Full article

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့:

  • သက်တမ်းတိုးယာဉ်ဟောင်းများကိုသာ အင်္ဂလိပ်အက္ခရာ တပ်ဆင်ပေးမည်
  • သက်တမ်းမပြည့်သေးသော်လည်း အ အက္ခရာယာဉ်များကို လက်ခံသင့်ဟုဆို
  • အထူးယာဉ်အင်္ဂါရပ်နှင့်မညီညွတ်ပါက ရိုးရိုးယာဉ်အဖြစ်သာ ပြောင်းလဲပြေးဆွဲရမည်
  • ယာဉ်ကြောပိတ်ဆို့မှုများကြောင့် အချိန်ပိုင်းယာဉ်မရပ်နားသည့်စနစ် ပြန်လည်ကျင့်သုံးရန်စီစဉ်
  • ကိုယ်ပိုင်ယာဉ်မသုံးရနေ့ သတ်မှတ်ထားခြင်းမရှိဟုဆို
  • ရန်ကုန်မြို့တွင်း လမ်းပေါင်း ၂၆ လမ်းတွင် ယာဉ်မရပ်ရန် သတိပေး
  • တစ်ပတ်အတွင်း စလစ်ဈေးများ လေးသိန်းခန့်မြင့်တက်
  • နံပါတ်ထုတ်ယူပြီး ငွေလာမသွင်းသေးသော တက္ကစီ အစီး ၂၁ဝ ရှိ
  • တရုတ်နိုင်ငံထုတ် Brand New ကားများ ရောင်းချမည့် Cars Showroom ဖွင့်လှစ်မည်--more-

news_this_week

သက်တမ်းတိုးယာဉ်ဟောင်းများကိုသာ အင်္ဂလိပ်အက္ခရာ တပ်ဆင်ပေးမည်

ပြည်ပမှတင်သွင်းလာသည့် ကားသစ်များကို ထုတ်ပေးလျက်ရှိသော အင်္ဂလိပ်အက္ခရာ နံပါတ်ပြားများကို ယခုစက်တင်ဘာလမှစ၍ သက်တမ်းတိုးရန်လာရောက်သော ယာဉ်ဟောင်းများကိုသာ တပ်ဆင်ပေးတော့မည်ဟု က.ည.န မှ သတင်းရရှိသည်။ အင်္ဂလိပ်နံပါတ်ပြားများကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ယာဉ်သစ်များကို ဇူလိုင်လ ပထမပတ်တွင် စတင်တပ်ဆင်ပေးခဲ့ရာ သြဂုတ်လကုန်ပိုင်းအထိ စာရင်းအရ 4F/ 800 မှ 7F/ 1871 ထိ ရှိနေပြီဟု သိရသည်။

Ref: ရွှေဆဌဂံ

သက်တမ်းမပြည့်သေးသော်လည်း အ အက္ခရာယာဉ်များကို လက်ခံသင့်ဟုဆို

ရန်ကုန်ကားဈေးကွက်အတွင်း က.ည.န မှ အပ်နှံခွင့်ပြုနေသည့် သ အက္ခရာများမှာ မရှိသလောက်နည်းပါးလာသည့်အတွက် အ အက္ခရာများကို ယာဉ်အိုသက်တမ်းမပြည့်သေးသော်လည်း အပ်နှံမှုကို ခွင့်ပြုလက်ခံသင့်ပြီဖြစ်ကြောင်း ကားဈေးကွက်ကျွမ်းကျင်သူများက ဆိုသည်။ လက်ရှိတွင် က.ည.န မှ အိုဟောင်းယာဉ်အဖြစ် အပ်နှံခွင့်ပြုရန် သတ်မှတ်ထားရာ၌ အက္ခရာသက်တမ်းနှစ် ၂ဝ ပြည့်မှသာ အပ်နှံခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရှိရသည်။

Ref: ရွှေဆဌဂံ

အထူးယာဉ်အင်္ဂါရပ်နှင့်မညီညွတ်ပါက ရိုးရိုးယာဉ်အဖြစ်သာ ပြောင်းလဲပြေးဆွဲရမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော အထူးယာဉ်များတွင် အထူးယာဉ်အင်္ဂါရပ်နှင့် သတ်မှတ်ထားသော စည်းကမ်းချက်များအား ဖောက်ဖျက်သော အထူးယာဉ်များကို ရိုးရိုးယာဉ်အဖြစ်သာ ပြောင်းလဲပြေးဆွဲတော့မည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတင်းရရှိသည်။ အချို့သော အထူးယဉ်များသည် ထိုင်ခုံများပျက်စီးနေခြင်း၊ အမိုးပေါက်နေခြင်း၊ ဘေးမှန်များအဖွင့်အပိတ်လုပ်၍ မရခြင်း၊ လူပိုတင်ဆောင်ခြင်းနှင့် မှတ်တိုင်တွင် အချိန်ကြာမြင့်စွာ ရပ်တန့်ခြင်းတို့အား စီစစ်အရေးယူပေးပါရန် ခရီးသွားပြည်သူများက တိုင်ကြားလာခြင်းကြောင့်ဖြစ်ကြောင်း သိရှိရသည်။

Ref: ရွှေဆဌဂံ

ယာဉ်ကြောပိတ်ဆို့မှုများကြောင့် အချိန်ပိုင်းယာဉ်မရပ်နားသည့်စနစ် ပြန်လည်ကျင့်သုံးရန်စီစဉ်

ရန်ကုန်မြို့တွင်း၌ ယာဉ်ကြောပိတ်ဆို့မှုများပြားနေခြင်းကြောင့် ယခင်ကကျင့်သုံးခဲ့သော အချိန်ပိုင်းယာဉ်မရပ်နားရသည့်စနစ်ကို ပြန်လည်ကျင့်သုံးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့ မှ သတင်းရရှိသည်။ ယခုလပိုင်းအတွင်း ရန်ကုန်မြို့တွင်း၌ ယာဉ်ကြောပိတ်ဆို့မှု မြင့်မားနေခြင်းကို ဖြေရှင်းနိုင်ရန်အတွက် ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ဖြစ်သော ပုဇွန်တောင်၊ ကျောက်တံတား၊ ဗိုလ်တစ်ထောင်၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော် စသည့်မြို့နယ်များတွင် ယခင်က ဆောင်ရွက်ခဲ့သော အချိန်ပိုင်းယာဉ်မရပ်ရ စနစ်ကို ပြန်လည်အကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

Ref: ရွှေဆဌဂံ

ကိုယ်ပိုင်ယာဉ်မသုံးရနေ့ သတ်မှတ်ထားခြင်းမရှိဟုဆို

ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် စက်တင်ဘာ ၂၂ ရက်နေ့၌ ကိုယ်ပိုင်ယာဉ်အသုံးမပြုရနေ့အဖြစ် သတ်မှတ်ထားသည်ဟု သတင်းများပျံ့နှံ့လျက်ရှိသော်လည်း စက်တင်ဘာ ၁ဝ ရက်နေ့အထိ တရားဝင်ညွန်ကြားစာ မရောက်ရှိသေးကြောင်း အမှတ်(၂) ယာဉ်ထိန်းတပ်ဖွဲ့မှုးရုံးမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။ ကိုယ်ပိုင်ယာဉ်အသုံးမပြုရနေ့ သတ်မှတ်မည်ဆိုပါက မဖြစ်မနေအသုံးပြုရမည့်သူများကို ခြွင်းချက်အဖြစ်ခွင့်ပြုပေးရန် ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ အစိုးရယာဉ်မသုံးစွဲရနေ့များတွင်ပင် ခွင့်ပြုပေးခဲ့ရသော ဌာနပိုင်ယာဉ်များရှိကြောင်း အငြိမ်းစားဝန်ထမ်းတစ်ဦးမှ ပြောသည်။

Ref: The Voice Daily

ရန်ကုန်မြို့တွင်း လမ်းပေါင်း ၂၆ လမ်းတွင် ယာဉ်မရပ်ရန် သတိပေး

ယာဉ်ကြောပိတ်ဆို့မှုများ ပိုမိုဖြစ်ပေါ်လာပြီး ယာဉ်မတော်တဆမှုများ ပိုမိုများပြားလာသော ရန်ကုန်မြို့တော်တွင် ခြောက်လမ်းသွားလမ်းမကြီးများအပါအဝင် လမ်းပေါင်း ၂၆ လမ်းတွင် ယာဉ်မရပ်ရန် သတိပေးနှိုးဆော်ချက်ကို ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်သိမ်းရေးကြီးကြပ်မှု ကော်မတီမှ သတင်းထုတ်ပြန်သည်။ ခရီးသည်တင်ယာဉ်များသည် အဆိုပါလမ်း ၂၆ လမ်းရှိ မှတ်တိုင်များတွင် ခရီးသည်များကို ရပ်၊ ကျ၊ တင်၊ ထွက် စနစ် ကျင့်သုံးဆောင်ရွက်ရမည်ဖြစ်ပြီး မည်သည့်ယာဉ်မှ ရပ်နားခြင်းမပြုကြရန် ယင်းနှိုးဆော်ချက်က ဆိုသည်။

Ref: The Voice Daily

တစ်ပတ်အတွင်း စလစ်ဈေးများ လေးသိန်းခန့်မြင့်တက်

ကားဟောင်းများ ရှားပါးခြင်းနှင့် အ အက္ခရာများ အပ်နှံခွင့်ပြုရန် အချိန်နှစ်လခန့် လိုအပ်နေသောကြောင့် တစ်ပတ်အတွင်းစလစ်ဈေးများ လေးသိန်းခန့်မြင့်တက်သွားကြောင်း ကားဝယ်ရောင်းများထံမှ သိရှိရသည်။ ဈေးကွက်အတွင်း ဝယ်လိုအားနှင့်ရောင်းလိုအား မမျှသောကြောင့် ကားဟောင်းစလစ်များမှာ ကြိုက်ရောင်း၊ကြိုက်ဝယ် ဖြစ်နေကာ စက်တင်ဘာလဆန်းပိုင်းမှစ၍ စလစ်ဈေးများ နေ့စဉ်မြင့်တက်လျက်ရှိပြီး ယခုတစ်ပတ်အတွင်း ဗ၊ ဘ၊ လ၊ သ အမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း ၁၁ဝ ထိမြင့်တက်သွားကြောင်း သိရှိရသည်။

Ref: Auto Mobile

နံပါတ်ထုတ်ယူပြီး ငွေလာမသွင်းသေးသော တက္ကစီ အစီး ၂၁ဝ ရှိ

နံပါတ်ထုတ်ယူပြီး ငွေလာမသွင်းသေးသည့် တက္ကစီ စီးရေ ၂၁ဝ ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာန မှသိရှိရသည်။ မော်တော်ကားတင်သွင်းသူကုမ္ပဏီအချို့နှင့် ကားတင်သွင်းသူအချို့သည် က.ည.န မှ ငွေတွက်ကာ နံပါတ်ရယူပြီး ငွေလာမသွင်းသောကြောင့် အရောင်းအဝယ်ပြုလုပ်သည့်အခါ အရှုပ်အရှင်းများဖြစ်ပေါ်နေလျက် ရှိသည်။ က.ည.န အနေဖြင့် နံပါတ်ထုတ်ပြီး ငွေလာမသွင်းသောကားများကို နှစ်ပတ်ကျော်လျှင် တစ်ရက်လျှင် ဒဏ်ကြေး ကျပ် သုံးထောင် ကောက်ခံသော်လည်း အချို့ကားများမှာ သုံးလကျော်သည်အထိ ငွေပေးသွင်းခြင်း မရှိသေးကြောင်း တာဝန်ရှိသူတစ်ဦးမှပြောကြားသည်။

Ref: Auto Mobile

တရုတ်နိုင်ငံထုတ် Brand New ကားများ ရောင်းချမည့် Cars Showroom ဖွင့်လှစ်မည်

တရုတ်နိုင်ငံ Z N A (ZhengZhou Nissan Automobile Co.,Ltd) နှင့် DFAC (Dongfang Automobile Co.,Ltd) တို့မှ ထုတ်လုပ်သည့် Brand New ကားများ ရောင်းချမည့် Car Showroom သစ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရောင်နီဦး ကားအရောင်းပြခန်း ဥက္ကဌ ဦးအောင်ဝင်းက ပြောကြားသည်။ အဆိုပါကားများမှာ တရုတ်နိုင်ငံ၌ ထုတ်လုပ်ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံဖက်စပ်များဖြစ်ကြောင်း၊ ၂ဝ၁၃ မော်ဒယ်လ် ဘယ်မောင်းကားများတင်သွင်းရောင်းချမည်ဖြစ်ကြောင်း၊ Showroom ကို အာရှတော်ဝင်ဆေးရုံအနီး ဗဟိုလမ်းတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။

Ref: Auto Mobile

Author