Full article

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့:

  • မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားထုတ်သည့် စက်ရုံများ တိုးချဲ့တည်ဆောက်မည်
  • တိုက်ကြေကားမဟုတ်ကြောင်း အထောက်အထားများတင်ပြနိုင်ပါက အယူခံရုံးမှ ပြန်လည်ထုတ်ပေးမည်
  • ယာဉ်အပိုပစ္စည်းများတင်သွင်းမှုနည်းနေသောကြောင့် လိုအပ်မှုများရှိနေ
  • (၂၂)လအတွင်း ယာဉ်အစီးရေ ၂ဝ၆၄၃၁ စီး တင်သွင်းခွင့်ပြုခဲ့
  • အရောင်းခက် အဝယ်ခက်နေသည့် မင်းရဲကျော်စွာ ကားဈေးကွက်
  • ကတိအတိုင်း အုံနာဘုတ် အချိန်မှီ လုပ်မပေးသော ကုမ္ပဏီအချို့နှင့် အဝယ်များကြား ပြသနာပေါ်ပေါက်
  • Super Carry Truck (R-) များ အပ်နှံခွင့်မပြုတော့သဖြင့် တက္ကစီစလစ်များ ဈေးတက်နိုင်
  • စက်တင်ဘာ ၂၂ ရက်နေ့အား ကိုယ်ပိုင်မော်တော်ယာဉ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်မည်--more-

news_this_week

မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားထုတ်သည့် စက်ရုံများ တိုးချဲ့တည်ဆောက်မည်

မော်တော်ယာဉ်များတွင် တပ်ဆင်ထားသော မှတ်ပုံတင်နံပါတ်ပြားများကို မြန်မာအက္ခရာမှ အင်္ဂလိပ်အက္ခရာအဖြစ် ပြောင်းလဲတပ်ဆင်ရာတွင် ဖောင်းကြွနံပါတ်ပြားများ ဖြည့်ဆည်းနိုင်ရန်အတွက် က.ည.န မှ ဖောင်းကြွနံပါတ်ပြားထုတ်လုပ်သည့် စက်ရုံများ တိုးချဲ့တည်ဆောက်သွားရန်စီစဉ်လျက်ရှိကြောင်း သိရသည်။ ယင်းစက်ရုံများ တိုးချဲ့တည်ဆောက်ရန်လျာထားသော နေရာများမှာ က.ည.န(ရွာသာကြီး)နှင့် က.ည.န(မန္တလေး)တို့ဖြစ်ကြောင်း သိရှိရသည်။

Ref: Auto World

တိုက်ကြေကားမဟုတ်ကြောင်း အထောက်အထားများတင်ပြနိုင်ပါက အယူခံရုံးမှ ပြန်လည်ထုတ်ပေးမည်

တိုက်ကြေကားများဟု သတ်မှတ်၍ သိမ်းဆည်းထားသော မော်တော်ယာဉ် ၁ဝ၂ စီး၏ ယာဉ်ပိုင်ရှင်များအနေဖြင့် အကောက်အယူခံခုံရုံးသို့ အယူခံဝင်ထားရာတွင် တိုက်ကြေကားမဟုတ်ကြောင်း အထောက်အထားအမှန်များ စစ်ဆေးတွေ့ရှိပါက အဆိုပါယာဉ်များအား အယခံရုံးမှ ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ လက်ရှိတွင် တိုက်ကြေကားအဖြစ် ၁ဝ၂ စီးကို စာရင်းသွင်းထားပြီး ဇူလိုင်လအတွင်းတွင် တိုက်ကြေကားဟု ယူဆရသော ၅၁ စီးနှင့် သြဂုတ်လတွင် ၁၇ စီး စုစုပေါင်း ၆၈ စီးကို စီစစ်နေကြောင်း သိရှိရသည်။

Ref: Auto World

ယာဉ်အပိုပစ္စည်းများတင်သွင်းမှုနည်းနေသောကြောင့် လိုအပ်မှုများရှိနေ

ကား Showroom များ၊ မင်းရဲကျော်စွာကားဝင်းနှင့် သီရိမင်္ဂလာဈေးဟောင်းကားဝင်းတို့တွင် ကားအမျိုးအစားစုံလင်စွာ စိတ်ကြိုက်ရွေးချယ်စီးနိုင်သော်လည်း အပိုပစ္စည်းများအတွက် လိုအပ်ချက်များ ရှိနေသေးကြောင်း သိရှိရသည်။ ထို့ပြင် Showroom များတွင် ကားအမျိုးအစား Brand စုံလင်စွာမတင်သွင်းနိုင်သော်လည်း ကားဝင်းအတွင်းရှိ တစ်ပိုင်တစ်နိုင်ရောင်းဝယ်သူများမှာ ကား Brand မျိုးစုံကို လူအများဖြင့် တင်သွင်းထားနိုင်ကြောင်း သိရသည်။ ထို့အတွက် ကားအမျိုးအစားစုံလင်စွာထားနိုင်သလို ကားအပိုပစ္စည်းများကိုလည်း စုံလင်အောင်ထားရှိပါက ပိုမို အဆင်ပြေမည်ဖြစ်ကြောင်း ဝယ်ရောင်းသမားတစ်ဦးမှ ပြောကြားသည်။

Ref: Auto World

(၂၂)လအတွင်း ယာဉ်အစီးရေ ၂ဝ၆၄၃၁ စီး တင်သွင်းခွင့်ပြုခဲ့

မြန်မာနိုင်ငံတွင် ဖွံဖြိုးမှုနှင့် လိုက်လျောညီထွေမှုရှိစေရန်အတွက် သက်တမ်းကျော် ယာဉ်အိုယာဉ်ဟောင်းများကို အပ်နှံ၍ အသစ်များ တင်သွင်းခွင့်ပြုခဲ့သည့် အချိန်မှစ၍ ပါမစ်အမျိုးမျိုးဖြင့် ပြည်ပမှ မော်တော်ယာဉ်များတင်သွင်းရာ ၁၅.၁ဝ.၂ဝ၁၁ မှ ၂၅.၈..၂ဝ၁၃ အထိ ၂၂ လတာအတွင်း ယာဉ်အစီးရေ ၂ဝ၆၄၃၁ စီး တင်သွင်းခွင့်ပြုခဲ့ကြောင်း သိရှိရသည်။

Ref: Auto World

အရောင်းခက် အဝယ်ခက်နေသည့် မင်းရဲကျော်စွာ ကားဈေးကွက်

မင်းရဲကျော်စွာကားဝင်းအတွင်းတွင် အရောင်းခက်အဝယ်ခက်ဖြစ်နေပြီး လက်ရှိအချိန်တွင် ဈေးကို ဆွဲတင်ရောင်းချနေရကြောင်း သိရသည်။ ဇွန်၊ ဇူလိုင်တွင် လေလံဆွဲထားသော ကားများမှာ သြဂုတ်လတွင် ရောက်ရှိလာပြီး သြဂုတ်လထုတ်ကားများမှာ အနည်းငယ်ဈေးပိုကြောင်း ဝါရင့် ကားဝယ်ရောင်းများမှ ပြောသည်။ "အ" အက္ခရာကားများမှာလည်း အပ်နှံချိန်နီးသဖြင့် ဝယ်ယူသူများဘက်မှ စလစ်ဖြင့်ကပ်ဝယ်ရန် စောင့်ဆိုင်းနေခြင်းများရှိနိုင်ကြောင်း သိရသည်။

Ref: Auto World

ကတိအတိုင်း အုံနာဘုတ် အချိန်မှီ လုပ်မပေးသော ကုမ္ပဏီအချို့နှင့် အဝယ်များကြား ပြသနာပေါ်ပေါက်

ကားများကို ရောင်းချပြီး ကတိအတိုင်း အုံနာဘုတ် အချိန်မှီ လုပ်မပေးသော ကုမ္ပဏီအချို့နှင့် အဝယ်များအကြား ပြသနာ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။ အချို့ကုမ္ပဏီများသည် ကားများကို နံပါတ်ထုတ်ယူကာ ရောင်းချပြီး ပေးထားသည့်ကတိအတိုင်း အုံနာဘုတ်ရအောင်ပြုလုပ်မပေးသောကြောင့် ဝယ်ယူသူများနှင့်ပြသနာဖြစ်ပွားလျက်ရှိကြောင်းသိရှိရသည်။

Ref: Auto Mobile

Super Carry Truck (R-) များ အပ်နှံခွင့်မပြုတော့သဖြင့် တက္ကစီစလစ်များ ဈေးတက်နိုင်

က.ည.န မှ Super Carry Truck (R-) များကို အပ်နှံခွင့်မပြုတော့သဖြင့် တက္ကစီစလစ်များ ဈေးတက်လာနိုင်ကြောင်း စလစ်ဝယ်ရောင်းများက သုံးသပ်ခဲ့သည်။ R- ကားများကို စက်တင်ဘာ ၅ ရက် မှစပြီး အပ်နှံခွင့်ပြုတော့မည်မဟုတ်သောကြောင့် တက္ကစီစလစ်ဈေးများ ယခင်ကထက် ကျပ်သုံးသိန်းခန့် မြင့်တက်လာနိုင်ကြောင်း ဝယ်ရောင်းများက သုံးသပ်ကြသည်။

Ref: Auto Mobile

စက်တင်ဘာ ၂၂ ရက်နေ့အား ကိုယ်ပိုင်မော်တော်ယာဉ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်မည်

စက်တင်ဘာ ၂၂ ရက်နေ့ကို ရန်ကုန်မြို့၏ ကိုယ်ပိုင်မော်တ်ယာဉ်များ မသုံးစွဲရနေ့အဖြစ် နှစ်စဉ်သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း မော်တော်ယာဉ်ပညာပေးရေးနှင့် စည်းကမ်းသတ်မှတ်ရေးကော်မတီ မှ သတင်းရရှိသည်။ အဆိုပါနေ့တွင် အများပြည်သူသွားလာနိုင်ရန်အတွက် ခရီးသည်တင်ယာဉ်များ၊ အဌားယာဉ်များနှင့် လူနာတင်ယာဉ်များကိုမူ သွားလာမောင်းနှင်ခွင့်ပြုထားမည်ဖြစ်ပြီး ကိုယ်ပိုင်မော်တော်ယာဉ်များသွားလာမှုကိုမူ တားမြစ်မည်ဖြစ်ကြောင်း၊ အကယ်၍ မောင်းနှင်ပါက အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Ref: Auto Mobile

Author