Full article

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့:

  • ကားဟောင်းစလစ်ဖြင့် သတ်မှတ်မော်ဒယ်လ် သုံးနှစ်လျော့တင်သွင်းပါက တင်သွင်းခွင့်ပိတ်ပင်မည်
  • LED ရောင်ပြန်နံပါတ်ပြား တပ်ဆင်အသုံးပြုပါက ဖမ်းဆီးအရေးယူမည်
  • ဝင်ရိုးသုံးချောင်းပါ ခရီးသည်တင်ကားများ အဝေးပြေးယာဉ်လိုင်းများ စိတ်ဝင်စားဝယ်ယူမှုများ
  • မြန်မာနိုင်ငံတွင် မော်တော်ယာဉ်အသုံးမပြုရနေ့ သတ်မှတ်ရန် တိုင်းဒေသကြီးသို့တင်ပြထား
  • သြဂုတ်လ ပထမအပတ်အတွင်း မော်တော်ယာဉ်အစီးရေ နှစ်သောင်းကျော် သွင်းကုန်ပါမစ်ခွင့်ပြုပေးခဲ့
  • ငါးနှစ်တာကာလအတွင်း ကားမီးလောင်မှုဖြစ်စဉ်ပေါင်း သုံးဆနီးပါးမြင့်တက်လာ
  • တံခါးနှစ်ပေါက်ပစ်ကပ်များ အခွန်ကိစ္စတရားဝင် မဖြစ်သေးဟုဆို
  • မြို့တွင်းပြေးဆွဲမည့် BRT တွင် Sea Games အမီ ပြီးစီးနို်င်မှုကို ယာဉ်ပိုင်ရှင်အများစုဝေဖန်
  • ဂျပန်လေလံ ပြန်လည်ဖွင့်လှစ်သည့်နေ့၌ ၁.၃ ကား ဝယ်ယူမှုများပြား
  • ထုတ်ကုန်သွင်းကုန် အကျိုးဆောင်များ၏ မှတ်ပုံတင်ကြေး ကျပ်ငွေဖြင့် ပြောင်းလဲကောက်ခံ--more-

news_this_week

ကားဟောင်းစလစ်ဖြင့် သတ်မှတ်မော်ဒယ်လ် သုံးနှစ်လျော့တင်သွင်းပါက တင်သွင်းခွင့်ပိတ်ပင်မည်

ယာဉ်အိုယာဉ်ဟောင်းစလစ်များဖြင့် သတ်မှတ်မော်ဒယ်လ် သုံးနှစ်လျော့တင်သွင်းပါက ယာဉ်တင်သွင်းသူကို တင်သွင်းခွင့်ပိတ်ပင်မည်ဖြစ်ကြောင်း စီပွားကူးသန်းဝန်ကြီးဌာနမှ သိရှိရသည်။ မော်တော်ယာဉ်တင်သွင်းသူများအနေဖြင့် ယာဉ်အိုယာဉ်ဟောင်းစနစ်ဖြင့် တင်သွင်းပါက သတ်မှတ်မော်ဒယ်လ်အောက် ၂ နှစ် လျော့အထိ ဒဏ်ကြေးငွေပေးဆောင်ကာ ထုတ်ယူနိုင်မည်ဖြစ်သော်လည်း သုံးနှစ်အောက်လျော့ပါက ပြည်သူဘဏ္ဍာအဖြစ်သိမ်းဆည်းမည်ဖြစ်ပြီး ယာဉ်ပိုင်ရှင်ကိုလည်း ပြည်ပမှ ထပ်မံတင်သွင်းခွင့်မပြုဘဲ ပြည်တွင်းအရောင်းစင်တာများမှသာ ဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်းသိရှိရသည်။

Ref: Auto Mobile

LED ရောင်ပြန်နံပါတ်ပြား တပ်ဆင်အသုံးပြုပါက ဖမ်းဆီးအရေးယူမည်

က.ည.န မှ မှတ်ပုံတင်ထုတ်ပေးထားသော ဖောင်းကြွနံပါတ်ပြားများနေရာတွင် LED ရောင်ပြန်နံပါတ်ပြားများ အစားထိုးတပ်ဆင်အသုံးပြုပါက ဖမ်းဆီးအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာဉ်ထိန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။ က.ည.န မှ ဝီးတက်အတု၊ ဖောင်းကြွ နံပါတ်ပြားအတုများ ဖမ်းဆီး အရေးယူနေချိန်တွင် အဆိုပါနံပါတ်ပြားတပ်ဆင်အသုံးပြုသူများကြောင့် မလိုလားအပ်သည့် ကိစ္စများမဖြစ်ပေါ်စေရေးအတွက် ဖမ်းဆီးအရေးယူဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

Ref: Auto Mobile

ဝင်ရိုးသုံးချောင်းပါ ခရီးသည်တင်ကားများ အဝေးပြေးယာဉ်လိုင်းများ စိတ်ဝင်စားဝယ်ယူမှုများ

ဝင်ရိုးသုံးချောင်းပါ ခရီးသည်တင်ကားများ အဝေးပြေးယာဉ်လိုင်းများမှ စိတ်ဝင်စားမှုများပြားလာပြီး ကြိုတင်မှာယူမှုများရှိကြောင်း Greater Man မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။ ဝင်ရိုးသုံးချောင်းပါကားများကို ခရီးသည်များစီးနင်းမှု များပြားလာသည့်အတွက် ၄၅ ယောက်စီး Express ကားများကို အဝေးပြေးယာဉ်လိုင်းများမှ ထပ်မံမှာယူထားပြီး စက်တင်ဘာလပိုင်းတွင် ထပ်မံရောက်ရှိလာမည်ဖြစ်ကြောင်း သိရှိရသည်။

Ref: Auto Mobile

မြန်မာနိုင်ငံတွင် မော်တော်ယာဉ်အသုံးမပြုရနေ့ သတ်မှတ်ရန် တိုင်းဒေသကြီးသို့တင်ပြထား

မြန်မာနိုင်ငံတွင် မော်တော်ယာဉ်အသုံးမပြုရနေ့ သတ်မှတ်ပေးရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း သိရှိရသည်။ မော်တော်ယာဉ်မသုံးစွဲရနေ့ သတ်မှတ်ရခြင်းမှာ နိုင်ငံတကာတွင် ကမ္ဘာ့မော်တော်ယာဉ်မသုံးစွဲရနေ့အဖြစ် တစ်နှစ်လျှင် တစ်ရက် သတ်မှတ်ထားသောကြောင့် မြန်မာနိုင်ငံတွင်လည်း နိုင်ငံတကာ နည်းတူ ပါဝင်ကျင့်သုံးရန်အတွက် တင်ပြရခြင်းဖြစ်ကြောင်း မ.ထ.သ(ဗဟို) မှ သတင်းရရှိသည်။

Ref: Auto Mobile

သြဂုတ်လ ပထမအပတ်အတွင်း မော်တော်ယာဉ်အစီးရေ နှစ်သောင်းကျော် သွင်းကုန်ပါမစ်ခွင့်ပြုပေးခဲ့

ယခုနှစ်သြဂုတ်လ ပထမတစ်ပတ်တာ ကာလအတွင်း မော်တော်ယာဉ်အစီးရေ နှစ်သောင်းကျော် တင်သွင်းရန်အတွက် သွင်းကုန်ပါမစ် ခွင့်ပြုပေးခဲ့ကြောင်း စီးပွား/ကူးသန်း ဝန်ကြီးဌာန၊ ထုတ်ကုန်/ သွင်းကုန်ဌာနမှ စုံစမ်းသိရှိရသည်။ လက်ရှိတွင် ခွင့်ပြုထားသော သွင်းကုန်ပါမစ်ယာဉ်အမျိုးအစားများမှာ ၁၃ဝဝ စီစီ ယာဉ်များနှင့် ဆလွန်း၊ ဗန်၊ ပစ်ကပ်၊ လိုက်ထရပ် အစရှိသည့် ယာဉ်များပါဝင်ကြောင်း သိရှိရသည်။

Ref: Auto Mobile

ငါးနှစ်တာကာလအတွင်း ကားမီးလောင်မှုဖြစ်စဉ်ပေါင်း သုံးဆနီးပါးမြင့်တက်လာ

၂ဝဝ၉ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း ပြည်တွင်း၌ ကားမီးလောင်မှုဖြစ်စဉ်ပေါင်း သုံးဆနီးပါးမြင့်တက်လာကြောင်း သိရှိရသည်။ ၂ဝဝ၉ ခုနှစ်တွင် ကားအစီးရေ ၁၅ စီးမှ ယခု ၂ဝ၁၃ တွင် အစီးရေ ၄၄ စီးအထိ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

Ref: Auto Mobile

တံခါးနှစ်ပေါက်ပစ်ကပ်များ အခွန်ကိစ္စတရားဝင် မဖြစ်သေးဟုဆို

တံခါးနှစ်ပေါက်ပါသော ပစ်ကပ်ကားများ အခွန်(၅)ရာခိုင်နှုန်းသာ ဆောင်ရမည်ဟုဆိုသော်လည်း တရားဝင်စာထွက်လာခြင်း မရှိသေးကြောင်း ကားတင်သွင်းရောင်းချသူတစ်ဦးမှ ပြောသည်။ တံခါးနှစ်ပေါက်နှင့် လေးပေါက်ပါသော ကားများဆောင်ရမည့် အခွန်နှုန်းထား(၅)ရာခိုင်နှုန်းဖြင့် တင်သွင်းခွင့်ပြုနိုင်ဖွယ် မရှိကြောင်း ၎င်းကပြောကြားသည်။ ဂျပန်လေလံတွင် အဆိုပါကားမျိုးမှာရှားပါးသော်လည်း အများစုမှာ ထိုင်းမှတင်သွင်းကြကြောင်း သိရှိရသည်။

Ref: Auto World

မြို့တွင်းပြေးဆွဲမည့် BRT တွင် Sea Games အမီ ပြီးစီးနို်င်မှုကို ယာဉ်ပိုင်ရှင်အများစုဝေဖန်

ရန်ကုန်မြို့တွင်း ခရီးသည်များ အမြန်ယာဉ်စနစ်(BRT) တွင် အောင်မြင်စွာပြီးစီးနိုင်မှုအပေါ် ဝေဖန်လာကြပြီး ၎င်းစနစ်ကြောင့် ယခင်ပြေးဆွဲရသောယာဉ်များမှာ တခြားယာဉ်ကြောများသို့ပြောင်းလဲပြေးဆွဲရခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများလည်း ယခုထက်ပိုမိုများပြားလာနို်င်ကြောင်း ယာဉ်ပိုင်ရှင်များက သုံးသပ်ပြောဆိုနေကြကြောင်း ကြားသိရသည်။ BRT စနစ်ကို ပြည်လမ်းမှစတင်ကာ ၃ လအတွင်း အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ခရီးစဉ်အတွက် ကားခ ၄ဝဝ ကျပ် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Ref: Auto World

ဂျပန်လေလံ ပြန်လည်ဖွင့်လှစ်သည့်နေ့၌ ၁.၃ ကား ဝယ်ယူမှုများပြား

သြဂုတ် ၁၁ ရက်နေ့တွင် စတင်ပိတ်ခဲ့သော ဂျပန်လေလံဈေးကွက်မှာ သြဂုတ် ၁၉ တွင်ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဖွင့်သည့်နေ့တွင် ၁.၃ ကားများ ဝယ်ယူမှုများကြောင်း သိရှိရသည်။ ဒေါ်လာဈေး ၉၇ဝ မှ ၉၆၉ ဝန်းကျင်သို့ကျဆင်းသွားသောကြောင့် ဂျပန်ယန်းဈေးမှာ ပုံမှန်တန်းတွင်ရှိနေပြီး ဒေါ်လာဈေးကျမှုကြောင့် ငွေလဲနှုန်း ပြောင်းလဲသွားသည့်အတွက် ယန်းဈေးမှာ အနည်းငယ်ကျဆင်းကြောင်း သိရသည်။

Ref: Auto World

ထုတ်ကုန်သွင်းကုန် အကျိုးဆောင်များ၏ မှတ်ပုံတင်ကြေး ကျပ်ငွေဖြင့် ပြောင်းလဲကောက်ခံ

ထုတ်ကုန်သွင်းကုန်ဆိုင်ရာ စီးပွားရေးအကျိုးဆောင်များ၏ မှတ်ပုံတင်ကြေးနှင့် လိုင်စင်သက်တမ်းတိုးကြေးတို့ကို အမေရိကန်ဒေါ်လာနှင့် ကောက်ခံနေသည့်အစား ဇူလိုင် ၁၁ နေ့မှစ၍ မြန်မာကျပ်ငွေဖြင့် ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးညွန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။ စီးပွားရေးအကျိုးဆောင်မှတ်ပုံတင်ကြေးကို ကျပ်နှစ်သိန်းနှင့် လိုင်စင်သက်တမ်းတိုးကြေးကို ကျပ်တစ်သိန်းသတ်မှတ်ထားပြီး လို်င်စင်သက်တမ်းကို တစ်နှစ်သတ်မှတ်ထားကြောင်း သိရှိရသည်။

Ref: Auto World

Author