နှံရန် အစေီး၇ နည်းလာသော်လည်း စလစ်ဈေးမှာ ကျပ်သိန်း ၁၁ဝ ဝန်းကျင်တွင်ရှိပြီး အ အက္ခရာကားများသည် အောက်တိုဘာလလောက်မှ အပ်နှံရလောက်မည်ဟု ကားဝယ်ရောင်းများက မျှော်မှန်းထားကြကြောင်း သိရှိရသည်။

Ref: Auto Mobile

မာဇဒါကားသစ်များ ယခုနှစ်မကုန်မီ မြန်မာနိုင်ငံတွင် စရောင်းမည်

ဂျပန်မော်တော်ယာဉ်ကုမ္ပဏီတစ်ခုဖြစ်သော မာဇဒါ(Mazda Motor Corp) က ယခုနှစ်မကုန်မီ မော်တော်ယာဉ်အသစ်များ မြန်မာနိုင်ငံသို့ တိုက်ရိုက်တင်သွင်းရောင်းချရန် စီစဉ်နေကြောင်း အဆိုပါကုမ္ပဏီမှ အမှုဆောင်အရာရှိ Masamichi Kogai က ပြောကြားသည်။ မာဇဒါ၏ အရှေ့တောင်အာ၇ရှဒေသတွင်းနိုင်ငံများသို့ မော်တော်ယာဉ်များ ဖြန့်ဖြူးရောင်းချရမည့် အစီအစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာနိုင်ငံတွင် အဆင့်နိမ့် မော်ဒယ်လ်မော်တော်ယာဉ်အသစ်များ စတင်ရောင်းချရန် စီစဉ်နေကြောင်း ၎င်းက ပြောသည်။ မြန်မာနိုင်ငံတွင် ၁၉၈ဝ ဝန်းကျင်နှစ်များက ဂျပန်မာဇဒါကုမ္ပဏီနှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်၍ မာဇဒါဂျစ်နှင့် T2000 အမျိုးအစား ကုန်တင်ယာဉ်ငယ်များ ဖက်စပ်ထုတ်လုပ်ခဲ့ဖူးသည်။

Ref: The Voice Daily

နစ်ဆန်းမော်တော်ယာဉ် ယခုနှစ်အတွင်း ပြည်တွင်းတွင် စထုတ်မည်

ပဲခူးတိုင်းဒေသကြီးအတွင်း တည်ဆောက်နေသော နစ်ဆန်းမော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်သည့်စက်ရုံမှ ယခုနှစ်အတွင်း အိမ်သုံး မော်တော်ယာဉ်အသေးစားများနှင့် ထရပ်ကားများစတင်ထုတ်လုပ်ရန် စီစဉ်နေကြောင်း ဂျပန်မီဒီယာတချို့မှ ဖော်ပြသည်။ ဂျပန်နစ်ဆန်း နှင့် မလေးရှားအခြေစိုက် Tan Chong Motor Holdings တို့ပူးပေါင်း ရင်းနှီးမြုပ်နှံ၍ ပဲခူးတိုင်းဒေသကြီးအတွင်း တည်ဆောက်နေသော အဆိုပါမော်တော်ယာဉ် တပ်ဆင်စက်ရုံမှ ယခုနှစ်အတွင်း စတင်ထုတ်လုပ်နိုင်ရန် ရည်ရွယ်နေပြီး လူစီးမော်တော်ယာဉ်အသေးစားများနှင့် ပစ်ကပ်ထရပ်ကားများ ထုတ်လုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Ref: The Voice Daily

AD Van များ ဈေးဆက်မာပြီး Probox များ အဝယ်ပြန်လိုက်

Probox ကားများ မီးလောင်မှုများကြောင့် အဝယ်ထိုင်းသွားသည့်နောက်ပိုင်းတွင် Probox အစား AD Van ကားများ ဈေးနှုန်းမြင့်တက်လာခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ ယခင်က Probox ထက်ဈေးနိမ့်သော AD Van များမှာ ဈေးမြင့်မားလာသောကြောင့် ယခုရက်ပိုင်းအတွင်း ဝယူ်သူဘက်မှ Probox ကားဘက်သို့ ခြေဦးပြန်လှည့်လာကြောင်း ကားလေလံကုမ္ပဏီတစ်ခု၏ ဒါရိုက်တာမှ ပြောကြားသည်။ AD Van ကားများမှာ လေလံတွင် ဈေးဆက်မာနေပြီး အဝယ်ထိုင်းမှုကြောင့် ဈေးအနည်းငယ်ကျသွားသော Probox ကားများမှာ အဝယ်ပြန်လိုက်လာကြောင်း သိရှိရသည်။

Ref: Auto World

7F နံပါတ်ပြီးဆုံးပါက 9F နံပါတ်သာ ထုတ်ပေးမည်

ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီးဌာနမှ ယာဉ်မှတ်ပုံတင်စာရင်းပြုလုပ်ပေးလျက်ရှိရာ 7F နံပါတ်များထုတ်ပေးမှုမှာ ယခုတစ်ပတ်အတွင်း ပြီးဆုံးသွားနိုင်ကြောင်းသိရှိရသည်။ နိုင်ငံတော်မှ သွင်းကုန်ပါမစ်များ ထုတ်ပေးလျက်ရှိရာ ယာဉ်အစီးရေ ၂၅၄၃၁ စီး တင်သွင်းနိုင်ခဲ့ပြီး ကန်ဒေါ်လာ ၁၇၇ ဒဿမ ၆၁၈ သန်းခန့် တန်ဖိုးရှိကြောင်း သိရှိရသည်။ နံပါတ်ပါမစ်ထုတ်ပေးမှုမှာ ၁၆.၉.၂ဝ၁၃ နေ့ထိ 7F နံပါတ် ၈ဝဝဝ ကျော်သွားပြီး CC ရာသက်ပန်တက္ကစီနံပါတ် ၆၂ဝဝ ကျော်သွားပြီဖြစ်ကြောင်း သိရှိရသည်။ 7F နံပါတ် ကုန်ဆုံးသွားပါက 9F နံပါတ်သာ ပေးသွားမည်ဖြစ်ကြောင်းနှင့် 8F နံပါတ်သည် စက်မှုဇုန်ထုတ်ကားများအား ၈/စ အက္ခရာဖြင့် ထုတ်ပေးပြီးဖြစ်သောကြောင့် 9F နံပါတ်ကိုသာ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Ref: Auto World

ရန်ကုန် ကားအဌားလုပ်ငန်းများ ပြန်လည်လှုပ်ခတ်လာ

ရန်ကုန်မြို့တွင်း ခရီးသွားလာရေးကဏ္ဍ၌ အသုံးပြုရန် ကားဌားမှုလုပ်ငန်းများမှာ အလုပ်ဖြစ်လာကြောင်း ကားအဌားဈေးကွက်အတွင်းမှ သိရသည်။ ကားဌားလုပ်ငန်းများသည် ကားဌားရာတွင် ယာဉ်မောင်းအပါဌားရမ်းလေ့ရှိပြီး ဌားရမ်းခအနေဖြင့် ကားဌားမည့်ရက်နှင့် ကားအမျိုးအစားပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိကြောင်း သိရှိရသည်။ ခရီးသွား ကားဌားရမ်းရာ၌ အများဆုံးLight Ace ကဲ့သို့ ကားများ၊ Mini Bus ကားအမျိုးအစားများသာ အသုံးပြုမှုများပြီး အထူးဇိမ်ခံကားများအနေဖြင့် Alphard နှင့် Lexus ကဲ့သို့သောကားများလည်း အသုံးပြုမှုများကြောင်းသိရှိရသည်။

Ref: Auto World

Author