Full article

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့:

  • သီလဝါဆိပ်ကမ်းရောက် ကားများတွင် ကီလိုတစ်သိန်းကျော်ကား ပါဝင်မှုရာခိုင်နှုန်းသိရှိရန် စစ်တမ်းကောက်ယူမည်
  • က.ည.န မှ သက်တမ်းတိုးလိုသော အနှစ်နှစ်ဆယ်ကျော် ကားများကို ခရိုင်ရုံးများတွင် ဆောင်ရွက်ပေးမည်
  • တစ်ပတ်အတွင်း "သ" အက္ခရာ အစီးရေ ၃၆၁ စီးသာ လာရောက်အပ်နှံ
  • HiAce(အန်စာတုံး) ကားများကို ယာဉ်လိုင်းများမှ စိတ်ဝင်စားဝယ်ယူမှုများ
  • အကောက်ခွန်ဦးစီးဌာနမှ တိုက်ကြေကားဟု ယူဆရသော ကား ၅၁ စီးကို ထပ်မံစီစစ်
  • ကားဈေးကွက်အတွင်း ဝယ်လက်တွေအေးနေဆဲဟုဆို
  • ကားစင်းလုံးဌား လုပ်ငန်းများ ပုံမှန်သာရှိ
  • မော်တော်ယာဉ် အစီးရေ(၂)သိန်းဝန်းကျင်ခန့် တင်သွင်းခွင့်ပြုပြီး
  • ယခုနှစ်နယ်ဝယ်လက်များ ကြိုက်သည့် Belta နှင့် Succeed ကားများ--more-

news_this_week

သီလဝါဆိပ်ကမ်းရောက် ကားများတွင် ကီလိုတစ်သိန်းကျော်ကား ပါဝင်မှုရာခိုင်နှုန်းသိရှိရန် စစ်တမ်းကောက်ယူမည်

မြန်မာနို်င်ငံ ကားဈေးကွက်အတွင်း တင်သွင်းလာသည့် ကားများတွင် ဂျပန်နို်င်ငံမှ ကီလိုများစွာအသုံးပြုထားသောကားများ တင်သွင်းကာ ကီလိုလျှော့ချရောင်းချမှုများရှိလာသဖြင့် ဈေးကွက်ထိခိုက်လာရာ လက်ရှိတင်သွင်းနေသည့် ကားများထဲတွင် ကီလိုတစ်သိန်းကျော်လွန်သည့်ကား ရာခိုင်နှုန်းမည်မျှပါဝင်သည်ကို သိရှိနိုင်ရန်အတွက် သီလဝါဆိပ်ကမ်းတွင် စစ်တမ်းကောက်ယူမှုများပြုလုပ်သွားမည်ဟု မော်တော်ယာဉ်ထုတ်လုပ်မှုနှင့် ကုန်သည်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။ မြန်မာပြည်ဈေးကွက်အတွင်း ရောင်းချနေသည့်ကားအများစုမှာ ကီလိုခြောက်သောင်းကျော်သည့်ကား မရှိသလောက်ရှားပါးနေပြီး အများစုမှာကီလိုလျှော့ချထားသည့်ကားများဖြစ်နေရာ ကီလိုအမှန်ဖြင့် တင်သွင်းရောင်းချသူများမှာ ထိခိုက်နစ်နာမှုများရှိကြောင်း ၎င်းက ရှင်းပြသည်။

Ref: Auto Mobile

က.ည.န မှ သက်တမ်းတိုးလိုသော အနှစ်နှစ်ဆယ်ကျော် ကားများကို ခရိုင်ရုံးများတွင် ဆောင်ရွက်ပေးမည်

က.ည.န မှ ဖြေလျှော့ပေးမှု တစ်ရပ်အနေဖြင့် သက်တမ်းအနှစ်နှစ်ဆယ်ကျော် ကားများကို မအပ်ဘဲ သက်တမ်းတိုးလိုပါက ခရိုင်ရုံးများတွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။ ယခင်က နယ်မြို့များတွင် သက်တမ်းတိုးလိုသောကားများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများတွင် စစ်ဆေးခံယူပြီးမှသာ သက်တမ်းတိုးခွင့်ရသော်လည်း သြဂုတ်လ ၁ ရက်နေ့မှစ၍ ခရိုင်ရုံးများတွင်လည်း ဆောင်ရွက်နိုင်ကြောင်း က.ည.န မှသိရှိရသည်။

Ref: Auto Mobile

တစ်ပတ်အတွင်း "သ" အက္ခရာ အစီးရေ ၃၆၁ စီးသာ လာရောက်အပ်နှံ

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ယာဉ်အို၊ယာဉ်ဟောင်း အပ်နှံမှုလျော့ကျလာပြီး တစ်ပတ်အတွင်း "သ" အက္ခရာ အစီးရေ ၃၆၁ စီးသာ လာရောက်အပ်နှံကြောင်း က.ည.န မှ သိရှိရသည်။ ဇွန် ၂၅ ရက်က စတင်အပ်နှံခွင့်ပြုခဲ့သည့် "သ" အက္ခရာကားများသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အစီးရေ ၄၇ဝဝ ဝန်းကျင်ရှိရာ ဇူလိုင် ၃၁ အထိ ၂၉၃၂ စီးအပ်နှံခဲ့ပြီးဖြစ်၍ အစီးရေ ၁၇၆၈ စီးသာ အပ်နှံရန် ကျန်ရှိတော့သည်။ ယင်းကားများ စတင်အပ်နှံခွင့်ပြုသည့် အပတ်၌ အစီးရေတစ်ရာကျော်လာရောက်အပ်နှံကြပြီး ယခုရက်ပိုင်းတွင် အစီးရေ ၇ဝ ဝန်းကျင်သာ လာရောက်အပ်နှံကြကြောင်း သိရှိရသည်။

Ref: Auto Mobile

HiAce(အန်စာတုံး) ကားများကို ယာဉ်လိုင်းများမှ စိတ်ဝင်စားဝယ်ယူမှုများ

မြန်မာနိုင်ငံနယ်မြို့များနှင့် မြို့ကြီးများသို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းငယ်များမှ HiAce(အန်စာတုံး)ကားများကို စိတ်ဝင်စားဝယ်ယူမှုမြင့်တက်လာကြောင်း ဝယ်ရောင်းကြီးများမှ ပြောကြားသည်။ အဆိုပါယာဉ်လိုင်းငယ်များသည် ယခင်က မီနီဘတ်စ်များဖြင့် ပြေးဆွဲခဲ့သော်လည်း ၂ဝဝ၁ ခုနှစ်ပိုင်းမှစ၍ Super Custom များဖြင့် ပြေးဆွဲလာရာမှ လူဦးရေပိုမိုများပြားစွာ တင်ဆောင်နိုင်မည့် HiAce(အန်စာတုံး)ကားများကို ပိုမိုစိတ်ဝင်စားဝယ်ယူလာကြကြောင်း၊ ယင်းသို့ဝယ်ယူရာတွင် ၁၅ ယောက်စီးနင်းနိုင်သည့် HiAce ကားများကို ပိုမိုဝယ်ယူမှုများလာကြောင်း၊ လက်ရှိတွင် ဇုန်နံပါတ်ကားများထက် ဇုန်နံပါတ်မဟုတ်သည့်ကားများကို ပိုမိုစိတ်ဝင်စား ဝယ်ယူလာကြကြောင်း သိရှိရသည်။

Ref: Auto Mobile

အကောက်ခွန်ဦးစီးဌာနမှ တိုက်ကြေကားဟု ယူဆရသော ကား ၅၁ စီးကို ထပ်မံစီစစ်

ပြည်ပမှ တင်သွင်းလာသော ကားများတွင် တိုက်ကြေကားများပါဝင်မှုကို ထိန်းချုပ်နိုင်ရန်အတွက် စီစစ်ထိန်းသိန်းမှုများပြုလုပ်ခဲ့ရာတွင် တိုက်ကြေကားဟုယူဆရသော ကား ၅၁ စီးကို ထပ်မံစီစစ်လျက်ရှိကြောင်း အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။ မော်တော်ယာဉ်တင်သွင်းသူများသည် ၂ဝ၁၃၊ ဇန်နဝါရီ ၁၅ ရက်နောက်ပိုင်းတွင် ပြည်ပမှ ကိုယ်ထည်ထိခိုက်ထားသော မော်တော်ယာဉ်များကို တင်သွင်းလာခဲ့ပြီး ပြန်လည်ပြုပြင်ရောင်းချရန်ရည်ရွယ်ချက်ဖြင့် တင်သွင်းလာခဲ့သည်ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများနစ်နာဆုံးရုံးမှုများ မဖြစ်စေရေးအတွက် အကြိမ်ကြိမ်စီစစ်သိမ်းဆည်းမှုများ ပြုလုပ်နေကြောင်းသိရှိရသည်။

Ref: Auto Mobile

ကားဈေးကွက်အတွင်း ဝယ်လက်တွေအေးနေဆဲဟုဆို

ကားဈေးကွက်အတွင်း ရန်ကုန်ဝယ်လက်နှင့် နယ်ဝယ်လက်ပါ နှစ်မျိုးလုံး အေးလျက်ရှိပြီး ဒေါ်လာဈေး၊ စလစ်ဈေး၊ လေလံဈေး တက်နေသော်လည်း ကားဈေးမှာ မတက်ကြောင်းသိရှိရသည်။ အထူးသဖြင့် စလစ်ဈေးမှာ မြင့်တက်နေပြီး အစိုးရမှ ပေါ်လစီပြောင်းမည်ဟု ကောလဟာလထွက်ပေါ်နေသဖြင့် လူအများမှစောင့်ကြည့်နေကြခြင်းဖြစ်ကြောင်း သိရှိရသည်။

Ref: Auto World

ကားစင်းလုံးဌား လုပ်ငန်းများ ပုံမှန်သာရှိ

မိုးတွင်းကာလ နိုင်ငံခြားဧည့်သည်များ ဝင်ရောက်မှုများပြားသော်လည်း ကားစင်းလုံးဌားရမ်းခြင်းကို စီးပွားရေးလုပ်ငန်းအတွက် လာရောက်သူများသာ ဌားရမ်းကြသဖြင့် ပုံမှန်ဌားရမ်းမှုမျိုးသာရှိနေကြောင်း သိရှိရသည်။ ဂျပန်နှင့် ကိုရီးယားလူမျိုး စီးပွားရေးလုပ်ငန်းရှင်များ အများဆုံး လာရောက်ကြပြီး ရန်ကုန်မြို့တွင်းနေထိုင်သော ရက်အတွင်း၌ ကားဌားရမ်းမှုအများဆုံးဖြစ်ကြောင်း Forward ကား Rental လုပ်ငန်းမှတာဝန်ရှိသူ ဦးထွန်းဦးလွင်မှ ပြောကြားသည်။ ယခုနှစ်မိုးတွင်း၌ ဌားရမ်းမှုအများဆုံး ကားအမျိုးအစားများမှာ Mark 2 ရွှေငါး၊ Royal Crown ကဲ့သို့ ကားများနှင့် Alphard ကားများဖြစ်ကြောင်း သိရသည်။

Ref: Auto World

မော်တော်ယာဉ် အစီးရေ(၂)သိန်းဝန်းကျင်ခန့် တင်သွင်းခွင့်ပြုပြီး

မြန်မာနိုင်ငံတွင် တိုးတက်ဖွံဖြိုးမှုနှင့် လိုက်လျောညီထွေဖြစ်စေရန် ယာဉ်အိုယာဉ်ဟောင်းများကို အပ်နှံပြီး အသစ်မှာယူတင်သွင်းခွင့်ပြုခဲ့သည့် ၂ဝ၁၁၊ အောက်တိုဘာ မှစ၍ ယခု ၂ဝ၁၃ ဇူလိုင်အထိ ပြည်ပမှ တင်သွင်းခွင့်ပြုခဲ့သည့် မော်တော်ယာဉ်အရေအတွက်မှာ (၂)သိန်းဝန်းကျင်ခန့် ရှိနေပြီဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရှိရသည်။ ၂ဝ၁၁၊ အောက်တိုဘာ ၂၅ ရက်နေ့မှစ၍ ၂ဝ၁၃ ဇူလို်င ၂၅ ရက်နေ့အထိ(၂၁)လ အတွင်း အကောက်ခွန်ဦးစီးဌာနသည် မော်တော်ယာဉ်အစားထိုး စီမံချက်အပါအဝင် ပြည်ပမှ တင်သွင်းလာသော မော်တော်ယာဉ်များအား စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး ကျသင့်ခွန် ကောက်ခံခဲ့သည်မှာ မော်တော်ယာဉ်ပေါင်း (၁၉၄၂၇၆) စီးအထိရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

Ref: Auto World

ယခုနှစ်နယ်ဝယ်လက်များ ကြိုက်သည့် Belta နှင့် Succeed ကားများ

ယခုလတ်တလော ကားပွဲစားတန်းများတွင် Belta နှင့် Succeed ကားများကို နယ်ဝယ်လက်များကြိုက်နှစ်သက်၍ ဝယ်ယူမှုများလာပြီး အများစုမှာ Menual ဂီယာကားများ အများဆုံးဝယ်ယူကြကြောင်း ကားပွဲစားလောကမှ စုံစမ်းသိရှိရသည်။ ယခင်နှစ်နယ်ဝယ်လက်များသည် Hilux Surf, Prado, Probox.5 နှင့် 4WD များ အများဆုံးဝယ်ယူသုံးစွဲကြပြီး မော်ဒယ်လ်(၂ဝဝ၇၊၂ဝဝ၈) များကို အများဆုံးကြိုက်ကြကြောင်း သိရှိရသည်။

Ref: Auto World

Author